အရင်အစိုးရရဲ့ မူဝါဒအမှားကြောင့် စီးပွားရေးကျဆင်းနေရတာဟု ဆီပြတ် မီးပြတ် စကစမှပြော
ပြည်တွင်း၊ ပြည်ပ ကြွေးမြီလက်ကျန်တွေ တစ်နှစ်ထက်တစ်နှစ် တိုးမြင့်လာတာကြောင့် ရေရှည်မှာ ကြွေးမြီခံနိုင်ရည်ရှိမှုကို သုံးသပ်တွက်ချက် ဆောက်ရွက်ဖို့ လိုအပ်မှာ ဖြစ်တယ်လို့ စကစ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ (ဇူလိုင် ၁ ရက်) ပြုလုပ်နေတဲ့ သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။
“ကျွန်တော်တို့အစိုးရအနေနဲ့တော့ ချေးငွေတွေနဲ့ ပတ်သက်ပြီး နှစ်စဉ် အတိုး၊ အရင်း ဒေါ်လာသန်း ၇၀၀ လောက် ပေးဆပ်နေရပါတယ်” လို့ သူက ဆိုပါတယ်။
ပြည်တွင်း၊ ပြည်ပ ချေးငွေရယူမှုအနေနဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အထိ ပြည်တွင်းချေးငွေ ကျပ်ဘီလီယံ ၁၆၀၀၀ ကျော်နဲ့ ပြည်ပချေးငွေပေါင်း ကျပ်ဘီလီယံ ၅၀၀၀ ကျော်အထိ ရှိခဲ့တယ်လို့ ယင်းက ဆိုပါတယ်။ ‘‘၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ ပြည်တွင်းကြွေးမီလက်ကျန်က တစ်နှစ်ထက်တစ်နှစ် ပိုမိုလာလျက်ရှိကြောင်း တွေ့ရှိရပါတယ်’’လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ဒီလို ပိုမိုလာရခြင်းက နှစ်စဉ် ပြည်ထောင်စုဘတ်ဂျတ်မှာ လိုငွေတွေ တိုးတက်ဖြစ်လာတာကြောင့်ဖြစ်ပြီး နှစ်အလိုက် ရငွေ၊ သုံးငွေ၊ လိုငွေ၊ ပိုငွေတွေကလည်း နှစ်စဉ်လိုငွေဖြစ်ခဲ့တဲ့အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ လိုငွေအများဆုံး ဖြစ်ခဲ့တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
“လိုငွေတွေကို အစိုးရငွေတိုက်လက်မှတ်တွေ၊ အစိုးရငွေတိုက်စာချုပ်တွေ ရောင်းချဖြည့်ဆည်းခြင်း၊ မြန်မာနိုင်ငံဗဟိုဘဏ်က ငွေချေးယူခြင်းတို့နဲ့ ဆက်လက်ဆောင်ရွက်ခဲ့တာကို တွေ့ရတယ်” လို့ ၎င်းက ဆက်ပြောထားပါတယ်။ ဒါ့အပြင် စီးပွားရေးအခြေအနေနဲ့ GDP တိုးတက်မှုနှုန်းကလည်း ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်လောက်အထိ တိုးတက်ခဲ့ပေမယ့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာတော့ ထက်ဝက်ခန့် ကျဆင်းသွားခဲ့တယ်လို့ ဆိုထားပါတယ်။
“ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းက ခေတ်အဆက်ဆက်မှာ ပြည်တွင်းထုတ်ကုန်များနဲ့ ပြည်တွင်းစီးပွားရေးကို အားမပေးပဲနဲ့ သွင်းကုန်တွေကိုသာ အဓိကထားခဲ့တဲ့ မူဝါဒအမှားကြောင့် စီးပွားရေးကျဆင်းရတာ” လို့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။
ကလေးတွေ စားတဲ့ ဝေဖာနဲ့ လက်ချုပ်အပ်တောင် မထုတ်နိုင်တဲ့ မြန်မာပြည်အနေနဲ့ နိုင်ငံခြား သွင်းကုန်ကို မမှီခိုလို့ ဘာကို မှီခိုရမှာလဲလို့ စီးပွားရေး ပညာရှင်တဦးက ထောက်ပြလိုက်ပါတယ်။ ယခင်စက်မှု(၁) ဦးအောင်သောင်းရှိစဉ်က ပြည်တွင်းထုတ်ကုန်လို့ နာမည်တပ်ပြီး စက်ရုံတွေ အများကြီးဆောက်၊ အားလုံး အရှုံးပေါ်၊ သူကတော့ ချမ်းသာသွားတဲ့ လမ်းစဉ်နဲ့ ပြည်တွင်းထုတ်ကုန်တွေ ထုတ်မှာလားလို့လည်း မေးခွန်းထုတ်သွားပါတယ်။