မြန်မာပြည် ငလျင်နဲ့ ပတ်သက်ပြီး ကွက်တိမှန်ခဲ့တဲ့ မိုးလေဝသပညာရှင်ကြီး ဦးထွန်းလွင်ရဲ့ ခန့်မှန်းချက်
ဆက်တိုက်လှုပ်နေတဲ့ ငလျင်တွေနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ (၄) နှစ်က မိုးလေဝသ ပညာရှင်ကြီး ဦးထွန်းလွင် ရေးသားခဲ့တဲ့ ငလျင်အကြောင်းကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်
မြေငလျင်နဲ့ပတ်သက်လို့ မြေငလျင်ငယ်တွေ များများလှုပ်လေ မြေငလျင်ကြီးတွေ လှုပ်ရှားဖို့နည်းလေ ဖြစ်ပါတယ်။ ၁၅-၁-၂၀၁၈ ည (၉း၅၀) နာရီ။
မြန်မာနိုင်ငံမှာ လက်ရှိလူပြောများနေသော ကိစ္စမှာ မြေငလျင်ငယ်များမကြာမကြာ လှုပ်နေတဲ့အတွက် မကြာမီ ငလျင်ကြီးတစ်ခု လှုပ်တော့မယ်ဆိုတာကို တွေးကြောက်နေကြတာဖြစ်ပါတယ်။ မြေငလျင်ကို ကြိုတင်ခန့်မှန်းနိုင်တဲ့အရာ မဟုတ်ဘူးဆိုတာကို ပညာရှင်အများလက်ခံထားကြပါတယ်။ တိတိကျကျ နီးနီးစပ်စပ် ကြိုတင်ခန့်မှန်းနှိုင်မှု အနည်းဆုံးသော ဘာသာရပ်လည်းဖြစ်ပါတယ်။
ဒါကြောင့်တိတိကျကျ မပြောနိုင်ကြသော်လည်း လေ့လာထားခဲ့သမျှအထောက်အထားအရ ပြောရပါက မြေငလျင်ငယ်များ များများလှုပ်လေ အင်အားပြင်းထန်တဲ့မြေငလျင်ကြီးတွေ လှုပ်ဖို့အလားအလာနည်းပါးလေဆိုတာကို ဌာနတွင်ရှိစဉ်က ဂျပန်နိုင်ငံသို့ ပညာသင်သွားခဲ့သော တပည့်တစ်ဦးအား ကျွန်တော်လေ့လာမှုတစ်ခုပြုလုပ်ခဲ့ရန် တာဝန်ပေးချက်အရ မြေငလျင်တစ်ခု၏ အင်အား (Intensity) နဲ့ မြေငလျင်လှုပ်ရှားမှုအကြိမ်ပေါင်း (Frequency) တို့ ဆက်စပ်မှုရှိနေကြောင်း ခိုင်မာတဲ့တွေ့ရှိချက်တစ်ခု ရရှိခဲ့ပါတယ်။
အဆိုပါ အင်အား နဲ့ အကြိမ်ပေါင်း ဆက်စပ်မှုအရ မြေငလျင်အကြိမ်များများလှုပ်ရှားလေ အင်အား 4- 6 အတွင်း ငလျင်များသာ အလှုပ်များခဲ့ပြီး၊ အင်အားပြင်းထန်သော မြေငလျင်ကြီးတွေ လှုပ်ရှားမှုနည်းပါးကြောင်းတွေ့ရပါတယ်။ တစ်ကြိမ်နှစ်ကြိမ်တော့ ပြင်းအား 6 နဲ့ 7 ကြားအင်အားရှိတဲ့ မြေငလျင် (၂) (၃) ကြိမ် လှုပ်ခဲ့တာတော့ ချွင်းချက်ရှိပါတယ်။ ဒါပေမယ့် ငလျင်ငယ်တွေလှုပ်တာများတိုင်း အင်အားကြီးတဲ့ငလျင်တွေ မလှုပ်တတ်ပါ။
မြေငလျင်လှုပ်ရှားမှု အကြိမ်နည်းပါးသော ကာလများတွင်မူ မြေငလျင်ငယ်များလှုပ်ရှားမှု မရှိသလောက်နည်းသွားပြီး၊ အင်အား 6-8 အထိ ပြင်းအားရှိတဲ့ မြေငလျင်ကြီးတွေလှုပ်ရှားခဲ့ကြောင်း တွေ့ရပါတယ်။ ဒါဟာလက်တွေ့လေ့လာမှုတစ်ခုရဲ့တွေ့ရှိချက်ဖြစ်တဲ့အတွက် လက်ရှိမြေငလျင်ငယ်များဆက်တိုက်လှုပ်ရှားနေမှုအပေါ် လွန်ကဲသော စိုးရိမ်မှုများမရှိသင့်ပဲ လိုအပ်တဲ့အသိ နဲ့ ကြိုတင်ပြင်ဆင်မှုများသာ လုပ်ဆောင်ဖို့အရေးကြီးပါတယ်။
မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့မြေငလျင်များလှုပ်ဖို့ အလားအလာများလာနေတာကို ပညာရှင်အများက ထောက်ပြနေကြပါတယ်။ ဒါကိုတော့ သတိကြီးစွာထားကြပြီး မြေငလျင်ကြောင့် အသက်အန္တရာယ်ကျရောက်မှုမှာ မြေငလျင်ကြောင့်မဟုတ်ပဲ၊ အဆောက်အဦများပြိုကျမှုကြောင့်ဖြစ်ကြရကြောင်းကို သတိထားပြီး၊ မိမိနေထိုင်ရာအဆောက်အဦရဲ့ခိုင်ခံ့မှု၊ မိမိနေထိုင်ရာဒေသရဲ့ အန္တရာယ်ကျရောက်နိုင်မှုအနေအထား၊ မြေငလျင်လှုပ်ရှားစဉ် ဆောင်ရန်ရှောင်ရန်အသိများကို လေ့လာထားသင့်ပါကြောင်း တိုက်တွန်းလိုက်ပါတယ်။ (ဦးထွန်းလွင်)