သူနာပြုလေး တဦးရဲ့ မရှက်မကြောက် ပွင့်ပွင့်လင်းလင်း ပြောလိုက်တဲ့ ဖွင့်ဟဝန်ခံချက်

ပြည်သူ့ထံပေးစာ၊ ကျွန်မတို့ကို သူနာပြု လို့ခေါ်နိုင်ပါတယ် ဆရာမ လို့သုံးနိုင်ပါတယ် nurse လို့လည်းပြောနိုင်ပါတယ်။ အပြာမ အနီမ nurse မ ဆိုတဲ့ ကိုယ့်အဆင့်အတန်းကိုဖော်ပြတဲ့စကားလုံးမျိုးကို ကြမ်းတမ်းတဲ့ပါးစပ်က ထွက်နိုင်ပေမယ့် နားမခံသာလို့ပါရှင် ။

ရှင်တို့ဘယ်လောက်ငွေတွေ ပေါနေပေါစေ။ အထက်တန်းကျကျ ဝတ်ထားပါစေ။ အဆင့်အတန်းဆိုတာ စကားလာရာက မြစ်ဖျားခံ စမြဲမို့ပါ။ ကိုယ်ချင်းလေးစာပြီး အခေါ်ခံကြည့်စမ်းကြပါဦး။ ဆေးရုံကို ၇ နာရီအရောက်သွားရပါတယ်။ ရောက်တာနဲ့လက်အိပ်စွပ် ဖုန်သုတ် (dusting) လုပ်ရပါတယ်။

ဖုန်သုတ်တာဟာ ရှက်စရာလို့ ကျွန်မ ပထမနှစ်သင်တန်းသူဘဝက ခံစားဖူးပါတယ်။ အိမ်မှာ သခင် လိုနေရတဲ့ကျွန်မ ဆေးရုံမှာ လူနာတွေရှေ့မှာ ဖုန်သုတ်ရတော့ ရှက်ခဲ့ပါတယ်။ ညညဆိုတစ်ယောက်တည်း ကြိတ်ငိုမိပါတယ် ။ အခုတော့ ကျွန်မ မရှက်တော့ပါဘူး။ လူနာနေရာညစ်ပတ်ရင် ရောဂါမျိုးစုံဝင်လာနိုင်တယ် ဝေဒနာတစ်ခုမပျောက်ခင် နောက်ဝေဒနာထပ်ဆင့်မှာကို ကာကွယ်ရမယ့်တာဝန်ကျွန်မတို့မှာရှိပါတယ် ဒါကြောင့် လူနာရဲ့သန့်ရှင်းမှုကိုကူညီရတာကို ဂုဏ်ယူတတ်ခဲ့ပါတယ်။

ရှင်တို့ရော …. ရှင်တို့သန့်သန့်ပြန့်ပြန့်ဝတ်စားထားတဲ့ အဝတ်တွေကို နေ့စဉ်ဖုန်သုတ်နိုင်ပါရဲ့လား သုတ်ဖို့ဘယ်လိုပါ့မလဲ သန့်ရှင်းရေးတွေရှိတာကိုး။ မင်းတို့အလုပ် မင်းလုပ်ဆိုရင် လုပ်ပါ့မယ်။ ကျွန်မတို့အလုပ်ကိုမရှုံ့ချပါနဲ့။ အိမ်ပြန်ရင် သမီးအကျီင်္အဖြူတွေမည်းနေတာပဲ အဝတ် ဝတ်တာ မသပ်ရပ်လိုက်တာ ဆိုတဲ့မေမေ့ကို သမီးဖုန်သုတ်လာရတာလို့ မပြောရက်လို့ မိဘဘက်ကတွေးရင် ဝမ်းနည်းရမည့်ကိစ္စမို့ ညာနေရတဲ့သူနာပြုသမီးတစ်ယောက်ရဲ့ခံစားချက်ကို မမြင်နိုင်ခဲ့ဘဲနဲ့များရှင်။

