လူပေါင်း ၁၂၈ ယောက်ဆီက သိန်းပေါင်း ၁၂၈၀ လိမ်သွားတဲ့ ဖြစ်ရပ် (မရှိတဲ့ ကြားထဲက အလိမ်ခံရတာပါ)

ကိုယ်တွေနေတဲ့ ရပ်ကွက်ထဲမှာပါပဲ။ ဘန်ကောက်ကို ပို့ပေးမယ်ဆိုပြီး လူပေါင်း ၁၂၈ ယောက်ဆီက သိန်းပေါင်း ၁၂၈၀ လိမ်သွားတယ်။ အလိမ်ခံရတဲ့သူတွေဟာ ဒီငွေရဖို့ မရှိရှိတာ ရောင်းချထားရတာဖြစ်ပြီး အများစုက တစ်ဆယ်တိုး၊နှစ်ဆယ်တိုးတွေနဲ့ ချေးငှားထားရတာ။

အလိမ်ခံလိုက်ရတဲ့ သူတွေအားလုံးက လက်လုပ်လက်စားသမားတွေ။ ကျွန်တော်နဲ့သိတဲ့ လူတွေပါပဲ။ အရင်ကဆို အဲဒီလူတွေ နိုင်ငံခြားသွားဖို့ ဘယ်စိတ်ဝင်စားမလဲ။ ဆန်စက်မှာ နေ့စားဆင်းမလား ၊ ရပ်ကွက်ထဲမှာ ဘောက်ဆင်းမလား ၊ အလုပ်သာ လုပ်ချင်စိတ်ရှိပါစေ မိသားစုတဝမ်းတခါးကတော့ တစ်နေ့လုပ် တစ်နေ့စား ပူစရာမလိုဘူး။

တစ်ခါသား ကျွန်တော့်ပဲဒိုင်မှာ ပဲတင်ဖို့ အလုပ်သမား လှမ်းခေါ်တာ ဆိုင်ကယ်နဲ့လာလို့ ကုန်ကားသမား ပြုံးစိစိဖြစ်သွားသေးတယ်။ မသောက်မစားတတ်ရင် နေ့စားအလုပ်ကြမ်း လုပ်တာ စုမိဆောင်းမိတယ်။ အဲဒါအရင်က။ အခုတော့ မရတော့ဘူး။ အခြေခံ ဆန်စျေးက နှစ်ဆ ၊ ဆီစျေး နှစ်ဆခွဲ ၊ အသားငါးစျေးက ထက်ဝက်လောက်တက်ပြီး အကုန်စျေးကြီးကုန်ပြီ။

အခြေခံအလုပ်သမားတွေ တစ်နေ့လုပ်လို့ တစ်နေ့စားမလောက်တော့ဘူး။ အဲဒီတော့ သူတို့အတွက် ဘန်ကောက်အိပ်မက် မက်ကြရတော့တယ်။ ဒီဂယ်ပေါက်ကိုပဲ အလုအယက်ထွက်ဖို့ မျှော်လင့်လာကြတဲ့အခါ လူလိမ်တွေကလည်း မက်လုံးတွေပေးပြီး ငါးစာချတော့တာပေါ့။

အလိမ်ခံလိုက်ရတဲ့သူတွေ တော်တော်သနားဖို့ကောင်းပါတယ်။ တစ်မိသားစုလုံး သွားမယ်ဆိုပြီး အိမ်ပေါင် ခြံပေါင်ထားကြတာမျိုးလည်း ရှိတယ်။ မရှိလို့ ထိုင်းသွားဖို့လုပ်ပါတယ်ဆိုမှ အလိမ်ခံလိုက်ရတော့ ဘဝပျက်ခမန်းပဲ။ ဒီလိုမျိုးတွေကြားနေ တွေ့နေရလည်း ကျန်တဲ့သူတွေ မသွားရဲတော့ဘူးမထင်နဲ့။ လမ်းပေါ်မှာတွေ့တဲ့ လူငယ်တွေထဲက ကြုံရာဆွဲထုတ်ပြီး ဆယ်ယောက်ကိုမေး.. ၈ ယောက်လောက်က (ဘယ်လိုနည်းနဲ့ပဲထွက်ရထွက်ရ) အမြန်ဆုံး နိုင်ငံခြားထွက်ပြီး ကြုံရာအလုပ်ကြမ်းလုပ်ဖို့ ကြိုးစားနေတဲ့ သူတွေ ဖြစ်နေလိမ့်မယ်။ ဘဝတွေ။ (Ko Soe Htike PhaDo)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page