ပျင်းရိဖွယ်ခြေစွမ်းဖြင့် စကစမြန်မာအသင်း တာဂျစ်ကစ္စတန်အသင်းကို ဂိုးပြတ်ရှုံးနိမ့် (ရှုံးမြဲ ရှုံးဆဲပါပဲ)

၂၀၂၃ ခုနှစ်မှာ ကျင်းပမယ့် အာရှဖလား ပြိုင်ပွဲအတွက် တတိယအဆင့် ခြေစစ်ပွဲ အဖြစ် တာဂျစ်ကစ္စတန် အသင်းနဲ့ မြန်မာအသင်းတို့ ယနေ့ ယှဉ်ပြိုင် ကစားခဲ့ပါတယ်။ ကမ္ဘာ့အဆင့် ၁၁၄ ရှိတဲ့ တာဂျစ်ကစ္စတန် အသင်းဟာ အဆင့် ၁၅၂ ရှိတဲ့ မြန်မာအသင်းကို သက်တောင့်သက်သာစွာ ယှဉ်ပြိုင်ကစားပြီး ၄-၀ ဂိုးနဲ့ အနိုင်ရရှခဲ့ပါတယ်။

ပျင်းရိငြီးငွေ့ဖွယ်ကောင်းတဲ့ ခြေစွမ်းနဲ့ တက်ကြွမှု မရှိတဲ့ မြန်မာအသင်းဟာ တာဂျစ်ကစ္စတန် အသင်းကို ပထမပိုင်းမှာပဲ အနည်းငယ် အပြန်အလှန် ကစားနိုင်ပြီး ဒုတိယပိုင်းမှာတော့ သက်လုံးကျဆင်းမှုနဲ့အတူ ဂိုးပြတ် အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။

တာဂျစ်ကစ္စတန် အသင်းဟာ ပွဲအစ (၉) မိနစ်မှာ ပထမဆုံး ဂိုးကို သွင်းယူခဲ့ပြီး ၅၆ မိနစ်မှာတော့ ပင်နယ်တီမှတဆင့် ဒုတိယဂိုးကို သွင်းယူခဲ့ပါတယ်။ အဲဒီနောက် တမိနစ်အကြာ ၅၇ မိနစ်မှာပဲ ဒုတိယဂိုးကို သွင်းယူခဲ့ပြီး ပွဲပြီးကာနီး ၈၅ မိနစ်မှာ စတုတ္ထဂိုးကို သွင်းယူခဲ့တာ ဖြစ်ပါတယ်။

စကစ လက်အောက်ခံ မြန်မာအသင်းဟာ ဇွန်လ ၁၁ ရက်နေ့မှာ ကာဂျစ်စတန်အသင်း၊ ဇွန်လ ၁၄ ရက်နေ့မှာ စင်ကာပူအသင်းတို့နဲ့ ဆက်လက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

အာရှဖလား ခြေစစ်ပွဲမှာ အုပ်စုပထမ ရတဲ့ အသင်းက ခြေစစ်ပွဲအောင်မြင်မှာ ဖြစ်ပြီး အကောင်းဆုံး ဒုတိယရတဲ့ ၅ သင်းလည်း ခြေစစ်ပွဲ အောင်မြင်မှာ ဖြစ်ပါတယ်။ ယခုပွဲ ဂိုးပြတ် ရှုံးနိမ့်မှုကြောင့် စကစ မြန်မာအသင်းအနေနဲ့ ခြေစစ်ပွဲ အောင်မြင်ရန် အလှမ်းဝေးသွားပြီ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အားပေးမှုကို မရရှိတဲ့ စကစ မြန်မာအသင်းဟာ နာမည်ကြီး ကစားသမားများ ပါဝင်ခြင်း မရှိဘဲ နီးစပ်ရာလူများဖြင့်သာ အသင်းဖွဲ့စည်းနေရတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page