ဒေါ်လာပုံသေဈေးနှုန်းကြောင့် မြန်မာ့စီးပွားရေး ပိုကျပ်တည်းလာ၊ ပြင်ပဒေါ်လာဈေး တရှိန်ထိုးတက်
အမေရိကန်ဒေါ်လာဈေးသည် ပြည်တွင်းမှောင်ခိုဈေးကွက်တွင်ယနေ့ တစ်ဒေါ်လာလျှင် ကျပ် ၂၂၀၀ အထိ ပေါက်ဈေးရှိလား ကြောင်း ငွေလဲလုပ်ငန်းဆောင်ရွက်နေသူများက ပြောပါတယ်။
စကစ ထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်က တစ်ဒေါ်လာကို ၁၈၅၀ ကျပ်ဟု ပုံသေသတ်မှတ်ထားသော်လည်း လက်တွေ့အရောင်းအဝယ်လုပ်ကိုင်သော ပြင်ပဈေးကွက်တွင် ဇူလိုင် ၁၃ ရက်ညနေပိုင်း၌ တစ်ဒေါ်လာလျှင် ၂၂၀၀ကျပ်အထိ ပေါက်ဈေးရှိလာခြင်းဖြစ်ပါတယ်။
“ဒီနေ့ နေ့လယ်ပိုင်းက တစ်ဒေါ်လာကို ၂၁၉၅ကျပ်ရှိတာ၊ ညနေပိုင်းမှာ ၂၂၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်သွားတယ်”ဟု ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောပါတယ်။ ယနေ့မနက်အဖွင့်ဈေးသည် တစ်ဒေါ်လာကို ၂၁၇၅ ကျပ်ဖြင့်ဈေးဖွင့်သော်လည်း ညနေပိုင်းတွင် ဈေးမြှင့်တက်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။
“ဈေးကွက်ထဲမှာ ဒေါ်လာက အဝယ်ဘဲရှိတယ်။ ရောင်းတဲ့သူတွေကလဲ ဈေးတက်မှာသိတော့ မရောင်းဘူး။ အခုက ဒေါ်လာဘယ်လောက်ရောင်းရောင်း ဝယ်မယ့်သဘောပါ” ဟု ကမာရွတ်မြို့နယ်ရှိ ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောပါတယ်။
ဒေါ်လာမှောင်ခိုဈေးကွက်တွင် ဇွန်လလယ်က တစ်ဒေါ်လာလျှင် ၂၀၅၀ကျပ်သာ ရှိသော်လည်း ဇွန် တတိယပတ်မှစ၍ ဈေးဆက်တိုက်မြှင့်တက်လာခြင်းဖြစ်ပါတယ်။ “ဇွန်၊ ဇူလိုင်က စပြီး စက်တင်ဘာလအထိ ပြည်တွင်းမှာ ဒေါ်လာလိုတဲ့ကာလပဲ။ ဒီကာလမှာ ဈေးမြင့်တက်လာလေ့ရှိတယ်။ နောက်ပြီး မြို့ပြပျောက်ကျား အရှိန်မြင့်မယ်ဆိုတော့ စစ်တပ်အသိုင်းအဝိုင်းက ဒေါ်လာလုဝယ်နေကြတယ်”ဟု ငွေကြေးလုပ်ငန်းဆောင်ရွက်နေသူတစ်ဦးက မှတ်ချက်ပေးပါတယ်။
စကစ အာဏာသိမ်းပြီးနောက် ပြည်တွင်းဒေါ်လာဈေးမြင့်တက်လာပြီး ၂၀၂၁ စက်တင်ဘာ ၂၇ ရက်တွင် တစ်ဒေါ်လာကို ၂၇၀၀ကျပ် အထိ သမိုင်းတစ်လျှောက်စံချိန်တင်မြင့်တက်ခဲ့ပါတယ်။ စစ်တပ်အာဏာ မသိမ်းခင် ဇန်နဝါရီ ၂၉ ရက်က တစ်ဒေါ်လာကို ၁၃၂၀ ကျပ်သာရှိခဲ့ပါတယ်။
စကစက ဒေါ်လာဈေးထိန်းချုပ်နိုင်ရန် ပုံသေငွေလဲနှုန်း ၁၈၅၀ သတ်မှတ်၍ အဆိုပါနှုန်းဖြင့် နိုင်ငံခြားဝင်ငွေရှိသူများကို ၁ ရက်အတွင်း၎င်းတို့သတ်မှတ်သောဘဏ်များတွင် ကျပ်ငွေဖြင့်လဲစေခြင်း၊ ပြည်ပမှ သွင်းကုန်များကို တိုး၍ ပိတ်ပင်လာခြင်းများပြုလုပ်ခဲ့သော်လည်း ဒေါ်လာဈေးမကျဘဲ တိုင်းပြည်စီးပွားရေးမှာ ပိုမိုဆိုးဝါးကျဆင်းလာပါတယ်။ ထို့ကြောင့် ကမ္ဘာဘဏ်ကပင် ၂၀၂၂ တွင်မြန်မာနိုင်ငံ၏စီးပွားရေး ခန့်မှန်းတွက်ချက်ရန် မတက်နိုင်၍ တွက်ချက်ခန့်မှန်းခြင်းမလုပ်တော့ဘဲ ချန်လှပ်ခဲ့တာဖြစ်ပါတယ်။