လိုင်စင်မဲ့ကားကို ရဟန်းတွေ စီးရင် အပြစ်ရှိ/မရှိ ဆိုတဲ့ မေးခွန်းရဲ့ အဖြေ

“လိုင်စင်မရှိသည့်ကားကို ဝယ်ရန် ရဟန်းကို ခွင့်ပြုအပ်ပါသလား ဘုရား…?” အဖြေကတော့ ခွင့်မပြုအပ်ပါ။ အကြောင်းကား အခွန်ပေးပြီးမှသာလျှင် ဝယ်ရန် ခွင့်ပြုအပ်သောကြောင့်တည်း။

ရဟန်းတစ်ပါးအနေဖြင့် လိုင်စင်မဲ့ကား ရရန် နည်းလမ်း ၃ – လမ်းရှိကြသည်။ ၄င်းတို့မှာ (၁) အလှူရှင့်ထံမှ လက်ခံရရှိခြင်း၊ (၂) ရောင်းသူ့ထံမှ ဝယ်ခြင်း၊ (၃) နယ်စပ်က အကောက်ခွန်ဂိတ်ကို ဖြတ်၍ ယူလာခြင်း တို့ဖြစ်ကြသည်။

(၁) အလှူရှင်က လိုင်စင်မဲ့ကားကို ဝယ်ပြီး ရဟန်းအား လှူသည်။ ရဟန်းသည် ရဲအရေးယူမခံရနိုင်ပါ။ အကြောင်းကား အလှူရှင့်ထံမှ အလှူခံရရှိရုံသာ ဖြစ်သောကြောင့်တည်း။ လိုင်စင်မဲ့ကားဖြစ်သည်ကို သိလျှင် ရဲစခန်းသို့ ပို့ရမည်။

(၂) ရဟန်းက ရောင်းသူ့ထံမှ လိုင်စင်မဲ့ကားကို ဝယ်သည်။ ရဟန်းသည် ရဲအရေးယူခံရလိမ့်မည်။ အကြောင်းကား ရဟန်း၏ဝယ်ခြင်းသည် ဥပဒေနှင့် သိသိသာသာကြီး ဆန့်ကျင်နေသောကြောင့်တည်း။ ထို့ပြင် တရားစွဲခံရလိမ့်မည်။ ပြစ်ဒဏ်သည် တရားသူကြီးအပေါ် မူတည်သည်။ ပြစ်ဒဏ်မှာ ထောင်ဒဏ်နှင့်ငွေဒဏ် နှစ်မျိုးစလုံးပါသည်။

(၃) ရဟန်းက အကောက်ခွန်ဌာနကို လိုင်စင်မဲ့ကားအတွက် အကောက်ခွန် မပေးဖို့ ဆုံးဖြတ်သည်။ ဤဆုံးဖြတ်ချက်သည် ခိုးရန်စေတနာ ဖြစ်သည်။ ထိုစေတနာဖြင့် နယ်စပ်ကအကောက်ခွန်ဂိတ်ကို ဖြတ်၍ ထိုကားကို ကိုယ်တိုင် ယူလာသည်။ သို့မဟုတ် အခြားတစ်ယောက်ကို ယူလာခိုင်းသည်။

ထိုကားအတွက် အကောက်ခွန်မှာ ပါရာဇိကအာပတ်ကို ဖြစ်စေသည့် ငွေပမာဏရှိသည်။ ထို့ကြောင့် အကောက်ခွန်ဂိတ်အပြင်ဘက်သို့ ထိုကား၏နောက်ဘီးတို့ ရွေ့ကြသည်နှင့်တစ်ပြိုင်နက် ရဟန်းသည် ပါရာဇိကအာပတ်သင့်သည်။ အကယ်၍ အကောက်ခွန်အရာရှိက အခွန်မကောက်ဘဲ ရဟန်းကို သွားခွင့်ပြုလျှင် ထိုကားကို ဘုန်းကြီးကျောင်းသို့ ယူလာနိုင်သည်။ သို့သော် ရဟန်းသည် ရဲအရေးယူခံရလိမ့်မည်။

(ယနေ့ရွှေတစ်ကျပ်သားစျေး ၏ သုံးပုံတစ်ပုံသည် ဘုရားရှင်ခေတ်က ငွေတစ်ကျပ်နှင့် ညီ မျှသည်။ ထိုငွေတစ်ကျပ်၏လေး ပုံတစ်ပုံသည် ပါရာဇိကအာပတ်ကို ဖြစ်စေသည့် အနည်း ဆုံး ငွေပမာဏ ဖြစ်သည်။) [ကျမ်းကိုး။ ပါရာဇိက အဋ္ဌကထာ-၁၊၃၁၄-၃၁၅။ ပါတိမောက် ဘာသာဋီကာ၊ ၄၆။ ၄၂၁။] အရှင်ပညာဒီပ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page