ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ သမိုင်းမတွင်ပေမယ့် သမိုင်းဝင်မယ့် စကားတခွန်း
အန်တီနဲ့ ပတ်သက်ပြီး မှတ်မှတ်ရရ အချို့တွေ ရှိခဲ့တယ် အဲ့ဒီထဲက ၁၉၉၅ ခုနှစ်က ကြုံတွေ့ရတဲ့ အမှတ်တရ တစ်ခု ။ အန်တီက ဆေးလိပ်သောက်တာ ကွမ်းစားတာ မကြိုက်ဘူး ။ ခြင်းလုံး ကစားရင် ပိုက်ကျော်ခြင်း ကစားတာထက် ဝိုင်းခြင်း ခတ်တာကို ပိုသဘောကျတယ် ။ မြန်မာ့ရိုးရာ အားကစားမို့ ။ ဒါ့အပြင် ဝိုင်းခြင်းခတ်တယ် ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် အပေးအယူ မျှမျှတတ၊ လှလှပပ ခတ်ကြရတာလည်း ပါတာပေါ့။
အစက စကား ပြန်ဆက်ရရင် ၁၉၉၅ ခုနှစ်က ၅၄ ခြံထဲမှာ ကျနော်တို့ သူငယ်ချင်းတွေ ဘောလီဘော ကစားတယ် ဘောလုံး ကန်ကြတယ် ခြင်းလုံး ခတ်ကြတယ်။ လူငယ်တွေ အင်္ဂလိပ်စာ အထောက်အကူ ရဖို့ အင်္ဂလိပ်စာ စကားလုံးဆက် scrabble ကစားကြတယ်။
တစ်နေ့ ကျနော်တို့ scrabble ကစားနေတဲ့အချိန် အန်တီစုနဲ့ အဘဦးကြည်မောင် ရောက်လာတယ် ။ အန်တီ နဲ့ အဘ ရောက်လာတဲ့ အချိန်မှာ ကျနော်တို့ အဖွဲ့မှာ ကျနော် အလှည့် ကျနော် ဆက်ရမယ့်အချိန် ။
ကျနော်တို့ သူငယ်ချင်းတွေ ကစားနေတာ သုံးဖွဲ့၊ တစ်ဖွဲ့ကို လေးယောက် ကစားတာ ။ ကျနော် ဆက်ရမယ့် အချိန် ကျနော့်ဆီမှာ စာလုံး ၇ ခု၊ အဲ့ဒီ စာလုံး ၇ ခုထဲမှာ exile ဆိုတဲ့ စကားလုံး ဆက်လို့ရတယ်။ ဒါပေမယ့် အဲ့ဒီစကားလုံး မဆက်ပဲ အခြားစကားလုံးကို စဉ်းစားနေတယ်။
အဲ့ဒီ စကားလုံးကို ဆက်ရင် ကိုယ့်အောက်က လူကို ဖွင့်ပေးလိုက်သလို ဖြစ်သွားမှာကိုး.. ကျနော်တို့က ပိတ်ကစားတာ။ အဲ့ဒီအချိန်မှာ အန်တီစုက ကျနော့်နောက်ကနေ “သား အဲ့ဒါ ