အင်္ဂလန်မှာ မီးပျက်တာကို ကြုံခဲ့ရတဲ့ မြန်မာနိုင်ငံသားတဦးရဲ့ ပျော်စရာ အတွေ့အကြုံ
“ဟား..ဟား..အဂ်လန်လည်း မီးပျက်တာပဲဗျို့ “လို့ဆိုပြီး ဖွဘုတ်ပေါ်တင် ဟားတိုက်ဖို့ပြင်နေတုန်း သူတို့လျှပ်စစ်အဖွဲ့သားတွေရဲ့ အဆင့်ဆင့်လုပ်ဆောင်ချက်တွေကြောင့် ပါးစပ်ပိတ်ခဲ့ရပါပြီ။ အင်း…ပြောပြပြန်ရင်လည်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်နေပေမဲ့ လျှပ်စစ်ဒုက္ခခံစားနေရတဲ့ အမိမြေကမိတ်ဆွေတွေ အဆဲပိုနိုင်အောင်လို့ ဖေါက်သည်ချပါရစေ။
တစ်နေ့ညက Hitchin မြို့ကအိမ်မှာ Roland-Gaross French Open Tennis ပြိုင်ပွဲ TV Live ကြည့်နေတုန်း ၇:၂၃ နာရီမှာ ရုတ်တရက်မီးပျက်သွားတယ်။လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက သမီးရှိရာဒီနိုင်ငံကို နှစ်စဥ် ခေါက်တုံ့ခေါက်ပြန်ရောက်ခဲ့တဲ့အပြင် ရောက်တိုင်းလည်းရက်ရှည်နေထိုင်ခဲ့တဲ့ကာလအတွင်း လျှပ်စစ်မီးပျက်သွားတာ တစ်ခါမျှ မကြုံဖူး၊ အိမ်ထဲက တစ်ခုခုကြောင့် Breaker ကျတယ်ထင်လို့ စစ်ကြည့်တော့လည်း ဘာမှမဖြစ်၊ဒါနဲ့ အိမ်နီးချင်း ဘိုလင်မယားအိမ်ကို မေးကြည့်တော့ သူတို့အိမ်လည်းပျက်တယ်တဲ့။ဒါနဲ့ သမီးကြီးက UK Power Networks web Page မှာ Location Code ကိုရိုက်ထည့်ကြည့်လိုက်တော့ တွေ့ပါပြီ။
7:23p m Power Cut Reported ခေါင်းစဉ်အောက်မှာကျွန်တော်တို့ဧရိယာ မီးပျက်သွား၍ တောင်းပန်ကြောင်းနဲ့ အင်ဂျင်နီယာအဖွဲ့အမြန်ဆုံးစေလွှတ်ပြုပြင်မယ်ဆိုတဲ့အကြောင်း တင်ထားပါတယ်။အဲဒီနောက် အင်ဂျင်နီယာအဖွဲ့ရောက်ချိန်၊အပြစ်ရှာပုံ၊ပြင်ဆင်ပုံ စသည်တို့ကို အချိန်နဲ့အမျှ သတင်းထုတ်ပြန်ပါတယ်။
ည 9:08 pm မှာ Update from the team ခေါင်းစည်းနဲ့ ဧရိယာတစ်ခုလုံး ပြန်ကောင်းပါပြီ၊ပြဿနာရှိရင် ဖုံးဘယ်လောက်ကို ပြန်ဆက်နိုင်ပါတယ်လို့ ထုတ်ပြန်ပါတယ်။ “ဟေ..အားလုံးမီးပြန်ရပြီတဲ့ ..ဒို့အိမ်က မလာသေးပါလား”
ဘေးအိမ်ကို စစ်ကြည့်တော့ သူ့အိမ်လည်း မလာသေး၊ပတ်ဝန်းကျင်အိမ်တွေကတော့ မီးတွေလင်းနေကြပြီ။ ဒါနဲ့ သူဖေါ်ပြထားတဲ့ ဖုံးကို ပြန်ဆက်၊ အင်ဂျင်နီယာအဖွဲ့လာစစ်၊ ကိုယ့်အိမ်အပါအဝင် အိမ်ဝင်းထဲက အိမ်၁၃ လုံး မီးမလာ။ ပြန်စစ်ဆေးတော့ ဒီအိမ်တွေကို ပေးတဲ့မီးက မြေအောက်လိုင်း မှာပျက်တာတဲ့။ ပြဿနာပါ။ ဒါက အသေးစား မဟုတ်၊ အကြီးစား ချို့ယွင်းမှု ဖြစ်သွားပြီ၊ မြေကြီးတူးရတော့မယ်။ ဒီညတော့ မဖြစ်နိုင်။ မနက်အစောကြီး Morning Team လွှတ်ပါ့မယ်တဲ့။ ဘေးအိမ်က ဘိုကြီးက ဖယောင်းတိုင်ယူမလားလို့ မေးရှာပါတယ်။ မြန်မာနိုင်ငံက လာတဲ့ကောင် ဘယ်ညံ့ပါ့မလဲ။ ရှိပါတယ်ဗျ၊ No, thanks ပါပေါ့။ တော်ပါသေးတယ်။နွေရာသီမို့ အဲဒီညက ၉ ဒီဂရီ ၊၁၀ ဒီဂရီလောက်ပဲမို့ အိပ်ရတာအဆင်ပြေပါတယ်။
