တချိန်က လျှမ်းလျှမ်းတောက်ခဲ့တဲ့ မြန်မာ့ ခရိုနီတွေ အသံတိတ်နေရတဲ့ အဓိက အကြောင်းရင်း

ကမ္ဘာပေါ်မှာ သန်းကြွယ်သူဌေး ၅၆ သန်း (၂၀၁၆ မှာ ၁၄ သန်း) လောက်ရှိပါတယ်။ လူ ၁၄၀ မှာ တယောက်က သန်းကြွယ်သူဌေးပါ။ သန်းကြွယ်သူဌေးဆိုတာကိုယ်တိုင် နေနေတဲ့ အိမ်တန်ဖိုးထည့်မတွက်ဘဲ ရင်းနှီးမြုပ်နှံထားတဲ့ ငွေ ပိုင်ဆိုင်မူ စတော့ရှယ်ယာ စသည်တို့ရဲ့ တန်ဖိုးပေါင်း ဒေါ်လာ ၁ သန်းကျော်တဲ့သူကို ခေါ်တာပါ။

သန်းကြွယ်သူဌေး စဖြစ်တဲ့အရွယ်က အသက် ၄၅ နှစ်နောက်ပိုင်းမှ စဖြစ်ကြပြီး အများစုဟာ အမွေဆက်ခံပြီး သန်းကြွယ်သူဌေးဖြစ်တာ မဟုတ်ဘဲ ကိုယ်တိုင်စီးပွားရှာပြီး ကြီးပွားလာသူတွေပါ။ ပညာတတ်တွေထဲမှာတော့ Master ဘွဲ့ရတွေကတော့ သန်းကြွယ်သူဌေးအများဆုံးဖြစ်တတ်ကြပေမဲ့ သန်းကြွယ်သူဌေးဖြစ်ဖို့ ပညာအရည်အချင်းထက် ကိုယ်ပိုင်လုပ်ငန်းတခုခု လုပ်ကိုင်သူတွေက အခွင့်အရေး ပိုများကြပါတယ်။

ဒါအပြင် သန်းကြွယ်သူဌေးဖြစ်ဖို့ ငွေများများရှာနိုင်တာထက် ရှာလို့ရတဲ့ငွေကို စနစ်တကျ ရင်းနှီးမြုပ်နှံနိုင်ဖို့က ပိုအရေးကြီးပါတယ်။ တချို့ နာမယ်ကြီး အားကစားသမား အဆိုတော် သရုပ်ဆောင်တို့ဟာ ဝင်ငွေ အများကြီးရပေမဲ့ အသုံးအဖြုန်း ကြီးလွန်းလို့ ပြန်ဆင်းရဲသွားတာမျိုးတွေ့ရပါတယ်။ ဥပမာ အာဂျင်တီးနား ဘောလုံးသမား မာရာဒိုနားပါ။ မိုက်ကယ်ဂျက်ဆင်လည်း သေတဲ့အချိန်မှာ အကြွေး သန်း ၄၀၀ လောက်ကျန်ခဲ့ပါတယ်။ အားကစားသမား၊ ရုပ်ရှင် သရုပ်ဆောင် အဆိုတော်၊ မော်ဒယ် စတဲ့ ဆယ်လီတွေကတော့ ဖွဲ့ဖြိုးပြီးနိုင်ငံတွေမှာ ဝင်ငွေ အများဆုံးဝင်သူတွေပါ။

တနှစ်ကို ဒေါ်လာ သန်း ဆယ်ဂဏန်း၊ ရာဂဏန်း အထိရနိုင်ပြီး ကုမ္ပဏီကြီးတွေရဲ့ CEO တွေတော့ သန်း ဆယ်ဂဏန်းရတတ်ပါတယ်။ အမေရိကန် သမ္မတကတော့ တစ်နှစ်လစာ ၄ သိန်းရပြီး အမေရိကန်က ဆရာဝန်တွေတော့ တနှစ်ကို ဒေါ်လာ ၂၀၀၀၀၀ +/- လောက် ရတတ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ဆယ်လီတန်းဝင်တွေက ထိပ်တန်းရောက်နေသူတချို့ကလွဲရင် အများစုက ရုန်းကန်နေရပြီး ကုမ္ပဏီ CEO တွေလည်း အများကြီး မရကြပါဘူး။ အမေရိကန်နဲ့ မြန်မာနဲ့ နှိုင်းယှဉ်ရင် အမေရိကန် နိုင်ငံသားတွေက ရတဲ့ ဝင်ငွေနဲ့ ဘဝကို နောက်ဆံကင်းကင်းနဲ့ ကျေနပ်စွာ ခံစားပျော်ရွင် နိုင်ကြပါတယ်။ မြန်မာနိုင်ငံမှာတော့ တင်းတိမ်ရောင့်ရဲမူနဲ့ ဘဝကို ပျော်ရွင်ကြတာပါ။

ချမ်းသာသူ အများစုက ဘယ်လောက်ရရ လုံခြုံတယ် ဆိုတဲ့ ခံစားမူ မရှိတတ်ဘဲ ကုန်းရုန်း ရှာဖို့ စုဖို့ဘဲ စဉ်းစားနေပြီး ဥစ္စာစောင့်တို့ ပြိသာတို့နဲ့ ပိုတူနေပါတယ်။ ဘီလီလျံနာ သန်း ၁၀၀၀ အထက် ချမ်းသာတဲ့သူကတော့ ၂၀၂၁ စာရင်းအရ တကမ္ဘာလုံးမှာ လူ ၂၇၀၀ ကျော် လောက်ရှိပါတယ်။

လက်ရှိအချမ်းသာဆုံးက Jeff Bezos ပါ။ သူက billion ပေါင်း ၁၇၇ လောက် ချမ်းသာပြီး သူ ချမ်းသာတဲ့ အကြောင်းရင်းကို လေ့လာကြည့်တော့ ကိုဗစ်ကာလ တလျောက် online sale ခေတ်စားလာတဲ့အချိန်မှာ online နဲ့ ပတ်သက်တဲ့ အလုပ်လုပ်မိလို့ ဆိုတဲ့ အချက်ကိုသွားတွေ့တာဟာ စီးပွားရှာတဲ့နေရာမှာ ခေတ်ရေစီးကြောင်းနဲ့ အမှီ လိုက်နိုင်တာဟာ အရမ်းအရေးကြီးတာကိုပြတာပါ။

ကမ္ဘာပေါ်မှာ ဝန်ထမ်းအနည်းဆုံး သူဌေးက အမေရိကန်နိုင်ငံက ပဉ္စမ အချမ်းသာဆုံး Warren Buffet ပါ။ ဝန်ထမ်း ၁၃ ယောက်ဘဲရှိပါတယ်။ ဒါတောင် နှစ်ပေါင်းများစွာ ခန့်ထားပြီးသားဖြစ်နေလို့ မထုတ်ဘဲထားလို့ပါ။ သူက ဒီထက် ဝန်ထမ်းလျော့လို့ရပါသေးတယ်။

(ကမ္ဘာ့ အချမ်းသာဆုံး Jeff Bezos နဲ့ ကမ္ဘာ့ အချမ်းသာဆုံးနေရာမှာ နှစ်ပေါင်းများစွာနေခဲ့တဲ့ ပြီး လက်ရှိ တတိယ အချမ်းသာဆုံး Bill Gates တို့ဟာ အိမ်ထောင်ကွဲထားသူများဖြစ်ကြတော့ ချမ်းသာခြင်းက အိမ်ထောင် မကွဲအောင် ထိန်းသိမ်းဖို့ သေချာတဲ့ အချက် မဟုတ်တာ ညွှန်ပြနေပါတယ်။)

မြန်မာပြည်က ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံထဲမှာပါပါတယ်။ သူဌေးဘယ်လောက်ရှိလဲသေချာ မသိကြပါဘူး။ ကမ္ဘာပေါ်ကနှုန်း ( ၁၄၀ မှာ တယောက် ) အတိုင်းရှိရင် သန်းကြွယ်သူဌေး သုံးသိန်းရှစ်သောင်း လောက် ရှိနိုင်ပါတယ်။

သန်းကြွယ်သူဌေးတွေက အမေရိကန်မှာ ၂၁သန်း၊ တရုတ်မှာ ၅ သန်းခွဲ၊ အိန္ဒိယမှာ ၇ သိန်းနီးပါး၊ ထိုင်ဝမ်မှာ ၆ သိန်း၊ ဟောင်ကောင်မှာ ၅ သိန်း၊ စင်္ကာပူမှာ ၂၇၀၀၀၀ အင်ဒိုနီးရှားမှာ ၁၇၀၀၀၀ ထိုင်းမှာ ၈၆၀၀၀၊ ဖိလစ်ပိုင်မှာ ၈၁၀၀၀ ရှိပါတယ်။ ဗီယက်နမ်မှာ ၁၉၀၀၀ မလေးရှားမှာ ၁၇၀၀၀ ၊ ဘရူနိုင်းမှာ ၁၁၇ ယောက်၊ အဲဒီအရေအတွက်တွေနဲ့ နှိုင်းယှဉ်ရင် မြန်မာနိုင်ငံမှာ သန်းကြွယ်သူဌေးတွေက ကမ္ဘာ့နှုန်းထားအတိုင်း မရှိနိုင်ဘဲ ၅၀၀၀၀ နဲ့ တသိန်းကြားလို့ ခန့်မှန်းရင် ပိုနီးစပ်နိုင်ပါတယ်။

အထူးသဖြင့် ကိုဗစ်ကာလနောက်ပိုင်း မှာ သူဌေးရာထူး အပြောင်းအလွဲ အတော်များပါတယ်။ ၁။ ကွယ်လွန်တဲ့လူက အတိအကျ ပြောလို့မရပေမဲ့ အတော်များခဲ့ပါတယ်။ ၂။ အိမ်ခြံမြေကျဆင်းမူနဲ့ ၃။ မြန်မာငွေ တန်ဖိုးကျဆင်းမူကြောင့် မြန်မာသူဌေးတွေရဲ့ ပိုင်ဆိုင်မူဟာ အနည်းဆုံး ရာခိုင်နှုန်း ၃၀ ကနေ ၅၀ ကြားထဲလောက် ကျဆင်းခဲ့ပါတယ်။ ၄။ အများဆုံးထိခိုက်သူတွေကတော့ နိုင်ငံခြားဘဏ်တွေက အထောက်အပံ့တို့ ချေးငွေတို့ ရရှိနေသူတွေက ရုတ်တရက် မြန်မာငွေ တန်ဖိုးကျဆင်းခြင်းဒဏ်ကို အကြီးအကျယ် ရုန်းကန်နေရပါတယ်။

Billionaire တော့ ၁၀ ၊၂၀ ယောက်လောက် ရှိနိုင်ပါတယ်။ ကမ္ဘာပေါ်က သူဌေးတွေနဲ့ နှိုင်းယှဉ်ရင် မြန်မာပြည် က သူဌေးတွေက income rich ဝင်ငွေအရချမ်းသာတာ မဟုတ်ကြပါဘူး။ (တချို့လူတချို့ တွေက ကျောက်စိမ်းတို့ မူးယစ်ဆေးတို့နဲ့ ချမ်းသာသူတွေ အများကြီးရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ အဲဒါတွေက တရားဝင် မဟုတ်တော့ အတိအကျ ပြောလို့ မရပါဘူး။ အကြမ်းအားဖြင့် ကမ္ဘာ့ ထိပ်ဆုံး အချမ်း သာဆုံး သူဌေး စာရင်း သမိုင်းထဲမှာ ကျောက်စိမ်းသမား၊ ပတ္တမြားတွင်းပိုင်၊ ရွှေတွင်းပိုင်၊ ဆေးရောင်းဝယ် ဖောက်ကားသူတွေ တခါမှ မပါဘူးသေးပါဘူး။

ရဖို့ သိပ်မသေချာတဲ့ ကျောက်စိမ်းတွင်း ရွှေတွင်းတို့ထက်စာရင် ကျောက်စိမ်းတွင်း ရွှေတွင်း သဘာဝ ဓာတ်ငွေ့တွင်းတို့ အတွက် လိုအပ်တဲ့ ယန္တယား၊ စက်ပစ္စည်း၊ လောင်စာဆီ ရောင်းပေးတာတို့ အစားအသောက် ရောင်းပေးတာတို့ သယ်ယူပို့ဆောင် ပေးတာတိုက ချမ်းသာဖို့ ပို သေချာပါတယ်။ နောက်တခုက ကမ္ဘာမှာ လက်ခံတဲ့ ချမ်းသာဖို့ အယူအဆတခုက လူများများနိုင်သလောက် များများရဲ့ ကောင်းကျိုးကို လုပ်နိုင် လေ ချမ်းသာလေပါ။ လူတစုစာ ဒါမှမဟုတ် လူနည်းနည်းစာရဲ့ ဆန္ဒနဲ့ လိုအပ်ချက် ကို ဖြည့်ဆည်းပေးရုံနဲ့ ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ် မဖြစ်နိုင်ပါဘူး။)

ပိုင်ဆိုင်မူအရချမ်းသာတာ property rich ပါ။ ဒါကလည်း ပြီးခဲ့တဲ့ ၁၀ ၊ ၁၅ နှစ်အတွင်းမှာ အိမ်မြေစျေး အရမ်းတက်ပြီး ချမ်းသာသွားကြတာပါ။ ဒီလို ချမ်းသာသွားတာကို မုဒိတာပွားနိုင်ပေမဲ့ တိုင်းပြည်အတွက် လုံးဝမကောင်းဘူးဆိုတာ သိစေချင်ပါတယ်။ အဲဒီလူတွေချမ်းသာသွားတယ်လို့ ပြောနိုင်တာထက် တနိုင်ငံလုံးက ကျန်တဲ့သူတွေ အိမ်မြေ မဝယ်နိုင်တော့တဲ့အတွက် မွဲသွားတယ်လို့ ပြောရင်ပိုမှန်ပါတယ်။

property rich သမားတွေက ဓနခွဲဝေမူ နည်းတတ်ပါတယ်။ အလုပ်အကိုင်လဲ မဖန်တီးပေးနိုင် ပါဘူး။ နောက်ပြီး ထုတ်ကုန်တခုခုလည်း မထုတ်တတ်ပါဘူး။ နောက်ပြီး property rich တွေက ပိုချမ်းသာကြတဲ့အတွက် သူတို့က သုံးစရာရှိရင် နိုင်ငံခြားထွက် ပြီးသုံးကြပါတယ်။ ဥပမာ နိုင်ငံထွက်ပြီး shopping သွားတာမျိုး အလည်သွားတာမျိုး ဆေးကုတာမျိုး ကလေးကျောင်းထားတာမျိုးပါ။ ဒါကြောင့် သူတို့ချမ်းသာတာကလွဲရင် နိုင်ငံထဲမှာ တခြားလူကို အန္တရာယ်ပိုဖြစ်စေပါတယ်။ ကိုယ်တိုင်ကလည်း ကြာလေ ဥစ္စာစောင့်နဲ့ ပိုတူလာလေပါ။

income rich ကတော့ အလုပ်ကိုင်သစ် ဖန်တီးပေးတတ်ပါတယ်။ ဓနခွဲဝေမူလည်းဖြစ်ပါတယ်။ ထုတ်ကုန်လည်းထုတ်ပါတယ်။ ဒါကြောင့် ကာယကံရှင်ရောအလုပ်သမားရော နိုင်ငံရော ကောင်းပါတယ်။ နိုင်ငံစီးပွားလည်းတက်စေပါတယ်။ income rich က မြန်မာပြည်မှာ နည်းပါတယ်။ တနှစ်ကို ဒေါ်လာ ၁ သန်းအထက် ဝင်ငွေရှိတဲ့လူ ကမ္ဘာပေါ်မှာ လူ ၆ သိန်းကနေ ၉၀၀၀၀၀ ကြားထဲ ရှိနိုင်ပြီး အမေရိကန်မှာတော့ ၂၀၁၅ စာရင်းအရ တနှစ်ကို ဒေါ်လာ တသန်း အထက်ဝင်ငွေရှိသူပေါင်း ၃၀၀၀၀၀ လောက်ရှိပါတယ်။ လူ ၇၀၀၀၊ ၈၀၀၀ မှာ တယောက်ဆိုပါတော့ မြန်မာပြည်မှာတော့ လွန်ရော ကျွံ ရော လူ ၄၀၀၀၊ ၅၀၀၀ ထက်မပိုနိုင်ပါဘူး။ လူ တသောင်းမှာ တယောက်နှုန်းထက် နည်းနိုင်ပါတယ်။

ရန်ကုန် လို မြို့ကြီးမှာ ဘွဲ့ရ လုပ်သက် နှစ်နှစ်ရှိတဲ့ လူငယ် အများစု ရဲ့ ဝင်ငွေက တလကို ၅ သိန်းအောက်မှာဘဲ ရှိပါသေးတယ်။ အကြမ်းအားဖြင့် ထောင်စုနှစ်ကာလ ၂၀၀၀ ခုနှစ် ပတ်ဝန်းကျင် မွေးဖွားသူ millennials တွေဟာ သူတို့ရဲ့ မိဘ အရွယ် baby boomer ခေတ်မှာ မွေးဖွားသူတွေလောက် သုံးစွဲနိုင်စွမ်းရှိတဲ့ ဝင်ငွေ (purchasing power ) မကောင်းနိုင်တော့ပါဘူး။ ချမ်းသာတဲ့ နိုင်ငံတွေမှာလည်း အဲဒီလိုဘဲ ဖြစ်နေတာပါ။

အခု မြန်မာနိုင်ငံမှာ တရားဝင် ထုတ်ပြန်ကြေညာတာမျိုးမရှိပေမဲ့ အမြဲနေပြီးစီးပွားရေးလုပ်နေတဲ့ နိုင်ငံခြားသားတွေ သိန်းဂဏန်းရှိနေပါပြီ။ ကန့်သတ်ထားတဲ့ လုပ်ငန်းက လွဲပြီး လုပ်ငန်းပေါင်းစုံ လုပ်နေပါပြီ။ အဲဒီလူတွေက နိုင်ငံတကာက အတွေ့အကြုံ နည်းပညာ အဆက်အသွယ် ပိုရှိပြီး အရင်းအနှီးပိုကြပါတယ်။ ဒါအပြင် အရမ်းကြိုးစားကြပါတယ်။ လုပ်သက် အတွေ့အကြုံရှိတဲ့ လူငယ်တွေကို တလ ၅ သိန်း ကျော် အောင်ပေး ခန့်နေတဲ့ လုပ်ငန်းရှင်တွေက အဲဒီ နိုင်ငံခြားသားတွေဖြစ်နေပါပြီ။

SME small and medium enterprises လုပ်နေတဲ့ မြန်မာနိုင်ငံသား အဖေအမေတွေက သားသမီးတွေအတွက် တည်ငြိမ်တဲ့ အလုပ် မဖန်တီးပေးနိုင်တော့ပါဘူး။ သားသမီးတော်တော်များများက ဝန်ထမ်း စဖြစ်နေပါပြီ။ စျေးကွက်အနေအထား သေချာ မလေ့လာနိုင်တဲ့ မြန်မာသူဌေးများလည်း လုပ်ကွက်ပျောက်တော့မှာပါ။ ဥပမာ အိမ်မြေဆိုပါတော့ ကွန်ဒို တလုံးဆောက်ပြီး လက်တွေ့မကျတဲ့ စျေးနှုန်းခေါ်ပြီး မရောင်းဘဲထားပြီး ထိုင်စောင့်ကြမှာ မြန်မာသူဌေးတွေပါ။

နိုင်ငံခြားသားတွေတော့ အရောင်းအဝယ်ဖြစ်နိုင်မဲ့ စျေးနှုန်း ဒါမှမဟုတ် နည်းလမ်းတွေတခါထဲရှာလာပြီးရောင်းထွက်အောင် အလုပ်ဖြစ်အောင် လုပ်သွားမှာပါ။ တခုခြင်းမှာ အမြတ်များများတင်ရောင်းထက် အရေအတွက်များများ ကို အမြတ်နည်းနည်းနဲ့ ရောင်းတာမျိုး ဝန်ဆောင်မူ ပိုပေးတာမျိုး ဖောက်သည်ရှိတဲ့နေရာ အထိ လိုက်ရောင်းတာမျိုး လုပ်လာကြတော့မှာပါ။ ဘဏ်တွေဆိုရင်လည်း တကယ် အလုပ်လုပ်မဲ့ လုပ်ငန်းရှင် တွေကို ထုတ်ချေးပေးတာမျိုး လုပ်ရတော့မှာပါ။ အခုအချိန်မှာတော့ မြန်မာပြည်က
ဘဏ်သူဌေးက လာအပ်တဲ့ငွေတွေကို သူတို့ ကိုယ်ပိုင်လုပ်ငန်းတွေလုပ်ဖို့ ကိုယ့်ဖာသာကိုယ်ဘဲပြန်ချေးတာပါ။ အပြင်လုပ်ငန်းရှင်တွေကို ချေးပေးတာမျိုး အရမ်းနည်းပါတယ်။ အကြမ်းအားဖြင့်တော့ property rich ကြတဲ့ မြန်မာသူဌေးတွေက income rich ဖြစ်အောင် မလုပ်ရင် ရေရှည်ရပ်တည်ဖို့ ခက်သွားပါလိမ့်မယ်။

၂၀၂၂ အခြေအနေ၊ သန်းကြွယ် သူဌေးတွေ သန်းကြွယ် သူဌေးရာထူး မပြုတ်အောင် အတော်ကြိုးစားနေ ကြပါတယ်။ လုပ်ငန်းချဲ့ဖို့ မပြောနဲ့ ထိန်းထားနိုင်အောင် မနည်းကြိုးစားနေကြရတာပါ။ တချို့လည်း အဖတ်ဆယ်နိုင်အောင် မနည်းကြိုးစားနေကြရတာပါ။ အမြန်နောက်ဆုတ်မိသူတွေက ရှေ့ကို ရောက်လာကြပါတယ်။ ၉၀ ရာခိုင်နှုန်းသော လုပ်ငန်းရှင်တွေက စောင့်ကြည့်ဖို့ ဆုံးဖြတ်ကြပါတယ်။

(ကိုဗစ်ကာလမှာ သေဘေးနဲ့ အရမ်းနီးတာ သဘောပေါက်သွားကြလို့ ဘာသာရေးတို့ ကျန်းမာရေးတို့ လုံခြုံရေးတို့ ဦးစားပေးလုပ်ဖို့ ဆုံးဖြတ်တဲ့ လုပ်ငန်းရှင် အတော်များသွားပါတယ်။ ကိုယ်လက် ကျန်းမာရေး လုပ်တာဟာ social status တခုအနေနဲ့ သတ်မှတ်လာကြပြီး ဖက်ရှင် တခု ဖြစ်စပြုနေပါပြီ။ ဘဝကို enjoy ခံစားဖို့ ပိုဦးစားပေးလာကြပါတယ်။)

အရင်းအနှီးနဲ့ အတွေ့အကြုံများတဲ့ မြန်မာ့သန်းကြွယ်သူဌေးတွေ နိုင်ငံရဲ့ ( စီးပွားရေး အင်ဂျင် ) က “စောင့်ကြည့်” ဖို့ ဆုံးဖြတ်ကြတာဟာ မြန်မာနိုင်ငံစီးပွားရေး ထိခိုက်ဖို့ အရေးကြီးတဲ့ အချက်တခုပါ။ ဘာလုပ်ရင် ကောင်းမလဲ? လုပ်ငန်းရှင် သူဌေးအများစုက နားပြီး စောင့်ကြည့်ကြမှာဆိုတော့ အမြန်ကြီးပွား ချမ်းသာချင်ရင် အခု အချိန်က အခွင့်ကောင်း ဖြစ်နိုင်ပါတယ်။ တနိုင်တပိုင် လုပ်ငန်းတွေ လုပ်မယ်ဆိုရင် စမ်းကြည့်သင့်ပါတယ်။ (Tin Shin)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page