တနိုင်ငံလုံးတွင် အိမ်သုံးဂတ်စ်များ ပြတ်လပ်နေ (ထင်းမီးသွေးနဲ့ ထမင်းချက်ရတဲ့ ခေတ်ပြန်ရောက်ပြီ)

လက်ရှိအချိန်မှာ အိမ်သုံး ဂတ်စ်ဓာတ်ငွေ့များ တနိုင်ငံလုံး ပြတ်တောက်နေတယ်လို့ သိရပါတယ်။ ဂတ်စ် ဖြည့်တင်းတဲ့ ဆိုင်များအနေနဲ့လည်း ထည့်ပေးစရာ ဂတ်စ်တွေ ကုန်သလောက်နီးပါး ဖြစ်နေပြီး ဈေးနှုန်းတွေလည်း မြင့်တက်နေတယ်လို့ သိရပါတယ်။

အိမ်သုံးဂတ်စ်များ ပြတ်လပ်မှုအနေနဲ့ ရန်ကုန်၊ မန္တလေးလို မြို့ကြီးများသာမက နယ်မြို့တွေမှာပါ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ ဂတ်စ်ပြတ်လပ်မှုကြောင့် စားသောက်ဆိုင်များပါ ဒုက္ခရောက်နေကြတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ အိမ်သုံးဂတ်စ်တွေ ဝယ်မရတော့တာ ၄ ရက်ခန့် ရှိပြီဖြစ်ကာ ယနေ့မှာတော့ ဈေးကွက်ထဲမှာ လုံးဝပြတ်တောက်လုနီးပါး ဖြစ်နေတယ်လို့ သိရပါတယ်။

ရန်ကုန်မှာ ဒီနေ့ ထမင်းချက်တဲ့ ဂတ်စ်ကုန်နေလို့ သွားဖြည့်တာ အရင်က ၁ ပိဿာကို ၄၀၀၀ ပေးရပေမယ့် ဒီနေ့တော့ တပိဿာကို ၈၀၀၀ ပေးခဲ့ရတယ်။ ဒါတောင် လိုသလောက် မရလို့ အိုး တဝက်လောက်ပဲ ဖြည့်ခဲ့ရတယ်။ လျှပ်စစ်မီးမမှန်လို့ ဂတ်စ်အားကိုးပြီး ချက်ရပါတယ်ဆိုမှ ဂတ်စ်ဈေး နှစ်ဆ တက်သွားတယ်ဆိုတော့ ဘာပြောရမှန်းတောင် မသိတော့ဘူး” လို့ ရန်ကုန် အိမ်ရှင်မတဦးက ပြောပါတယ်။

စားသောက်ဆိုင် လုပ်ငန်းက ဂတ်စ်ကို အဓိက ထားရကြောင်း၊ အခု ချက်ချင်း ချက်ပြုတ်ရတဲ့ အကြော်အလှော်တွေက ထင်းတို့ မီးသွေးတို့နဲ့ အဆင်မပြေကြောင်း၊ လျှပ်စစ်မီးမှန်ခဲ့ရင်တောင် မီတာခကြောင့် လျှပ်စစ်မီးဖို မသုံးနိုင်ကြောင်း၊ အခုလို ဂတ်စ်တွေ ဝယ်မရဖြစ်တော့ အခက်အခဲ အတော် ဖြစ်နေကြောင်း” နယ်မြို့မှ စားသောက်ဆိုင် ပိုင်ရှင်တဦးက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အိမ်သုံးဂတ်စ်တွေကို ထိုင်းနိုင်ငံကနေ အဓိက တင်သွင်းနေပြီး လက်ရှိအချိန်မှာ ထိုင်းနယ်စပ်ဂိတ်တွေ အားလုံး နီးပါး ပိတ်ထားတာကြောင့် ဂတ်စ်အိုးများ ဝင်လို့ မရတာကြောင့် ဈေးကွက်ထဲမှာ ပြတ်လပ်နေရခြင်း ဖြစ်ကြောင်း အိမ်သုံးဂတ်စ် တင်သွင်းသူတဦးက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page