ရန်ကုန်မှာ ဆိုင်ကယ်တွေ လုံးဝပေးစီးစရာမလိုဘဲ သွားလာရေး လွယ်ကူစေမယ့် နည်းလမ်း (၂) ခု

ရန်ကုန်မှာ ဆိုင်ကယ်တွေ လုံးဝပေးစီးစရာမလိုဘဲ သွားလာရေး လွယ်ကူစေမယ့် နည်းလမ်း (၂) ခု

မြို့ပြင်ဘတ်စ်ကားမရောက်တဲ့နေရာတွေမှာ ဘာတွေလုပ်ပေးဘို့လိုမှာလဲ။ မော်တော်ဆိုင်ကယ် မလိုပါ။

မြို့တွင်း ဘတ်စ်ကားစံနစ်တွေကိုကြည့်ရင် မြို့ပြင်ဘက်တွေမှာ (မြို့ထဲလိုလူဦးရေမထူထပ်ဘဲ) လူနေကျဲသွားတဲ့အတွက် ဘတ်စ်ကားမှတ်တိုင်ကိုရောက်ဘို့ ခက်ပါတယ်။ ဒါဟာ မြို့ကြီးတိုင်းမှာ တွေ့ကြုံရတဲ့ပြဿနာပါ။ အဲ့ဒါကို Last mile connections လို့တကမ္ဘာလုံးကခေါ်ဆိုကြပါတယ်။ နာမည်ကြီးပါ။ ဒါမပါလို့ကိုမရပါ။ ဒီနည်းပညာဟာ ဘာမှ မခက်ပါဘူး။ ဖြေရှင်းနည်း ၂ ခုရှိပါတယ်။

နည်းလမ်း (၁) -စက်ဘီးစိတ်ချစွာရပ်နိုင်အောင် မြို့စွန်မှတ်တိုင်အချို့မှာ တည်ဆောက်ပေးပြီး Park and Ride ဖြစ်အောင် လုပ်ဆောင်ခြင်း။ ဒီနည်းကို အဆင့် ၃ ဆင့်နဲ့ အကောင်အထည်ဖော်ရပါတယ်။

အဆင့် ၁။ ။ရန်ကုန်မှာ ဘတ်စ်မှတ်တိုင် အစုံ (အသွားတခု၊ အပြန်တခု) ပေါင်း ၂၀၀၀ လောက်ရှိပါတယ်။ အဲ့ဒီထဲက မြို့စွန်တွေ (ရွှေပြည်သာ၊ ဒဂုံမြို့သစ်အားလုံး၊ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ ဒဂုံဆိပ်ကမ်း၊စတဲ့မြို့စွန်က မှတ်တိုင်တွေကိုပြုစုရပါမယ်။

အဆင့် ၂။ ။အဲ့ဒီမှတ်တိုင်တွေမှာ စက်ဘီးသော့ခတ်ထားနိုင်တဲ့ စက်ဘီးတန်း (Bicycle stand) လေးတွေ “အနည်းငယ်” တည်ဆောက်ပေးရမှာပါ။ ဘာမှစျေးမကြီးပါ။

အဆင့် ၃။ ။Bicycle stand မလုံလောက်တဲ့ မှတ်တိုင်မှာ အဆင့်ဆင့် ထပ်တိုးတည်ဆောက်ပေးရမှာပါ။ ပုံမှာပြထားတဲ့ Bike stands တွေကမြင်သာရုံသာပြထားတာပါ။ ဖြုတ်ခိုးမရအောင် သေချာလုပ်ရပါမယ်။

အဲ့ဒီကုန်ကျငွေဟာ BRT ဖြစ်ဖြစ်၊ MRT ဖြစ်ဖြစ်လုပ်ရင်ကုန်မယ့်ငွေ ရဲ့ ၀.၀၀၁% လောက်သာရှိပါမယ်။ ဘတ်စ်ကားစံနစ် ဖွံ့ဖြိုးလာရေးကတော့ အံ့မခမ်းကူညီမှာပါ။ စီးမယ့်သူတွေဟာ မိမိတို့အိမ်မှစက်ဘီးစီးလာပြီး မှတ်တိုင်အနီးမှာ ရှိတဲ့ Bike stand မှာ သော့ခတ်ရပ်ထားခဲ့ပြီး ဘတ်စ်ကားလိုရာစီးသွားရုံပါဘဲ။ အပြန်လည်း ကိုယ့်စက်ဘီးနဲ့အိမ်ပြန်ရုံပါဘဲ။ အဲ့ဒါကို Park and Ride လို့ခေါ်တာပါ။ စက်ဘီးသူခိုးရန်ကကင်းရန် ပတ္တရောင် ရဲလှည့်ပေးဘို့တော့လိုပါတယ်။ e bike လည်းခွင့်ပြုသင့်ပါတယ်။

နည်းလမ်း (၂)

