ကားဟောင်းတွေကို ကမ္ဘာ့ဈေးအကြီးဆုံး ပေးဝယ်ရတဲ့ လွန်ခဲ့တဲ့ နှစ်၂၀ ခေတ်ကို ပြန်ရောက်တော့မှာလား

ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်တဲ့ SKD ကားစက်ရုံတွေထဲက ရန်ကုန်မြို့ သီလဝါမှာထုတ်လုပ်နေတဲ့ စက်ရုံတစ်ခုဟာ ယာယီပိတ်လိုက်တယ်လို့ သတင်းတွေထွက်ပေါ်ပြီးနောက် ကားပွဲစားအချို့ဟာ လက်ရှိမြင့်တက်နေတဲ့ ကားစျေးနှုန်း တွေကို ဆက်လက်ဆွဲတင် စျေးကစားဖို့ ပြင်ဆင်လာကြတယ်လို့ ရန်ကုန်မြို့ကားရောင်းဝယ်ရေးစျေးကွက်အတွင်းမှ သိရပါတယ်။

“လေလံကားကိစ္စတွေဘာတွေပဲပြောပြော သီလဝါက SKD စက်ရုံပိတ်သွားတဲ့ဟာက စျေးကွက်ကို အထိုက်အလျောက်တော့ ရိုက်ခတ်လာနိုင်မှာပဲ၊ အခုသွင်းခွင့်တွေလည်း ပိတ်ထားတာ ပြန်မဖွင့်သေးတာရယ်၊ စျေးကွက်လိုအပ်ချက်ကို ပြန်မဖြည့် ပေးနိုင်တဲ့ အခြေအနေတွေကြောင့် နှစ် ၂၀ကျော်လောက်စီးထားပြီးတဲ့ ကားဟောင်းကို စျေးကြီးပေးရတဲ့ ၂၀၁၀ အရှေ့ပိုင်းက ကားစျေးနှုန်း အခြေအနေကို ရောက်သွားမှာစိုးရိမ်မိတယ်” လို့လည်း ဝယ်ရောင်းတစ်ဦးက ပြောပြပါတယ်။

လိုင်စင်မဲ့ ဖမ်းဆီးထားတဲ့ကားတွေကို လေလံပြန်ရောင်းမယ့်သတင်းတွေ ထွက်ပေါ်ပြီးတဲ့နောက်မှာ တက်စျေးမျှော်ပြီး လက်ထဲ ဝယ်အောင်းထားတဲ့ ကားဝယ်ရောင်းတွေဟာ စျေးအမြင့်ပိုင်းနဲ့ပင် စျေးကွက်အခြေအနေစောင့်ကြည့်နေရင်း လက်ထဲက ကားတွေကို ပြန်ထုတ်ရောင်းတာတွေ အများအပြားရှိလာပေမယ့် SKD ကားစက်ရုံအချို့ ယာယီရပ်ဆိုင်းလိုက်တဲ့ သတင်းတွေ ထွက်ပေါ်ပြီးတဲ့နောက်မှာ ပြန်ထုတ်ရောင်းတာတွေ မရှိတော့ဘဲ ရပ်တန့်သွားခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော့်အမြင်ကတော့ ကားစျေးမကျတော့ပါဘူး၊ ထပ်တက်ဦးမှာပါ၊ ဟိုးအရင်ခေတ်ကလို ဖင်ကောက် အစုတ်အပဲ့ တစ်စီးကို သိန်း ၅၀၀ လောက်အထိ စျေးပေးဝယ်ရမယ့်အခြေအနေမျိုးဖြစ်လာတာ၊ လက်ထဲကားရှိနေရင် မရောင်းပါနဲ့၊ ကားမရှိရင် ကားကောင်းလိုက်ဝယ်ထားပါ”လို့လည်း ဝါရင့်ဝယ်ရောင်းတစ်ဦးဖြစ်သူ ကိုကျော်ဝင်းက သုံးသပ်ခဲ့ပါတယ်။

အဲ့ဒီလို SKD စက်ရုံအချို့ယာယီပိတ်တာဟာ အဆိုပါစက်ရုံကနေ ထုတ်ထားတဲ့ကားတွေကို ဝယ်ထားတဲ့သူတွေအဖို့ အပိုပစ္စည်းများစျေးမြင့်တက်မှာကိုစိုးရိမ်စရာဖြစ်လာကြောင်း၊ လက်ရှိမှာ အပိုပစ္စည်းတွေအနက် Ertiga Skirt ပတ်လည်ကို တပ်ဆင်ရာမှာ မြ၀တီနယ်စပ်မှာ ဘတ် ၁၀၀၀၀ လောက်ဖြင့် အရည်အသွေးကောင်းကောင်းရသော်လည်း ပြည်တွင်းမှာ ကျပ် ၁၂ သိန်းကျော်ဖြင့် စျေးခေါ်တာတွေရှိနေကြောင်း၊

SKD ထုတ်လုပ်ထားသော swift ကားမီးခွက်တစ်ဘက်ကို ကျပ် ၈ သိန်းခွဲဖြင့်လည်းကောင်း၊ Carry အင်ဂျင်ကို Fit ထက်မြင့်တဲ့နှုန်းဖြစ်သော ကျပ်သိန်း ၄၀ လောက်အထိ ဖြစ်လာကြောင်း၊ ပြည်တွင်းမှာ တိုးတက်မှုရှိစေရန်အတွက် SKD စက်ရုံများမှာ ရေရှည်တွင် CKD စနစ်ကို ပြောင်းလဲလုပ်ကိုင်ကြရမှာ ဖြစ်ပြီး CKD ဖြင့်ထုတ်လုပ်မှုပြောင်းလဲလာအောင် အစိုးရပိုင်းကပံ့ပိုးကူညီတဲ့အနေနဲ့ အခွန်သက်သာခွင့်များပေးမယ်လို့ ကြေညာခဲ့တာတွေကိုလည်း ၂၀၁၉ ခုနှစ်ထဲမှာ လုပ်ဆောင်ထားပါတယ်။

