စကစရဲ့ ၃ လပြတ် ဆယ်တန်းအောင်လာတဲ့ ကျောင်းသူတွေကို ဆေးဗိုလ်မလောင်းအဖြစ် ခေါ်ယူ

စကစလက်အောက် ၃ လပြတ် ၂၀၂၁- ၂၂ တက္ကသိုလ်ဝင်စာ မေးပွဲအောင်မြင်လာတဲ့ ကျောင်းသူတွေကို ဇွန်လ ၂၂ ရက်နေ့မှစ၍ စစ်ဆေးတက္ကသိုလ် -DSMA (အမျိုးသမီး)အပတ်စဉ် ၁ အတွက် ဝင်ခွင့်များ စတင်ခေါ်ယူလာတယ်လို့ သိရပါတယ်။

စကစ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့တဲ့ ကျောင်းသူများကို အဓိကထားခေါ်ယူခြင်းဖြစ်ကာ အသက်ကန့်သတ်ချက်အရ ၁၆ နှစ်အထက်၊ ၁၈ နှစ်အောက်ဟု ကန့်သတ်ထားတယ်လို့ သိရပါတယ်။

ယင်းအမျိုးသမီးဗိုလ်လောင်းသင်တန်းကို ယခင်က ဖွင့်လှစ်ခြင်းမရှိခဲ့ဘဲ ယခုနှစ်မှစတင်ခေါ်ယူကာ အမှတ်စဉ် ၁ အဖြစ်ခေါ်ယူခြင်းကာ ၆ နှစ်ကြာတက်ရောက်ရမည် ဖြစ်ကြောင်းသိရပါတယ်။

“ဒီနှစ်အောင်တဲ့သူတွေကိုအဓိကထားခေါ်တာပေါ့။ လျှောက်ကြဖို့လည်း ပြောတာတွေရှိတယ်။ အပြင်ဆေးကျောင်းတွေမှာလည်းဝင်ခွင့်အမှတ်တွေက ပြန်ပြင်ထားတာဆိုတော့ အဲ့ဒီအမှတ်လောက်မီတဲ့သူတွေဆို အကုန်ခေါ်မယ်ထင်တယ်” ဟု စကစတပ်မိသားစုဝင်တဦးက ပြောပါတယ်။

စကစဟာ ယခင်က အပြင်ဆေးတက္ကသိုလ်များမှ သက်ဆိုင်ရာဆေးပညာဘွဲ့ရရှိထားသူများကိုသာ ခေါ်ယူ၍ ကာလတိုစစ်သင်တန်းပေးကာ အမျိုးသမီးစစ်ဆရာဝန်များခန့်အပ်ထားပြီး စစ်ဆေးတက္ကသိုလ် ( DSMA) ကို ဆယ်တန်းအောင်အသက် ၁၆ နှစ်နှင့် ၁၈ နှစ်အကြား အမျိုးသားဗိုလ်လောင်းများကိုသာခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။

“အခုက စီဒီအမ် ဆရာဝန်တွေအရမ်းများနေတော့ နယ် ဘက်ဆေးရုံတွေမှာ စစ်ဆရာဝန်တွေ ပြောင်းပို့ထားရတဲ့အခြေအနေကို အစားထိုးနိုင်ဖို့ပြင်ဆင်လာတာရယ်။ စစ်ဆရာဝန် အမျိုးသမီး DSMA ကို သူတို့ (စစ်ကောင်စီ)က အင်အားလိုလို့ခေါ်ယူတာ” လို့ စီဒီအမ် တပ်မတော်သား ခွဲစိတ်ပါရဂူ ဗိုလ်ကြီး မင်းမောင်မောင်က ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စကစ စစ်ဆေးတက္ကသိုလ် ကို ဝင်ရောက်လျှောက် ထားသူ ဗိုလ်လောင်းအမျိုးသားနည်းပါးလာသဖြင့် အမျိုးသမီးများကိုလှည့်၍ ခေါ်ယူခြင်းဖြစ်ကြောင်း တပ်မတော်သားဟောင်းတဦးက ပြောဆိုပါတယ်။

ယခုနှစ် တက္ကသိုလ်ဝင်တန်းကို ကိုဗစ်ဖြစ်နေသည့်ကြားမှ စကစက တကယ်စာသင်ချိန် ၃ လဖြင့် ကျင်းပခဲ့တာဖြစ်ပြီး အောင်မြင်လာသည့်ကျောင်းသားများ၏ အရည်အချင်းအပေါ် သံသယဖြစ်စရာရှိတယ်ဆိုပြီး ဝေဖန်မှုများလည်း မြင့်တက်နေတာဖြစ်ပါတယ်။

ယခု စကစဆေးဗိုလ်မလောင်း သင်တန်းကိုလည်း စကစအသိုင်းအဝိုင်းက အမှတ်မီတဲ့သူအချို့သာ တက်ရောက်ဖို့ အခြေအနေများပြီး ပြည်သူတွေကတော့ ချဉ်လွန်းလို့ ခြေဉီးတောင် လှည့်မှာ မဟုတ်ဘူးလို့ ပြည်သူတွေက မှတ်ချက် ချနေကြပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page