“Mask တပ်ထားစဉ် ဒီလိုတွေမလုပ်ပါနဲ့” – ဒေါက်တာခင်မိုးမိုး
“Mask တပ်ထားစဉ် ဒီလိုတွေမလုပ်ပါနဲ့” – ဒေါက်တာခင်မိုးမိုး
ယခုရက်ပိုင်းအတွင်း စစ်တွေမြို့မှာ Local အချင်းချင်းကူးစက်မှုတွေရှိလာတာကြောင့် Second Wave ဖြစ်မှာကို စိုးရိမ်ကြလို့ Mask ကို မဖြစ်မနေ တပ်ကြရတော့မှာဖြစ်ပါတယ်။ Mask တပ်တာက ကိုဗစ်-၁၉ ရောဂါကို အပြည့်အ၀ မကာကွယ်ကွယ်နိုင်ပေမယ့် သင့်ဘေးပတ်၀န်းကျင်ကသူတွေ(အထူးသဖြင့် အသက်ကြီးသူ၊ နာတာရှည်ရောဂါရှိသူ)အတွက် အန္တရာယ်ကင်းနိုင်ပါတယ်။ လူတိုင်းလူတိုင်းသာ Mask တပ်ကြမယ်ဆိုရင် ကျွန်မတို့အားလုံးဟာ ရောဂါကူးစက်နှုန်းကို လျှော့ချနိုင်မှာဖြစ်ပါတယ်။
Mask တပ်တဲ့အခါမှာ နှာခေါင်းနဲ့ပါးစပ်ကို လုံအောင် အုပ်ထားရပါမယ်။
ဒါပေမဲ့ လူအများစုက စကားပြောစဉ် ဒါမှမဟုတ် အစာစားနေစဉ်မှာ Mask ကို မေးစေ့အောက်မှာ ထားတတ်ကြပါတယ်။ ဒီလိုမေးစေ့အောက်ကိုဆွဲချထားလိုက်တာကြောင့် မေးစေ့နေရာမှာ ကပ်တွယ်နေတဲ့ ရောဂါပိုးတွေက Mask နဲ့အတူ ပါးစပ်ပေါက်နားကို ရောက်ရှိသွားနိုင်ပါတယ်။ ဒါ့အပြင် Mask ကို ခဏခဏ သင့်လက်နဲ့ကိုင်တွယ်ရတဲ့အတွက် လက်ပေါ်က ရောဂါပိုးတွေကလည်း Mask ကတစ်ဆင့် ပါးစပ်၊ နှာခေါင်းတွင်း ရောက်ရှိသွားနိုင်တာကြောင့် ရောဂါကူးစက်မှု ပိုလို့တောင်ဖြစ်ပွားနိုင်ပါတယ်။
ဒါကြောင့် အစာစားမယ်၊ ရေသောက်မယ် ဒါမှမဟုတ် Mask ကို ဖယ်ရှားရမယ့် ဘယ်အပြုအမူမျိုးမဆိုကို ပြုလုပ်ရတော့မယ်ဆိုရင် Mask ကို ဖြုတ်ပြီး အမှိုက်ပုံးထဲ တစ်ခါတည်းသာ ထည့်လိုက်ပါ။ ပြီးမှ Mask အသစ်တစ်ခု ထုတ်သုံးပါ။
(ဒေါက်တာခင်မိုးမိုး)