ဆန်ပြတ်တော့မှာလား၊ လှောင်ထားရမလား ဆိုတဲ့မေးခွန်းအပေါ် ဆန်လောကသားတဦးရဲ့ အဖြေများ

ဆန် အော်ဒါတွေ တက်တာ မြင်မကောင်းဘူး ဆန်မပြတ်ပါဘူး။ စျေးပဲတက်မှာ၊ ရွှေဘိုစျေးတက်ရင် ရွှေဘိုမစားနဲ့။ ရွှေဘိုစားမှ ထမင်းဖြစ်တာတော့ မဟုတ်ဘူး။ ဧရာရွှေဘို ၊ ကြားပျံ ၊ ဧရာပေါ်ဆန်းစား ဆန်သား အာမခံတယ်။ စျေးသက်သာတယ်။

ရွှေဘိုအတင်းစွတ်ဝယ်တော့ ရွှေဘိုတက်တဲ့နောက် ဧရာဝတီပေါ်ဆန်းတွေလဲ လိုက်တက်ကုန်ရော။ စားသုံးသူတွေက လုဝယ်၊ ဒိုင်တွေ က လုသိမ်း၊ စျေးတွေ က စွတ်တက်၊ ပစ္စည်း က မထွက်၊ လုံးလည်ချာလည်လိုက်နေတာပဲ။

ဒိုင်တွေ က တက်မှာသိတော့ ကြိုဝယ်ပြီး လှောင်တာပေါ့။ အဲ့ဒီမှာတင် ပစ္စည်းကပြတ်၊ အိမ်စားတွေ အများကြီး ဝယ်ပြီး သိမ်းထားရင်တော့ ပိုးတက်ပြီး ပစ်ရတာပဲဖြစ်မယ်၊ အတင်းစွတ်ဝယ်တော့ ဒိုင်တွေ က အကြိုက်တွေ့ပြီး စျေးတွေ အော်ပျံကုန်ရော။

ဆန် မပြတ်ဘူး။ အတင်းစွတ်ဝယ်ရင် တက်ရမယ့် စျေးထက်ပိုတက်လိမ့်မယ်။ ဆန် က တစ်နိုင်ငံလုံးစိုက်တယ်။ ပြည်ဖက် တစ်ကျော က ကောက်ကြီးစိုက်တယ်။ ကောက်ကြီးစားတယ်။ ရှမ်းပြည် က ရှမ်းဆန်စားတယ်။ မွန်ဖက်မှာလဲ စိုက်တာပဲ။ မန္တလေး က ရွှေဘိုများတယ်။ အောက်ပြည် က ဆန်တောင် အထက်သိပ်မတက်ဘူး။ အထက်ကရွှေဘိုသာ အောက်ဆင်းတာ။

ဧရာဝတီက ဆန်တွေပဲ အဓိက ရန်ကုန်စျေးကွက်တက်တာ။ ဆောင်းကျရင် ဧရာဝတီမှာ ဆန်သစ်ပေါ်အုံးမယ်။ ဒါကြောင့် ဆန်မပြတ်ဘူးလို့ပြောတာ၊ စားသောက်ကုန်စျေးတွေ စွတ်တက်နေလို့ ကိုယ်သိတဲ့ အပိုင်း ကို စိတ်မပူရအောင်ပြောပေးတာ။ ဆန်တွေ အများကြီးဝယ်မလှောင်ထားနဲ့ ၃-၆လ စာပဲဝယ်။ အကောင်းဆုံးက (၃) လပဲ။

ဆန်တွေ ဘယ်ရောက်သွားလဲဆိုတော့ လှောင်ထားတဲ့ ဒိုင်တွေ ဆီရောက်သွားမှာ။ သူတို့ လဲ အများဆုံးလှောင်နိုင် ၃ လ ကနေ ၆ လ ပါပဲ ပိုးထိုးလာရင် အတင်းထိုးရောင်းရမယ်။ တစ်နိုင်ငံလုံး ထိနေတဲ့ ကိစ္စ ကိုယ်တစ်ယောက်တည်း ကွက်ထိနေတာမှမဟုတ်ပဲ။ လုပ်ငန်းကြီးလေ ပိုထိလေပဲ၊

စိတ်အေးအေးထား၊ လေဝဝရူ၊ ရေများများသောက် တရားလေးနာနေ ကုသိုလ်စိတ်နဲ့နေရင် ကုသိုလ်ရတယ်။ သွေးတက်မနေနဲ့၊ ပြီးရင်ဖြစ်ပေါ်နေတဲ့ အခြေအနေမှာ ကိုယ်တတ်နိုင်သလောက် အကောင်းဆုံးဆောင်ရွက်ဖို့ကြိုးစား၊ ဘဝ က ဒါ နဲ့ ပြီးမသွားသေးဘူး။ မသေမချင်း လုပ်စရာတွေအများကြီးရယ် (Jack Chen)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page