ရွှေဈေး ပိုးစိုးပက်စက် ထပ်ကျဦးမယ်လို့ ရွှေလုပ်ငန်းရှင်များ ဥက္ကဌပြော (တွက်ရေးကတော့ စက်သူဌေးပါပဲ)
မြန်မာ့ရွှေဈေးနှုန်းတွေ ဆက်တိုက်ပြန်ကျလာနိုင်တယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးမျိုးမြင့်က ပြောကြားလိုက်ပါတယ်။
“ရွှေက ကမ္ဘာ့ဈေးလည်းကျတယ်၊ ပြည်တွင်းဒေါ်လာဈေးလည်းကျတယ်၊ ကျောက်မျက်ကလည်း ရွှေဒင်္ဂါးပြားတွေရောင်းပေးတဲ့အခါကျတော့ ဈေးကွက်ထဲမှာ ပစ္စည်းပြတ်တယ်မရှိတော့ဘူးပေါ့။ အရင်တုန်းကတော့ ပစ္စည်းပြတ်မယ်အထင်နဲ့ လုပြီးဝယ်ကြတော့ ဈေးမတည်ငြိမ်တာ။ အခု ရွှေဈေးကဆက်ကျဦးမှာပဲ ပြည်တွင်းမှာလည်း ဒီဇင်ဘာလ လောက်ဆို တွင်းတွေက တူးဖော်တဲ့ လုပ်ငန်းတွေပြန်စတော့မှာ အဲ့ချိန်ရွှေကလည်း အများကြီး ပြန်ထွက်လာမယ်။
ပြည်တွင်းမှာလည်း အခုချိန်က အလုပ်အကိုင်ပါး ဝင်ငွေနည်းတဲ့အချိန်ဆိုတော့ အဝယ်သိပ်မရှိကြဘူး။ အရောင်းပဲများတယ်။ ဘဏ်စနစ်နဲ့ပေးချေဖို့ကလည်း အရင်ကထဲကလုပ်နေတော့ ဘာမှ ထူးထူးခြားခြားမရှိပါဘူး၊ ဘဏ်စနစ်နဲ့ လွှဲလို့ရတာကိုပဲ ရွှေသမားတွေက ကျေးဇူးတင်နေရတာ၊ ငွေထုပ်ကြီးပိုက်ပြီး သွားရတဲ့အလုပ်က အချိန်လည်းကုန်၊ အန္တရာယ်လည်းများတယ်” လို့ ဦးမျိုးမြင့်ကပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ဗဟိုဘဏ်အနေနဲ့ ရွှေတုံးရွှေခဲအရောင်းအဝယ်လုပ်ဆောင်ရာမှာ ဘဏ်စနစ်နဲ့သာ ပေးချေလုပ်ဆောင်ဖို့ ပြောကြားထားတာဖြစ်ပါတယ်။ ယနေ့ပြင်ပရွှေဈေးကွက်စဖွင့်ချိန်မှာ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၉ သိန်းနဲ့ ဆိုင်တွေက ရောင်းပြီး ဆိုင်ဝယ်ဈေး ၂၈၅၀၀၀၀ ကျပ် ဖြစ်ကာ ၁၅ ပဲရည်ကိုတော့ ကျပ် ၂၇ သိန်းအထက် ဈေးနဲ့ အရောင်းအဝယ်လုပ်ကြတယ်လို့ ရန်ကုန်မြို့က ရွှေဆိုင်တွေဆီက သိရပါတယ်။
ဒါပေမယ့် တချို့ရွှေဆိုင်တွေကတော့ အခေါက်ရွှေ ရောင်းချမှုကို ပိတ်ထားတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ ရွှေဈေးနဲ့ ဒေါ်လာဈေး ကျနေပေမယ့်လည်း ဈေးကွက်ထဲမှာ လိုသလောက် ဝယ်ယူလို့ မရဘူးလို့ သိရပါတယ်။