“ကားထုတ်တဲ့စက်ရုံယာယီပိတ်တယ်ဆိုတော့ ကားတွေဈေးတက်ရောင်းမယ်ဆိုပြီး ဝမ်းသားအားရတွေးနေကြပုံပဲ၊ အဲ့ဒီစက်ရုံက ကိုဗစ်တုန်းကလဲ ထုတ်တဲ့ကားတွေ ကညနဝင်မရတော့ ကားထားစရာနေရာမရှိလို့ ယာယီပိတ်ခဲ့သေးတာ အခုဘာထူးဆန်းလို့တုန်း၊ ယာယီပိတ်တယ်ပြောတာ ကံကောင်းတယ်တွေးပါ၊ အပြီးသာပိတ်သွားရင် အဲ့စက်ရုံက ထုတ်ထားတဲ့ကားတွေ အပိုပစ္စည်းဝယ်မရ၊ မျိုးဆက်မော်ဒယ်အသစ်လဲထပ်မထွက်တော့တဲ့ ကားတွေကို ဘယ်သူကရော ဝယ်စီးတော့မှာလဲ၊ စက်ရုံပိတ်ရင် အဲ့စက်ရုံကထုတ်တဲ့ကားတွေ ဝယ်သူမရှိဖြစ်သွားနိုင်တယ် ဆိုတာကိုတော့ မတွေးကြဘူး၊ တကယ်က အဲ့စက်ရုံက နေ့တစ်ပိုင်းလောက် ယာယီအပိတ်ပြတာဖြစ်ရင်ရော၊ အခုဆို အဲ့စက်ရုံက ဒေါ်လာ အထူးခံစားခွင့်ထဲတောင်ပါနေပြီ၊ အခုမှ အိမ်ပြန်မယ်ဆိုတော့ ဘယ်ဖြစ်နိုင်မှာတုန်း”လို့လည်း ဝါရင့်ဝယ်ရောင်း တစ်ဦးက သုံးသပ်ပြောကြားခဲ့ပါတယ်။

လက်ရှိအခြေအနေအရ ပြည်တွင်းကားစျေးကွက်ကို ၂၀၁၀ အရှေ့ပိုင်းကလို စျေးနှုန်းတွေ ပြန်ရောက်ဖို့မှန်းထားကြပေမဲ့ ၂၀၁၂-၁၃ ခုနှစ်ဝန်းကျင်လောက်ကလည်း ယင်းကဲ့သို့ခန့်မှန်းခဲ့ဖူးပေမယ့် မူဝါဒအပြောင်းအလဲတွေနဲ့အတူ နေ့ချင်းညချင်း ကားစျေးနှုန်းများ ထိုးကျခဲ့တာကြောင့် တက်စျေးမျှော်ကာ လက်ထဲအောင်းထားကြတဲ့ ဝါရင့်ဝယ်ရောင်းကြီးများပင်လျှင် ဘ၀ပျက်လောက်တဲ့အထိ ဆုံးရှုံးမှုကြုံခဲ့ဖူးကြောင်း သိရသည်။

“အရင်တုန်းကလည်း ဆရာကျတယ်ဆိုတဲ့ကောင်တွေ တော်တော်လေးလန်ကုန်တာ၊ အဲ့ဒီတုန်းက အစ်ကိုတို့ ဒီဟံသာ၀တီကားဝိုင်းထဲမှာ ဆရာကြီးတွေတော်တော်များများထိတာပဲ၊ လက်ထဲစီးရေများများကိုင်ထားရင် များများရှုံးခဲ့တာ၊ အခုတော့ အရင်လိုမကိုင်ထားရဲတော့ဘူး၊ ကိုယ့်စီးဖို့တစ်စီးတလေလောက်ပဲကိုင်ထားရတယ်”လို့လည်း ဝယ်ရောင်း တစ်ဦး ဖြစ်တဲ့ ကိုမြင့်စိုးက ရှင်းပြခဲ့ပါတယ်။

ကားဝယ်ရောင်းလောကမှာ လက်ထဲ နှစ်စီး၊ သုံးစီးလောက်သာ ကိုင်ထားတဲ့ ဝယ်ရောင်းများမှာပင် နေ့ချင်းညချင်း ကျပ်သိန်းရာချီရှုံးခဲ့ဖူးတာကြောင့် လက်ရှိမှာ ကားစျေးကွက်အခြေအနေဟာ ကြိုးတန်းပေါ်လမ်းလျှောက် နေရသလို ဖြစ်နေတယ်လို့ ဝယ်ရောင်းအများစုက ဆိုထားကြပါတယ်။

သူများနိုင်ငံတွေက လျှပ်စစ်ကားတွေ အပြိုင်အဆိုင်ထုတ်ပြီး ဈေးကွက်လုနေချိန်မှာ မြန်မာပြည်မှာတော့ ကားအဟောင်းတစီးကို သိန်း ၁၀၀၀ ပေးပြီး ဝယ်စီးရမယ့် ခေတ်ပြန်ရောက်တော့မယ်လို့လည်း ကားလောကနဲ့ နီးစပ်သူတဦးက မှတ်ချက်ချပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page