လာမယ့် (၄၈) နာရီအတွင်း မိုးကြီးပြီး အအေးပိုမယ့် မြန်မာနိုင်ငံရဲ့ ဒေသတချို့
မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့အထက်ပိုင်းဒေသတွေကို အနောက်ဘက်ကနေ ရွေ့လျားလာတဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် (၄၈)နာရီအတွင်း အဆိုပါဒေသအချို့မှာ မိုးရွာသွန်းနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရပါတယ်။
အချိန်အခါမဟုတ်မိုးရွာသွန်းမှုကြောင့် ဆောင်းတွင်းကာလမှာ အဆိုပါဒေသတွေအနေနဲ့ ပုံမှန်ထက်အအေး ပိုနိုင်တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းနဲ့ ကချင်ပြည်နယ်မှာ မိုးရွာနိုင်ကြောင်း၊ လေဖိအားနည်း ရပ်ဝန်း အရှိန်ကြောင့် အချိန်အခါ မဟုတ် မိုးရွာနိုင်ကြောင်း၊ တချို့ဒေသတွေမှာ အအေးပိုလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
ယခုနှစ် ဆောင်းရာသီကာလမှာ ဆိုရင်လည်း ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တို့မှာဆိုရင် ယခု လတ်တလောပုံမှန်ထက် အအေးပိုလျက်ရှိတယ်လို့ သိရပါတယ်။
လေအေးရပ်ဝန်းအားကောင်းတဲ့ဒေသတွေမှာသာ အအေးဒဏ်ကို ခံစားနေရဆဲဖြစ်ပြီး အိန္ဒိယနဲ့ တရုတ်ဘက်က လေအေးရပ်ဝန်းတွေ တပြိုင်နက်တည်း မြန်မာနိုင်ငံထဲဝင်ရောက်လာရင်တော့ တစ်နိုင်ငံလုံး အေးနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူက ပြောပါတယ်။