ကမ္ဘာ့ရေနံဈေးကျ၍ မြန်မာ့စက်သုံးဆီဈေး အနည်းငယ်ကျ (ကျတော့ ဆယ်ဂဏန်း၊ တက်တော့ ရာဂဏန်း)
ကမ္ဘာ့ရေနံစိမ်းစျေးမှာ ယနေ့တွင် တစ်စည်လျှင် ဒေါ်လာ (၁၀၀) အောက်ရုတ်တရတ် ကျဆင်းသွားပြီး ပြည်တွင်း စက်သုံးဆီစျေးနှုန်းမှာ သိသိသာသာပြောင်း လဲမှုမရှိသေးကြောင်း စျေးကွက်အတွင်းမှ သိရပါတယ်။
ဇူလိုင်လ ၇ ရက်နေ့၏ ရေနံစိမ်းစျေးမှာ တစ်စည်လျှင်(၉၉) ဒေါ်လာပေါက်စျေးရှိပြီး ယမန်နေ့ကထက် တစ်စည် လျှင် (၁၁) ဒေါ်လာခန့်ကျဆင်းလာခြင်းဖြစ်ပါတယ်။ ယခုပေါက်စျေးမှာ (၁၀) လအတွင်း ရေနံစိမ်းစျေး ဒေါ်လာ (၁၀၀) အောက်ပြန်လည်ရောက်ရှိခဲ့ခြင်းလည်းဖြစ် ကြောင်း စျေးကွက်မှတ်တမ်းများအရ သိရပါတယ်။
“ကမ္ဘာ့စျေးထိုးကျတော့ ပြည်တွင်းမှာလည်း ဒီရက်ပိုင်းစျေးကျလာဖို့များတယ်။ ကမ္ဘာ့စျေးနဲ့အပြိုင်ချဖို့တော့ မလွယ်ဘူး” ဟု စက်သုံးဆီရောင်းဝယ်ရေး စျေးကွက်ကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။ ထိုသို့ ကမ္ဘာရေနံစိမ်းစျေး သိသာစွာကျဆင်းသော်လည်း ပြည်တွင်းစက်သုံးဆီစျေးမှာ တစ်လီတာလျှင် ကျပ် ၂၀၀၀ ဝန်းကျင်မှာ ဆက်လက်တည်ရှိနေပါတယ်။
ဇူလိုင် ၇ ရက်နေ့ ရန်ကုန်လက်လီစျေးကွက်အတွင်း ရည်ညွှန်းစျေးအနေနဲ့ 92 Ron တစ်လီတာကို ငွေကျပ် ၁၈၃၅ ကျပ် ၊ 95 Ron တစ်လီတာကို ၁၉၅၅ ကျပ်နဲ့ဒီဇယ်တစ်လီတာကို ၂၁၉၅ ကျပ် ထုတ်ပြန်ထားပြီး မန္တလေးစျေးကွက်တွင် 92 Ron တစ်လီတာကို ၁၈၈၀ ကျပ်၊ 95 Ron တစ်လီတာကို ကျပ် ၂၀၀၀ နဲ့ ဒီဇယ်တစ်လီတာကို ငွေကျပ် ၂၂၄၀ မှာရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ဇူလိုင် ၁ရက်နေ့က စက်သုံးဆီရည်ညွှန်းစျေးတွေဟာ ကျပ် ၂၀၀၀ အထက်မှာရှိခဲ့တာဖြစ်ပြီး တစ်ပတ်အတွင်း 92 Ron တစ်လီတာကို ငွေကျပ် ၃၀၀ ကျပ် ၊ 95 Ron တစ်လီတာကို ၂၇၀ ကျပ်နဲ့ဒီဇယ်တစ်လီတာကို ကျပ် ၂၀၀ ကျော် ကျဆင်းလာခဲ့ပါတယ်။
ပြည်တွင်းစက်သုံးဆီစျေးတွေကို စာရွက်ပေါ်မှာပဲ တဖြည်းဖြည်းစျေးကျလာတာမျိုးမဟုတ်ဘဲ မြေပြင်မှာပါ စျေးနှုန်းကျဆင်းဖို့လုပ်ဆောင်သင့်ပြီး လက်ရှိစျေးကွက်ထဲကျပ် ၂၀၀၀ အထက်မှာပဲရှိနေတာဖြစ်ကာ စက်သုံးဆီစျေးနှုန်းကျဆင်းဖို့ စျေးကွက်ထိန်းညှိပေးဖို့ လိုအပ်နေတယ်လို့ စက်သုံးဆီဝယ်ယူသူတွေကပြောပါတယ်။
လက်ရှိ စျေးကွက်အတွင်း စက်သုံးဆီကို လိုသလောက်ဝယ်လို့မရတာ စျေးကြီးပေးဝယ်ရတာတွေဟာ ဆက်လက်ရှိနေဆဲဖြစ်တာကြောင့် ရန်ကုန်မှာရှိတဲ့စက်မှုဇုန်လုပ်ငန်းတွေ အခက်အခဲများစွာရှိနေတယ်လို့ စက်မှုဇုန်တာဝန်ရှိသူတွေကပြောကြားထားပါတယ်။