စက်သုံးဆီဈေး ပြန်ကျပေမယ့် လိုသလောက် ဝယ်မရသေး (ဆီပြတ်ဇာတ်လမ်း ပြန်စဦးမှာလား)

ဇူလိုင် ပထမအပတ်အတွင်း ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း ပြန်လည် ကျဆင်းလာတာကြောင့် ပြည်တွင်း စက်သုံးဆီဈေးကွက်မှာ ဓာတ်ဆီ တစ်လီတာ ကျပ် ၂၀၀၀ အောက် ပြန်လည် ရောက်ရှိလာတယ်လို့ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တွေထံက သိရပါတယ်။

ကမ္ဘာ့ ရေနံစိမ်းဈေးနှုန်းဟာ ရုရှားနဲ့ ယူကရိန်း ဂယက်ကြောင့် တစ်စည်ကို ဒေါ်လာ ၁၂၀ ကျော်ထိ မြင့်တက်ခဲ့ရာကနေ ဇူလိုင် ပထမအပတ်အတွင်းမှာတော့ တစ်စည်ကို ဒေါ်လာ ၁၀၀ အောက် ဈေးနှုန်း ပြန်လည် ကျဆင်းခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း ပြန်လည် ကျဆင်းလာတာကြောင့် ပြည်တွင်း စက်သုံးဆီဈေးကွက်မှာ ဓာတ်ဆီ ၉၂ တစ်လီတာကို ကျပ် ၁၈၈၀ ထိ ဈေးနှုန်း ကျဆင်းလာသလို ဓာတ်ဆီ ၉၅ တစ်လီတာကိုလည်း ကျပ် ၂၀၁၀ ထိ ဈေးနှုန်း ကျဆင်းလာခဲ့တာ ဖြစ်ပါတယ်။ ယနေ့ ထုတ်ပြန်တဲ့ ဈေးနှုန်းတွေမှာလည်း စက်သုံးဆီ ဈေးတွေ ထပ်မံကျဆင်းသွားတာကို တွေ့ရပါတယ်။

စက်သုံးဆီ ဈေးနှုန်း ကျဆင်းနေပေမယ့် လိုသလောက် ဝယ်ယူလို့ မရသေးတဲ့အတွက် အခက်ကြုံနေရပါတယ်။ ယာယီအရောင်းပိတ်ထားတဲ့ စက်သုံးဆီဆိုင်တွေကိုလည်း ပိတ်သိမ်းတဲ့အထိ အရေးယူသွားမယ်လို့ စကစဖက်က ခြိမ်းခြောက်ထားပါတယ်။

“ဟိုအရင်လိုတော့ ပေါပေါသီသီ ဝယ်လို့ မရသေးဘူးပေါ့၊ မရသေးဘူး ခွဲတမ်း တင်ရတာပေါ့လေ၊ ခွဲတမ်း တင်တဲ့ နေရာမှာ သူကတော့ ရှင်းရှင်းပြောရင် လစ်မစ်နဲ့ပေါ့၊ ကိုယ် (၄)သောင်း တင်လို့ ကိုယ့်ရဲ့ နဂို သူတို့ကို တင်ပြထားတဲ့ လစ်မစ်တွေပါ့နော်၊ စာရင်း အရ လက်ရှိ အနေအထားကို သီလဝါကနေ ခွဲတမ်း ပြန်ချပေးရင် တစ်ခါတလေလည်း အပြည့်နီးပါး ရတယ်၊ တစ်ခါတလေလည်း လျော့ပြီး ရတာပေါ့ ခွဲတမ်းတွေကလေ၊ အကယ်လို့ အဲ့ဒီဆိုင်မှာ ဆီလုံလုံလောက်လောက် မရှိရင် သူတို့ရဲ့ အတွင်းရုံးကို ပြန်တင်ပြ၊ တင်ပြပြီးလို့ ရှိရင် အတွင်းရုံးက ပြန်စီစဉ် ပေးတာပေါ့၊ အခုကတော့ ဘယ်လိုပြောမလည်း ဆိုတော့ ဆီဆိုင်ကို သူတို့ ခွဲတမ်း ပေးလို့ ခွဲတမ်း မထုတ်ဘဲနဲ့ အဲ့လို ဆီဆိုင် ပိတ်ထားတာတို့ ရပ်နား ထားတာတို့ဆို ပိတ်သိမ်းတဲ့ထိ အရေးယူမယ်၊ အဲ့လိုမျိုး အမိန့်တွေက ထွက်ထားတယ်”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စကစက စက်သုံးဆီ ဈေးကွက်ကို ထိန်းချုပ်ထားတာကြောင့် နေ့စဉ်နဲ့ အမျှ ဈေးနှုန်း ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေပြီး အရင် မှာယူထားတဲ့ စက်သုံးဆီ မရောက်ခင်မှာဘဲ ဈေးနှုန်း ပြန်လည် ကျဆင်းလာတဲ့ အတွက် အရှုံးနဲ့ ရင်ဆိုင် နေရတယ်လို့ စက်သုံးဆီ လုပ်ငန်းရှင်တွေက ဆိုကြပါတယ်။

စက်သုံးဆီ ဈေးနှုန်းတွေဟာ ကမ္ဘာ့ ရေနံဈေးကွက် အပေါ် အခြေခံတာ ဖြစ်ပေမယ့် ပြည်တွင်းမှာ ဒေါ်လာ ဝယ်ယူဖို့ ကန့်သတ်ချက်တွေ ရှိနေတာကြောင့် ဈေးကွက် မတည်ငြိမ်မှုတွေ ဖြစ်ပေါ်နေသလို လိုသလောက် ဝယ်ယူလို့ မရတဲ့ အခြေအနေနဲ့ ဆက်လက် ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ စက်သုံးဆီဈေးနှုန်းဟာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်း တစ်လီတာကို ကျပ် ၂၇၀၀ ကျော်ထိ စံချိန်တင် ဈေးနှုန်း မြင့်တက်ခဲ့တာပါ။

စက်သုံးဆီ ဈေးနှုန်းများ အဆမတန် မြင့်တက်မှုတွေကြောင့် ကုန်ဈေးနှုန်းများလည်း ထပ်မံမြင့်တက်ခဲ့တာကြောင့် မြန်မာပြည်သူတွေအနေနဲ့ စားဝတ်နေရေး ကျပ်တည်းမှုတွေ ဖြစ်ပါ်နေပါတယ်။ အခုလို စက်သုံးဆီဈေးကျတာဟာ အများကြီး တက်ချင်လို့ အကျပြတာ ဖြစ်ကြောင်း၊ ကားဈေးတက် စက်သုံးဆီဈေးတွေလည်း တက်နေတဲ့ အချိန်မှာ ဘာမှ လုပ်စားလို့ မရတော့ကြောင့် ယာဉ်မောင်းတဦးက ပြောပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page