ဆေးထိုးဖို့ ပုလင်းတွေခွဲတိုင်း ရှရာတွေနဲ့ A မသိ B မသိ C မသိတဲ့ရောဂါပေါင်းစုံကြားထဲ သွေးညှီပြည်ပုပ်ကြားထဲမှာ အချိန်မှန် ဆေးလိုက်ထိုးတဲ့ ဆရာမတွေကို ရှင်တို့ကတော့ ဒါနင်တို့အလုပ် နင့်ဘာသာနင် ပေါ့ဆတာဘဲဆိုပြီး ပြောဆိုနေပေမယ့် အပြုံးမပျက်ခဲ့ပါဘူး။ လူနာကို မစောင့်ရှောက်လို့ ညစ်ပတ်နေလို့ဂရုဏာဒေါသနဲ့အော်မိတဲ့ အချိန်ကျတော့ မျက်နှာမဲ့ကြပါလားနော်။

“ဆရာမ မျက်နှာမြင်ရင် ရောဂါတစ်ဝက်သက်သာတယ် မကြောက်တော့ဘူး အားရှိတယ် ကျေးဇူးတင်လိုက်တာဆရာမရယ်” ဆိုတဲ့ ရှိခိုးမတက်ပြောနေတဲ့ အဖိုးအဖွားတွေရဲ့ အသံအပိုင်းအစအနည်းငယ်လေးနဲ့ စော်ကားသမျှ နာကျည်းသမျှ ဒေါသထွက်ရသမျှ အားလုံးပျောက်ပျက်ပြီး ကျေနပ်ခဲ့တဲ့ မီးအိမ်ရှင်မလေးတွေ အများကြီးပါ။ ရှင်တို့ကို ဒေါသထွက်ချေပနေမည့်အစား ရှင်တို့လိုမျိုး မဖြစ်အောင် ကြိုးစားနေထိုင်သွားတော့မယ်လို့ တွေးမိပါတယ်။

တစ်ယောက် မကောင်းမှုကြောင့် တစ်ခုလုံးကို ခြုံငုံမစော်ကားလိုက်ပါနဲ့ လောကမှာ ဖြူစင်ရဲရင့်တဲ့ မီးအိမ်ရှင်မလေးတွေ အများကြီးပါ။ အမြင်ပန်းနဲ့တင် ဘာမှ မဝေဖန်မရေးသားလိုက်ပါနဲ့။ ငွေကြေးအရမ်းအဆင်မပြေတဲ့ လူနာတွေဆို အလှူရှင်အသင်းတွေနဲ့ တတ်နိုင်သလောက်ချိတ်ဆက်ပေး အစိုးရက အလကားပေးသမျှတွေကို ပေးနိုင်သလောက်ပေး တစ်ခါတစ်လေ သနားလွန်းလို့ ကိုယ့်ပိုက်ဆံအိတ်ထဲက တတ်နိုင်သလောပ်လေးထုတ်ပြီး လှူဒါန်းတာတွေလည်း ရှိပါတယ်။

ကလေးငယ်တွေ ဆေးရုံခေါ်လာရင် ရောဂါရမှာစိုးလို့ ပညာပေးရတာလဲ အမောပါပဲ။ ဒေါသမှာ ကရုဏာထားပြီး အော်မိဖူးပါတယ်။ ကျွန်မတို့တွေ သေသင့်တဲ့အပြစ်များ ကျူးလွန်မိကြတာလား တွေးရက်လိုက်ကြတာရှင်။ ရှင်တို့ မမြင်နိုင်မတွေ့နိုင်ခဲ့တဲ့ ကျွန်မတို့ မျက်ရည်တွေ အများကြီးပါ။ နားလည်မှာလဲ မဟုတ်ပါဘူး နားမလည်ချင်ရင်တော့ အဆိုးဆုံးပေါ့ရှင်။

လူဆိုတာ တစ်နေ့ဒီလမ်းဘဲသွားရတာပါ။ ရှင်တို့အတွက် ကျွန်မတို့ အပြုံးတွေ ရှိနေမှာပါ။ နွေးထွေးမှုတွေပေးနေမှာပါ။ ရှင်တို့ကို ပြုစုပေးတဲ့ ကျွန်မတို့လက်တွေက နူးညံ့နေဦးမှာပါ ။ စိုင်းစိုင်းဆိုသလို သူနာပြုလေးလိုအပြုအစုကောင်းလား သိချင်သေးရဲ့ ဆိုတဲ့အတွေးမျိုး တော့ လူမဆန်မတွေးကြနဲ့ပေါ့ရှင် (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page