စတင်တော့မယ့် မြန်မာ့စီးပွားပျက်ကပ်နဲ့ လက်ထဲရှိတာတွေ ကျစ်ကျစ်ပါအောင် စုထားရမယ့် အချိန်
ပြည်တွင်းမှာ နေနေတဲ့ စီးပွားရေးသမားတိုင်းဟာ မိမိဂိုဒေါင်ထဲမှာလှောင်ထားတဲ့ ကုန်တွေကို တက်စျေးနဲ့ရောင်းလည်း ဝယ်သူမရှိ၊ စျေးချပြီး ရောင်းလည်း ဝယ်သူမရှိ၊ မိမိ ဖောက်သည်တွေ ဂိုဒေါင်တွေမှာလည်း ထိုပစ္စည်းတွေ အများကြီးကျန်နေဆဲ၊ မိမိဖောက်သည်တွေလည်း အရောင်းအဝယ်အေး၍ အလုပ်မဖြစ်၊ ထိုပြဿနာကို ရင်ဆိုင်နေရတယ်ဆိုတာ သိပြီးသားဖြစ်ပါတယ်။
ဒါကြောင့်ဒေါ်လာ ဝယ်လိုအားဟာ နောက်သုံးလအတွင်း တက်လာစရာမရှိပါ။ ထိုကဲ့သို့သော အနေအထားမှာ စီးပွားရေးသမားအများစုဟာ တက်စျေးမှာအကုန်ထုတ်မိသူ အနည်းငယ်မှအပ သွင်းကုန် (import) သွင်းဖို့ တွန့်ဆုတ်နေပါတယ်။
ကိုဗစ်ကာလ ၂ နှစ်၊ စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်မှာ ပြည်သူအများစုမွဲသွားခြင်း၊ ငွေကြေးဖောင်းပွမှု (inflation) အရမ်းများသဖြင့် ဆင်းရဲချမ်းသာကွာဟမှု များခြင်း၊ ချမ်းသာသောမိသားစုများ ပြည်ပတွင်သာနေထိုင်ကြခြင်း စသည်တို့ကြောင့် တစစီကြွေမွနေသော မြန်မာ့စီးပွားရေးသည် စကစအား နိုင်ငံတကာပိတ်ဆို့မှုများကြောင့် ကုန်ကြမ်းပြတ်တောက်၍ ငွေစက္ကူအသစ်များ ထပ်မံရိုက်ထုတ်ဖို့ အခက်အခဲရှိချိန်တွင် ငွေကြေးဖောင်းပွမှု မျှော်လင့်ချက်များ (inflation expectations) လျှော့ကျသွားချိန်တွင် အားလုံးရောပြွန်း၍ အဆိုးဆုံးအနေအထားသို့ စတင်၍လှန်းနေပါပြီလေ။
သိပ်မကြာခင်မှာ ကုန်ပစ္စည်းတွေ ရောင်းချ၍ ခက်ရာမှတဆင့် တချို့သော ကုမ္ပဏီများ အရောင်းမထွက်၍ အရှုံးပေါ်ခြင်း၊ ထိုမှတဆင့် အလုပ်သမားများကို လျှော့ချခြင်း၊ ပိတ်သိမ်းခြင်း စသည်တို့ကို ကြိုတင်၍ မြင်နေရပါပြီ။
ဒါကြောင့် ပြည်တွင်းက ပြည်သူတွေ ဘာလုပ်သင့်သလဲဆိုရင် မလိုအပ်ရင်မဝယ်နဲ့။ လိုအပ်မှဝယ်။ ရွှေ၊ငွေ စတာတွေကို ကျစ်ကျစ်ပါအောင် စုထားကြ။ ဒါမှသာ ယနေ့ကြုံတွေ့နေကြတဲ့ စီးပွားရေးအကြပ်အတည်းထက် ပိုကြီးတဲ့ နောက်လာမည့် စီးပွားရေးအကြပ်အတည်းတခုကို မယိုင်မလဲ ဖြတ်ကျော်နိင်မှာ ဖြစ်ပါတယ်။