မူလပထမ (၅၀၀) ကျပ်တန် ထမင်းဆိုင်ပိုင်ရှင်ရဲ့ ဆန်းကြယ်တဲ့ အိုင်ဒီယာအသစ် (၅၀၀) တန် ဈေးတန်း
ရန်ကုန်မြို့မှာ ပထမဆုံး စတင်ဖွင့်လှစ်ခဲ့တဲ့ ၅၀၀တန် ဇလုံထမင်းဆိုင်မှ ၅၀၀တန် ဈေးတန်းကို တိုးချဲ့ဖွင့်လှစ်ထားပြီဖြစ်ပြီး အမှတ်-၂၅၃၊ မြောက်ဒဂုံမြို့နယ်၊ စုပေါင်းရုံးလမ်း၊ ၃၇ရပ်ကွက်မှာ တည်ရှိတာဖြစ်ပါတယ်။
လတ်တလော အချိန်မှာလည်း နောက်ထပ်ဈေးရုံတစ်ရုံ ထပ်မံဆောက်လုပ်နေပြီး ဒီဇင်ဘာလ တတိယအပတ်ထဲမှာ အားလုံး ပြီးစီးအောင်ဆောက်လုပ်သွားမည်ဖြစ်ကာ ရောင်းချလိုသူတွေကိုလည်း လက်ခံသွားမယ်လို့ သိရပါတယ်။
ဆိုင်လေး တဆိုင် အရင်လာဖွင့်ပြီး နောက်ထပ် စေတနာရှင်များက ထပ်ဖွင့်ကြောင်း၊ အဲဒါကြောင့် ဈေးရုံလေး ဆောက်ပေးတာ ဖြစ်ကြောင်း၊ တည်ဆောက်ရေးတွေ ပြီးသွားရင် ဈေးဆိုင်ခန်းတွေ ထပ်ပြီး လက်ခံပေးသွားမှာ ဖြစ်ကြောင်း မူလပထမ (၅၀၀) ကျပ်တန် ဇလုံထမင်းဆိုင် ပိုင်ရှင် ကိုနေသူရိန်က ပြောပါတယ်။
(၅၀၀) ကျပ်တန် ဈေးတန်းမှာတော့ ထမင်းပေါင်း၊ ကော်ရည်ခေါက်ဆွဲ၊ အသုပ်စုံ၊ အချဉ်ပေါင်း၊ အအေးစုံ၊ မုန့်မျိုးစုံနဲ့ တခြား စားစရာတွေ စုံလင်စွာ ရရှိနိုင်တာ တွေ့ရပါတယ်။
ဈေးရုံဆောက်ပြီးရင်တော့ အခြေခံလူတန်းစားတွေ ပိုသက်သာလာစေဖို့ (၅၀၀) ကျပ်တန် လူသုံးပစ္စည်းတွေကိုလည်း ရောင်းချပေးစေလိုကြောင့် ပြည်သူတဦးက အကြံပြု ပြောကြားသွားပါတယ်။
ပြည်သူကို ပြည်သူကပဲ ကူရမယ့် မြန်မာပြည်မှာ အခြေခံလူတန်းစားတွေအတွက် ဒီလိုမျိုး (၅၀၀) ကျပ်တန် ဆိုင်တွေ ပေါ်လာတာ ကာလဒါနနဲ့ ကိုက်ညီပြီး အလွန် ဝမ်းမြောက် ပီတိဖြစ်ဖို့ ကောင်းတယ်လို့လည်း မှတ်ချက် ပေးသွားကြပါတယ်။