စကစရဲ့ ရောကြော်ပညာရေးစနစ်ကို ကျောင်းသား ၁.၆ သန်းကျော် လာအပ်ဟု စာရင်းလိမ်ထုတ်ပြန်

စကစက ဖွင့်လှစ်မယ့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း အဆင့် ကျောင်းသားကျောင်းသူတွေရဲ့ ကျောင်းအပ်လက်ခံမှုတွေကို မေလ ၂၆ ရက် မှာစတင် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ကျောင်းအပ်နှံတဲ့ ပထမနေ့မှာ တိုင်းဒေသကြီး နဲ့ ပြည်နယ်အသီးသီးက အခြေခံပညာကျောင်းတွေ၊ ကိုယ်ပိုင်ကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေမှာ ကျောင်း အပ်နှံသူစုစုပေါင်း ၁၆၁၁၀၅၁ ဦး ရှိတယ်လို့ စကစ သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

ကျောင်းအပ်လက်ခံမှုတွေကို မေလ ၂၆ ရက် ကနေ ဇွန်လ ၁ ရက်အထိ လက်ခံထားပြီး ဇွန်လ ၂ ရက်နေ့မှာ ရောကြော် ကျောင်းတွေကို စတင်ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

စကစအနေနဲ့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်က တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ဖွင့်လှစ်ခွင့်မရခဲ့တဲ့ ၄၆ မြို့နယ် အပါအဝင် အခြေခံပညာကျောင်းပေါင်း ၄၇၀၀၀ ကျော်မှာ ၄၂၀၀၀ ဖွင့်လှစ်နိုင်ခဲ့တယ်ဟု သတင်းထုတ်ပြန်ခဲ့ပြီး ဇွန်လ ၁၀ ရက်နေ့အထိ ကျောင်းအပ်နှံမှုဦးရေ ၄ သန်း ကျော်ရှိကာ ကျောင်းတက်ရောက်မှုအနေနဲ့ ၃.၂ သန်း ရှိခဲ့တယ်လို့ သိရပါတယ်။

အတန်းလိုချင်လို့သာ လာအပ်တာ ဖြစ်ကြောင်း၊ အခြေအနေ မကောင်းရင် ကလေးကို ကျောင်းကို လွှတ်မှာ မဟုတ်ကြောင်း၊ စာရင်းဝင်သွားဖို့ အရေးကြီးကြောင်း၊ အပြင်ကျောင်းတွေကို လိုက်ပိတ်ထားလို့ စကစ ကျောင်းကို လာအပ်တာ ဖြစ်ကြောင်း ကျောင်းသားမိခင်တဦးက ဖြေကြားပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page