ငယ်ငယ်တုန်းက ဘာမှန်း မသိဘဲ အလွတ်ကျက်ခဲ့ရတဲ့ ဂျာအေး ကဗျာရဲ့ အဓိပ္ပာယ်အမှန်
ဂျာအေး ကဗျာရဲ့ အဓိပ္ပာယ်အမှန်ကို ဖော်ပြလိုက်ပါတယ်။ ကပေါက်တိ ကပေါက်ချာ စာသားတွေနဲ့ ဘယ်ကစပြီး ဘယ်တော့ ဆုံးမယ်မှန်း မသိတဲ့ ဒီကဗျာလေးကို ကျွန်တော်တို့ ငယ်စဉ်ကတည်းက အလွတ် ရနေခဲ့ ကြတာပါ။
ဒီကဗျာကို ကြောင်ပမ်းဆရာတော်ကြီးက ရေးဖွဲ့ခဲ့ပြီး ရေးသားခဲ့တဲ့ ခုနှစ် နဲ့ မူရင်း အဓိပ္ပါယ်ကို သေချာ မသိခဲ့ပါဘူး။ ဒါပေမယ့် ကဗျာရဲ့ အဓိပ္ပါယ်ကို လေ့လာ မှတ်သားခဲ့ရတဲ့ အတွက် မျှဝေလိုက်ပါတယ်။
(မုန့်လုံး….မုန့်လုံးကို စက္ကူကပ်ပါလို့) မုန့်လုံးနဲ့တူတဲ့ ကျွန်တော်တို့ရဲ့ ခန္ဓာငါးပါး သက္ကာယတရားတွေကို တဏှာဒိဋ္ဌိ စက္ကူတွေနဲ့ စွဲကပ်ထားပါတယ်လို့ ဆိုချင်တာပါ။
(ကြာကလပ်နဲ့ ဆွမ်းတော်တင်) လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာတွေကို ရည်စူးပြီး ကုသိုလ် ကောင်းမှုတွေ ပြုလုပ် ကြပါတယ်လို့ အဓိပ္ပါယ် ရပါတယ် ။
(ပလ္လင်ပေါ်က မျောက်ကလေး ဆင်းတယ်လို့ပြေး ဂျာအေး) ကောင်းမှုတွေလုပ်လို့ ကောင်းရာဘုံဘဝတွေ ရောက်ပေမယ့်လည်း (မုန့်လုံးကို စက္ကူကပ်သလို) တဏှာ လောဘ နဲ့ လုပ်တဲ့ ကုသိုလ်တွေ ဖြစ်လေတော့ အချိန်တန်လို့ ကုသိုလ်အဟုန်တွေ ကုန်တော့ အပါယ် လေးဘုံ ကိုပဲ ရောက်ရတာပါပဲ လို့ အဓိပ္ပါယ် ရပါတယ်။
(ဂျာအေးကိုသူ့အမေ-ိုက်ပါလို့ မှောင်မိုက်မှာငို) ကံတရားရဲ့အကျိုးပေးကြောင့် လူ့ဘုံကို ရောက်တဲ့ အချိန်မှာလဲ အမှောင်နဲ့တူတဲ့ အဝိဇ္ဇာတွေ ကြားထဲမှာ ဒုက္ခသစ္စာနဲ့ ကြုံပြန်တော့ ပူဆွေးရ ပြန်ပါတယ်လို့ အဓိပ္ပါယ် ရပါတယ်။
(ကိုလူပျို ထရံပေါက်က ခြေထောက်ကိုဆွဲ တွဲလဲ၊ တွဲလဲ နေပါအုံး) ကံကောင်းစွာနဲ့ပဲ ကျွန်မတို့ဟာ သာသနာနဲ့ ကြုံကြိုက်လို့ ဓမ္မအလင်းရောင်နဲ့ တွေ့ပြီး အမှောင်ထဲက လွတ်မဲ့လမ်းစ မြင်လာရ ပါတယ်လို့ အဓိပ္ပါယ် ရပါတယ်။
(မိုးတောင်ကချုန်း မုန့်လုံး) သာသနာတော်နဲ့ ကြုံနေရပေမယ့် အဖျက် အမှောင့် တွေကြောင့် အားမထုတ် နိုင်ခဲ့ရင်ဖြင့် မုန့်လုံးဘဝသို့ ပြန်လည် ရောက်ရှိ သွားမှာ ဖြစ်ပါတယ်၊ မုန့်လုံးဘဝကို ရောက်ရှိရင်ဖြင့် မဆုံးနိုင်တဲ့ သံသရာကို ဘယ်နှစ်ကြိမ်မှန်း မသိ။ အထပ်ထပ် အပြန်ပြန် ကျော့နေရဦးမှာ ဖြစ်ပါတော့တယ်လို့ အဓိပ္ပာယ်ရပါတယ်။
ကဗျာလေးက တိုပေမယ့် မသိတော့ ပြုလုပ်ကြတယ်၊ ပြုလုပ်တော့ရရှိကြ ၊ ရရှိတော့ ခံစား၊ ခံစားတော့ လိုချင်၊ လိုချင်တော့စွဲလမ်း၊ စွဲလမ်းတော့ ပြုလုပ်နဲ့ ဘဝသံသရာ ဝဲဂယက်ထဲ မဆုံးနိုင်အောင် အထပ်ထပ် လည်ပတ် နေရပုံကို ရေးဖွဲ့ထားတဲ့ သံဝေဂ ရစရာ ကဗျာလေး တစ်ပုဒ် ဖြစ်ပါတယ်။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)