စက်သုံးဆီ ပြတ်လပ်မှုကြောင့် ပြည်သူတွေ ဒုက္ခရောက်နေပုံကို ကွက်တိဖော်ပြလိုက်တဲ့ ဓာတ်ပုံ

ယနေ့ အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာတဲ့ ဓာတ်ပုံ တပုံကတော့ စက်သုံးဆီ အရောင်းဆိုင်ကို နွားလှည်းနဲ့ ဆီလာဝယ်နေတဲ့ ပုံ ဖြစ်ပါတယ်။ မြန်မာပြည် အနှံ့ စက်သုံးဆီ ရှားပါးမှုကြောင့် တချို့ဆိုင်များက ပုံးဖြင့် မရောင်းဘဲ ယာဉ်ဖြင့် လာရောက်ဝယ်ယူမှသာ ရောင်းချပေးမယ်လို့ စည်းကမ်းချက် ထုတ်ပြန်ထားပါတယ်။

အဲဒါကြောင့် မီးစက် အသုံးပြုသူများအနေနဲ့ စက်သုံးဆီ ရရှိမှု အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာကြောင့် နွားလှည်းပေါ် မီးစက်တင်ပြီး ကိုယ်တိုင်လာဝယ်တဲ့ ပုံက လူအများကြားမှာ ပြောစမှတ် တွင်သွားခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် နယ်မြို့ကြီးများတွင် စက်သုံးဆီ အမျိုးအစားအချို့ ပြတ်လပ်မှုများဖြစ်ပေါ်နေပြီး ဆီဈေးနှုန်းမှာလည်း ဆက်လက်မြင့်တက်နေကြောင်း သိရပါတယ်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ စက်သုံးဆီဆိုင်အများစုတွင် ဆီအမျိုးအစား လေးမျိုးရောင်းချသော်လည်း ဆိုင်အချို့တွင် ဓာတ်ဆီ Octane 92 Ron ၊ ဓာတ်ဆီ Octane 95 Ron ဆီအမျိုးအအစားနှစ်မျိုး ပြတ်လပ်မှုများဖြစ်ပေါ်လျက်ရှိပြီး စက်သုံးဆီကို လိုသလောက် ဝယ်မရမှုများရှိနေကြောင်း သိရပါတယ်။

“စက်သုံးဆီက လိုသလောက်ဝယ်လို့ မရဘူး။ သူတို့ ရောင်းသလောက်ပဲ ဝယ်လို့ရတယ်။ ကိုယ်က ကျပ် ၃၀၀၀၀ ဖိုးထည့်ချင်တယ်ဆို လို့ရှိရင် ကျပ် ၁၀၀၀၀ ဖိုးပဲရမယ်။ တချို့ဆိုင်တွေဆို ကျပ်၂၀၀၀၀ဖိုးပဲ ရောင်းနိုင်မယ်ဆိုပြီးတော့ ပြောတယ်။ ဝယ်မယ်ဆိုရင်လည်း အကြာကြီး တန်းစီပြီးတော့ ဝယ်နေရတယ်။တချို့ဆိုင်တွေမှာ အောက်တိန်း ၉၂၊ ၉၅ မရတော့ဘူး၊ အဲလိုတွေဖြစ်နေတယ်” ဟု ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မှ တက္ကစီအငှားယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

ပြည်တွင်းတွင် နိုင်ငံရေး အပြောင်းအလဲမဖြစ်ပေါ်ခင် ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် စက်သုံးဆီတစ်လီတာ ကျပ် ၇၀၀ ဝန်းကျင်တွင်သာ ရှိခဲ့သည့် စက်သုံးဆီဈေးမှာ ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းရောက်ရှိလာချိန် တစ်လီတာကျပ် ၂၅၀၀ ဝန်းကျင်အထိ ဈေးမြင့်တက်လာနေကြောင်း သိရပါတယ်။

ဇွန်လတွင်း စက်သုံးဆီဈေး ဆက်လက်မြင့်တက်လာပြီး စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့တွင်မူ စက်သုံးဆီလက်လီ တစ်လီတာဈေး ဒီဇယ် ကျပ် ၂၅၀၀၊ ပရီမီယံ ဒီဇယ်၂၅၂၅ ကျပ်၊ အောက်တိန်း 92 Ron ၂၁၉၅ ကျပ်၊ အောက်တိန်း 95 Ron ကျပ်၂၂၈၀ ဝန်းကျင်ဖြင့် ဈေးဆက်လက် မြင့်တက်နေကြောင်းသိရပါတယ်။

မန္တလေးမြို့တွင် လက်လီဈေး ဒီဇယ်တစ်လီတာ ၂၅၄၅ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၂၅၇၅ ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာလျှင် ကျပ်၂၂၄၀၊ အောက်တိန်း 95 Ron တစ်လီတာ၂၃၂၅ ကျပ်ဝန်းကျင်ဖြင့် ဈေးမြင့်တက်နေကြောင်း သိရပါတယ်။

စက်သုံးဆီအား ပြည်ပနိုင်ငံများမှ နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းရပြီး ဧပြီလတွင်း နိုင်ငံခြားငွေကိုင်ဆောင်ခွင့် ထိန်းချုပ်လိုက်ပြီးနောက် ပြည်ပမှ မှာယူတင်သွင်းသည့် စက်သုံးဆီများအတွက် ငွေပေးချေရန် လုပ်ငန်းရှင်များက ဒေါ်လာဝယ်ယူခွင့်လျှောက်ထားရသော်လည်း ဗဟိုဘဏ်အနေဖြင့် ဒေါ်လာ အလုံအလောက် မရောင်းပေးနိုင်မှုကြောင့် စက်သုံးဆီတင်သွင်းရေး ခက်ခဲနေကြောင်း သိရပါတယ်။

ထို့ပြင် ဗဟိုဘဏ်မှ ဝယ်ယူရသည့်ဒေါ်လာသည် ဈေးကွက်တွင်း လိုအပ်သည့် ပမာဏထက်လျော့ နည်းလာသလို ပြင်ပဈေးကွက်တွင် ဒေါ်လာ မရှိတော့သည့်အခါတွင် စက်သုံးဆီတင်သွင်းမှုအပေါ် ရိုက်ခတ်လာကြောင်း သိရသည်။

တကမ္ဘာလုံး အနေနဲ့ စက်သုံးဆီ မြင့်တက်မှုကို ကြုံတွေ့နေရပြီး မြန်မာနိုင်ငံမှာတော့ နိုင်ငံ့စီးပွားရေး ပြိုလဲမှု၊ ဝင်ငွေနည်းပါးမှုနဲ့ အထွေထွေ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် ပြည်သူတွေအနေနဲ့ ပိုမိုကျပ်တည်းနေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page