စက်သုံးဆီ ဈေးနှုန်းကြီးမြင့်မှုကြောင့် အဝေးပြေးကားခများ ၅၀% တက်သွား၊ ယာဉ်လိုင်းတချို့ ရပ်နား

စက်သုံးဆီစျေး ကြီးမြင့်လာသည့်အတွက်ကြောင့်ဟုဆိုကာ အဝေးပြေးယာဉ်လိုင်းအများစု ယာဉ်စီးခအား ထပ်မံ တိုးမြင့်လိုက်ကြောင်း ယာဉ်လိုင်းတချို့ထံမှ သိရပါတယ်။

ယခုရက်ပိုင်းအတွင်း ဒီဇယ်ဆီစျေးနှုန်းမှာ တစ်လီတာလျင် ကျပ် ၂၅၀၀ ဝန်း ကျင်ရောက်ရှိလာခြင်းကြောင့် ယာဉ်စီးခကိုလည်း ချိန်ဆပြောင်းလဲသတ်မှတ်မှုများ ပြုလုပ်ထားရသည်ဟု ယာဉ်လိုင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“မိုးတွင်းကာလ ဖြစ်နေတော့ကုန်ရော၊ ခရီးသွားရော ပါးတယ်။ ဆီစျေးကလည်း တက်နေတော့ နဂိုစျေးနှုန်း အတိုင်း ဆွဲလို့က မကိုက်တော့ဘူး။ အဲဒါကြောင့် ခရီးအကွာအဝေးအလိုက် နဂိုထက် ငါးထောင်၊ တစ်သောင်းတိုး ယူနေကြရတယ်”ဟု ၎င်းက ထပ်မံပြောပါတယ်။

ထိုသို့ စက်သုံးဆီစျေးကြီးမြင့်လာ၍ ယာဉ်လိုင်းတချို့မှာ ကားစီးရေ လျော့ချပြေးဆွဲမှုများလည်း ပြုလုပ်နေရသည် ဟု ရန်ကုန်မှ ပခုက္ကူသို့ ပြေးဆွဲနေသည့်ယာဉ်လိုင်းပိုင်ရှင်တစ်ဦးကလည်း ဆိုပါတယ်။ လက်ရှိ အဝေးပြေးယာဉ်လိုင်းများသည် သက်ဆိုင်ရာဌာနက သတ်မှတ်ထားသည့်ယာဉ်စီးခနှုန်းဖြင့် မပြေးဆွဲနိုင်ဘဲ အခြေအနေအပေါ် မူတည်၍ စျေးသတ် မှတ်ပြေးဆွဲမှုများ ပြုလုပ်နေခြင်းဖြစ်ပါတယ်။

“ကားခတွေက တစ်ခေါက်နဲ့ တစ်ခေါက်စျေးမမှန်ဘူး။ သင်္ကြန်ပြီးတော့ စျေးပြန်ကျတယ်။ ဒီရက်ပိုင်းစျေးပြန် တက်သွားတယ်။ ခရီးတစ်ခါထွက်ဖို့က မလွယ်ဘူး” ဟု ခရီးသည်တစ်ဦးကလည်း မှတ်ချက်ပြု ပြောပါတယ်။

လက်ရှိတွင် ရန်ကုန်မြို့မှ အဝေးပြေးကားစီးရေ ၆၀၀ ခန့် နေ့စဉ်ပြေးဆွဲနေပြီး ခရီးသည် ၈၀၀၀ နှင့် ၁၀၀၀၀ ကြား စီးနင်းမှုများရှိနေကြောင်း ပို့ဆောင်ရေးမှတ်တမ်းများအရ သိရပါတယ်။

လက်ရှိအချိန်တွင် အဝေးပြေးယာဉ်စီးခများ ၅၀ ရာခိုင်နှုန်း တက်နေပြီး တချို့ ယာဉ်လိုင်းများကတော့ ပြေးဆွဲလို့ ဘယ်လိုမှ အဆင်မပြေတာကြောင့် ရပ်နားထားရတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page