၃ ဘီးကားကို ခရီးသည်အတန်း ၂ တန်းထိုင်စေပြီး ၆-၈-၁၀ ယောက်ဆန့် ခရီးသည်တင် ကားအဖြစ်ပြုပြင်တည်ဆောက်ပြီး မြို့စွန်မှတ်တိုင် နဲ့ ရပ်ကွက်အတွင်းလှည့်ပတ်ပြေးဆွဲစေတာပါ။

လမ်းကျဉ်းလည်းဝင်နိုင်တယ်။ ဆီဘိုးလည်းသက်သာအောင် ၃ ဘီးကိုပြုပြင်ပြေးဆွဲစေတာပါ။ အစအဆုံးစီးစီး၊ တဝက်ကဘဲစီးစီး ၁၀၀ ကျပ်ဆိုရင် ၂ ဦး ၂ ဘက်အဆင်ပြေတာပါ။ အဲ့ဒါကို Feeder bus လို့ခေါ်ပါတယ်။

၂၀၁၇ ခုနှစ် YBS စတင်တော့ ဒိုင်နာကားများ မြို့တွင်းပြေးဆွဲမှု ရပ်ဆိုင်းလိုက်ပါတယ်။ ပိုထွက်လာတဲ့ ဒိုင်နာကားကို ကျနော်ကိုယ်တိုင် Feeder bus လမ်းကြောင်း ၂ ခု လှိုင်သာယာမြို့နယ်ထဲမှာ ၁၀၀ ကျပ်နဲ့ပြေးဆွဲစေခဲ့တာ အထူးအောင်မြင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဒိုင်နာကားများ လူစီးခွင့်မပြု ဟူသော ပေါ်လဆီ အရ အရေကြိုစလစ်နဲ့ လဲလှယ်ခွင့်ပြုသောကြောင့် စျေးကောင်းရပြီး Feeder စနစ်ပြန်ပျက်သွားရတာ နှမြောစရာပါ။ လှိုင်သာယာမှာ မော်တော်ဆိုင်ကယ်တက်စီ စီနေသူများ ၅၀၀-၁၀၀၀ ကုန်နေကြရာမှ ၁၀၀ ကျပ်နဲ့ရောက်စေလို့ အတော်အဆင်ပြေခဲ့ကြပါတယ်။

YBS အတွက် ဘယ်လောက်အရေးကြီးတာလဲ?

မြို့ပြင်တွေမှာ မှတ်တိုင်နဲ့ ရပ်ကွက်တွေချိတ်ဆက်ပေးမယ့် Feeder bus (သို့မဟုတ်) စက်ဘီးရပ်ခဲ့ပြီး ဘတ်စ်ကားစီးနိုင်တဲ့ စနစ် မရှိသေးရင် အဲ့ဒါ ပြီးပြည့်စုံတဲ့ ဘတ်စ်ကားစနစ်မဟုတ်သေးကြောင်း ရှင်းလင်းစွာသိစေလိုပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ Urban bus transportation တိုင်းမှာ အထက်ပါစနစ်တခုမဟုတ်တခု သေချာပေါက်ရှိနေကြပါတယ်။

စက်ဘီးနဲ့ ဖိဒါဘတ်စ် တခုခု တွဲဆက်ပေးခြင်းဟာ စီးသူပြေးဆွဲသူ အားလုံးမိတ်ဖက်အဆင်ပြေစေမယ့် Sustainable transportation systems ဖြစ်ပါတယ်။ မော်တော်ဆိုင်ကယ်ဟာ အဖြေမဟုတ်ပါ။ မော်တော်ဆိုင်ကယ်ဟာ နယ်မြို့လေးများ၊ ရွာများအတွက်တော့ အဖြေတခုပါ။

အရေးအကြီးဆုံးတခုကိုပြောပါရစေ။ “ ရန်ကုန်လို မြို့ကြီးတမြို့မှာ “ဘတ်စ်ကားစံနစ်” ကျဆုံးရင်မတွေးဝံ့စရာပါဘဲ။” ကျဆုံးရင် မော်တော်ဆိုင်ကယ်တွေ ကြီးစိုးလာပါမယ်။ မော်တော်ဆိုင်ကယ်များလာရင် အများပြည်သူသယ်ယူပို့ဆောင်ရေးတွေကျဆုံးတာပါဘဲ။ မန္တလေး၊ ဟနွိုင်း၊ ဟိုချီမင်းတို့မှာ ဘတ်စ်ကား၊ BRT၊ MRT မအောင်မြင်ပါ။ မအောင်မြင်နိုင်ပါ။ မော်တော်ဆိုင်ကယ်ခွင့်ပြုရင် ယာဉ်ကြောကြပ်တည်းမှု ဖြေရှင်းနိုင်မယ်ဆိုတာ လုံးဝ (လုံးဝ) မဟုတ်ပါ။

သွားမှုများအဆင်ပြေချောမွေ့ကြပါစေ။ ကပ်ဘေးက လုံးဝကင်းလွတ်ဝေးကြပါစေ။

Than Win

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page