လက်ရှိအချိန်မှာ ဆန်တွေ ဝယ်လှောင်သင့်၊ မလှောင်သင့်ဆိုတဲ့ မေးခွန်းတွေရဲ့ အဖြေ

လတ်တလောကာလမှာ ရွှေဘိုပေါ်ဆန်းမွှေး တအိတ်ကို လက်လီဈေး တသိန်းနီးပါးအထိ ရှိနေပြီး လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတဲ့ ဒေသတွေမှာ တသိန်းကျော်အထိ ပေါက်ဈေး ရှိနေတာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းမှာ တိုက်ပွဲများကြောင့် စိုက်ပျိုးမြေဧရိယာ အပြည့် မစိုက်ပျိုးနိုင်ခြင်း၊ ဧရာဝတီတိုင်းမှာ အထွေထွေ ကုန်ကျစရိတ် မြင့်တက်မှုကြောင့် စိုက်ပျိုးစရိတ် မြင့်တက်လာခြင်း၊ စကစရဲ့ ဒေါ်လာ ပုံသေဈေးနှုန်းတွေကြောင့် မြန်မာကျပ်ငွေ တန်ဖိုး လျော့ကျခြင်း စတဲ့ အချက်တွေကြောင့် ဆန်ဈေးဟာ ဆက်လက် မြင့်တက်မယ့် အခြေအနေမှာ ရှိနေပါတယ်။

ဆန်ဈေးကြီးမြင့်လာတာနဲ့အတူ ဆန်ပြတ်လပ်မှု ဖြစ်ပေါ်လာမှာကိုလည်း ပြည်သူတွေက စိုးရိမ်လျက် ရှိတာကြောင့် ဆန်တွေ ဝယ်လှောင်ထားရမလားဆိုတဲ့ စိုးရိမ်တကြီး မေးခွန်းတွေလည်း ထွက်ပေါ်လာပါတယ်။

မြန်မာပြည်ရဲ့ မရှိမဖြစ် စားသောက်ကုန်ပစ္စည်းထဲမှာ ပါဝင်တဲ့ ဆန်ဟာ ပြည်တွင်းမှာပဲ ဖူလုံအောင် စိုက်ပျိုးနိုင်သေးတဲ့ အခြေအနေမှာ ရှိပါတယ်။ စားသုံးဆီနဲ့ တခြား မီးဖိုချောင်သုံး ပစ္စည်းအများအပြားကတော့ နိုင်ငံခြားကနေ တင်သွင်းနေရတာ ဖြစ်ပါတယ်။ စားသုံးဆီ ဈေးကွက်မှာလည်း ထုတ်ပြန်ဈေးနဲ့ အပြင်ဈေးနှုန်း ထက်ဝက်မက ကွာခြားနေပြီး ဆီလုပ်ငန်းရှင်များ အသင်းကြီးက ကျေးဇူးကြီးလှစွာဖြင့် လူတဦးလျှင် ၅၀ သားစီ တန်းစီစနစ်နဲ့ ခွဲတမ်းရောင်းချပေးနေပါတယ်။

လက်ရှိအချိန်မှာ ကျပ်ငွေတန်ဖိုး လျော့နေတာကြောင့်သာ ဆန်ဈေးကြီးနေတာ ဖြစ်ပြီး လာမယ့် သုံးလအတွင်းမှာ မိုးစပါးများ ပေါ်ထွက်လာမှာ ဖြစ်တာကြောင့် ဆန်ပြတ်တောက်မှု မရှိနိုင်ဘူးလို့ ဈေးကွက်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။ ယခုအချိန်မှာ စိုးရိမ်တကြီးနဲ့ ဝယ်ယူပြီး လှောင်ထားပါက စိုထိုင်းဆ များခြင်း၊ ပိုးထိုးခြင်း စတဲ့ သိုလှောင်မှု ပြဿနာများနဲ့ ကြုံတွေ့ရပြီး အလာဟဿ ဖြစ်သွားနိုင်တယ်လို့လည်း အကြံပေးပါတယ်။

တချို့ကလည်း စပါးစိုက်ပျိုးဧရိယာ မည်ရွေ့မည်မျှ လျော့ကျသွားတာကို မတွက်ချက်နိုင်သေးဘဲ ဆန်ဖူလုံတယ်လို့ ပြော၍ မရသေးကြောင်း၊ မိုးစပါး ပေါ်လာချိန်မှာ စက်သုံးဆီ တလီတာ ၅၀၀၀ ဝန်းကျင် ဖြစ်နေပါက သယ်ယူစရိတ်ရော၊ ဆန်ဖိုးရော ပိုကုန်မှာ ဖြစ်ကြောင်း၊ အဓိကက စီးပွားရေး ပြိုလဲမှုကို ပြန်လည် တည့်မတ်နိုင်အောင် လုပ်မှသာ ပုံမှန်နီးပါး ပြန်ဖြစ်နိုင်မှာ ဖြစ်ကြောင်း မှတ်ချက်ပြုပါတယ်။

ပြည်သူများအနေနဲ့ လက်ရှိအချိန်မှာ ဆန်တွေ လှောင်ထားရမှာလား၊ မလှောင်ထားရမှာလား ဝေခွဲ မရဖြစ်နေပြီး ဆန်ဈေးတွေ အလွန်အကျွံတက်သွားမှာကိုလည်း စိုးရိမ်ပူပန်လျက် ရှိပါတယ်။ ကုန်သည်များအနေနဲ့လည်း ပြည်တွင်း စားသုံးမှု ဖူလုံမှသာ နိုင်ငံခြားသို့ တင်ပို့စေလိုတယ်လို့ မှတ်ချက်ပြုနေကြပါတယ်။ ဆန်လုပ်ငန်းရှင်ကြီးများ အသင်းကလည်း တအိမ်ထောင်နဲ့ ဆန်တအိတ်နဲ့ မည်သူမဆို လာရောင်ဝယ်ယူနိုင်တယ်လို့ ပြောထားပေမယ့်လည်း မသွားမီက ကုန်နှင့်သည်ဆိုတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့နေရပါတယ်။ ဆန်လှောင်ထားသင့်၊ မလှောင်ထားသင့်အပေါ် အမြင်အမျိုးမျိုး ရှိပေမယ့် သေချာတာ တခုက ဆန်ဈေးတွေအနေနဲ့ လက်ရှိထက် ပိုမို မြင့်တက်လာမှာကတော့ ဧကန်အမှန်ပဲ ဖြစ်ပါတော့တယ် ခင်ဗျာ။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page