YBS ပေါ်က ခိုးဆိုးလုနှိုက်များကို လိုင်းကြေးယူထားတဲ့ ကိုလှရွှေများက အသွင်ယူ၍ ဖမ်းမည်ဟုဆို

YBS စီးနင်းသည့်ခရီးသွားများအပေါ် အုပ်စုဖွဲ့ခါးပိုက်နှိုက်ခြင်း လုယက်ခြင်းဖြစ်စဉ်ဖြစ်ပွားမှုများအတွက် စကစလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးမှုများ စတင်ဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

YBS စီးနင်းသည့်ခရီးသွားများ သက်ဆိုင်ရာယာဉ်များပေါ်တွင် လိုက်ပါစီးနင်းစဉ် ခါးပိုက်နှိုက်ခံရခြင်းများ၊ အုပ်စုဖွဲ့ အနိုင်ကျင့် လုယက်ခြင်း ဖြစ်စဉ် များအတွက် YRTC အနေဖြင့် စကစလက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ ဖြေရှင်းဆောင်ရွက်ပေးရန် တင်ပြခဲ့ခြင်းဖြစ်ပါတယ်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှတဆင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးသို့ ယင်းဖြစ်စဉ်များအတွက် အရေးယူဆောင်ရွက်ပေးနိုင်ရန်ညွှန်ကြားထားပြီဖြစ်ကြောင်းသိရပါတယ်။ “ဒီလိုကိစ္စမျိုးတွေဖြေရှင်းဖို့ ရဲတပ်ဖွဲ့က ဆောင်ရွက်တတ်ပါတယ်။ အသွင်ယူဖမ်းစီးခြင်းမျိုးတွေ လုပ်ပါလိမ့်မယ်။ တိုင်းဒေသကြီးအစိုးရက ရဲတပ်ဖွဲ့ကို ညွှန့်ကြားထားပြီးပါပြီဟု YRTC တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် YBS ယာဉ်များပေါ်တွင် နေ့စဉ်ခရီးသွားလာသူပြည်သူများအား အုပ်စုဖွဲ့ခါးပိုက်နှိုက်ခြင်း၊ အုပ်စုဖွဲ့လုယက်ခြင်းများကြုံတွေ့နေသည့်အတွက် ယင်းသို့ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရပါတယ်။

ရန်ကုန်မြို့တွင်း YBS ယာဉ်လိုင်းပေါင်း ၁၁၃လိုင်း၊ ယာဉ်အစီးရေ ၃၀၀၀ ကျော်ဖြင့်ပြေးဆွဲပေးနေပြီး၊ နေ့စဉ် ခရီးသည် ကိုးသိန်းကျော်စီးနင်းသွားလာလျှက်ရှိကြောင်း သိရပါတယ်။ ပြီးခဲ့သော ဇွန် ၂ရက်ညနေပိုင်းက ရန်ကုန်မြို့ အင်းစိန်မြို့နယ်ပေါက်တောဝမီးပွိုင့်အနီးတွင် တက္ကစီယာဉ်မောင်းတစ်ဦး၏ ပိုက်ဆံအိတ်အား ဆိုင်ကယ်ဖြင့်အုပ်စုဖွဲ့လုယက်ရာ ယာဉ်မောင်းက ပြန်လည်ခုခံသဖြင့် ဒဏ်ရာရခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက ရန်ကုန် အပါအဝင် မြို့ကြီးများတွင် လုံခြုံမှု မရှိဘဲ ခိုးဆိုးလုနှိုက်မှုများ အများအပြား ဖြစ်ပေါ်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကလည်း စကစရဲ့ အာဏာတည်မြဲရေးကိုသာ ဆောင်ရွက်နေတာကြောင့် ပြည်သူလူထုအနေနဲ့ စိုးရိမ်စိတ်များ ဖြစ်ပေါ်လျက်ရှိပါတယ်။

မြို့နယ်အတော်များများမှာ စကစ လက်အောက်ခံ ရဲတပ်ဖွဲ့က လိုင်းကြေးယူပြီး ဘောလုံး၊ နှစ်လုံး၊ သုံးလုံးနဲ့ အခြား လောင်းကစားများကို တရားဝင်သကဲ့သလို့ ခွင့်ပြုထားသောကြောင့် ခိုးဆိုးလုနှိုက်တွေ ပိုမို များပြားလာနေတာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page