မနက် စောစော UK Power Networks တံဆိပ်ပါ ကားကြီး၊ ကားငယ်ရောက်လာကြတယ်။ အိမ်ရှေ့လမ်းဘေးနားမှာ တူးရမယ်။ ကားလမ်းကို တစ်ခြမ်းပိတ်၊ ယာယီမီးပွိုင့်ထား။ မြေတူးပြီး စစ်ဆေးကြည့်တော့ မြေအောက်လိုင်းမှာ ဂတ်စ်ပိုက်လိုင်း နဲ့ကပ်နေတာမို့ ဂတ်စ် ကုမ္ပဏီနဲ့ ညှိရပြန်တယ်။ ဂတ်စ် အဖွဲ့လာမယ်။ အနည်းငယ်ကြာတော့မယ်။ ဒီအထိ မထူးဆန်းသေး။ အဂ်လန်လည်း မီးပျက်တာပါပဲလို့ ကလိမယ်ကြံတုန်း သူတို့ web page မှာ ထူးထူးဆန်းဆန်း သူတို့လုပ်ဆောင်ချက်တက်လာတယ်။
“အင်ဂျင်နီယာအဖွဲ့ ပြင်ဆင်နေတုန်း လျှပ်စစ်မီးပျက်နေတဲ့အိမ်တွေအတွက် Customer Supporting Vehicle လွှတ်လိုက်ပါပြီ၊ အဲဒီယာဉ်မှာ သောက်စရာနဲ့ စားစရာ အပူတွေပါမယ်၊ ဝိုင်ဖိုင် သုံးနိုင်တယ်။ ဖုန်းအားသွင်းနိုင်တဲ့ နေရာ ပါတယ်၊ အပူပေးနိုင်တဲ့ မိုက်ခရိုဝေ့ဗ်ပါတယ်”တဲ့။
အဲဒီ post တက်လာတာနဲ့ မြန်မာပီပီစပ်စုချင်လို့ တူးဆွနေတဲ့ အိမ်ရှေ့နားမှာ ကိုထွက်ကြည့်တော့ အဲဒီကားကရောက်နေပါပြီ၊ ကျွန်တော့ကိုမြင်တော့ အဲဒီကလူတစ်ယောက်က လာနုတ်ဆက်ပြီး အဲဒီကားဆီခေါ်သွားပြီး ရနိုင်တဲ့ facilities တွေရှင်းပြပါတယ်။ ပြီးတော့ ဘာကော်ဖီသောက်မလဲတဲ့၊ ကာပူချီနို ပေါ့။ သူကိုယ်တိုင်ဖျော်ပေးတယ်။ မုန့်ကတော့ Porridge (ဆန်ပြုတ်)ပါ။ ဖုန်းအားသွင်းချင်ရင်လည်း လာသွင်းပါ။ ဝိုင်ဖိုင် လည်း ရပါတယ်လို့ ပြောပါတယ်။ အားလုံး အခမဲ့ပါ။သူတို့မှာ တာဝန်ရှိလို့ Customer တွေအတွက် စီစဥ်ပေးတာပါ။
မြန်မာအဖိုးကြီး ကျွန်တော် နဲ့ အဖွားကြီးဆွေတို့ အညံ့မခံ၊ ကော်ဖီနှစ်ခွက်နဲ့ ဆန်ပြုတ်တစ်ဘူး ယူခဲ့ပါတယ်။ မီးပျက်တဲ့အိမ်တွေထဲမှာ အရင်ဆုံးရောက်တာ ကျွန်တော်တို့ပါ။ ဘေးအိမ်က ဘိုလင်မယားက ဒုတိယပါ။
ခဏနေတော့ Post တစ်ခုတက်လာပြန်တယ်။ မီးပြင်နေတုန်း သုံးဖို့ ကျွန်တော်တို့အိမ် (၁၃) လုံးအတွက် မီးစက်ကြီးတစ်လုံး နောက်တွဲယာဉ်နဲ့ စေလွှတ်လိုက်တယ်တဲ့။ မကြာမီ ရောက်လာတယ်။ ဒါပေမဲ့ မီးစက်ကြီး မသုံးလိုက်ရပါဘူး။နေ့လည် တစ်နာရီခွဲလောက်မှာ မြေအောက်ကြိုးကို ပြင်ဆင်ပြီးလို့ မီးပြန်ရလာပါတယ်။ ကိုင်း…အဂ်လန်မှာလည်း မီးပျက်တာပဲဗျို့ လို့ ကျွန်တော် ဟားတိုက်သရော်နိုင်ပါတော့မလားဗျာ။ (Artist Hla Myint Swe)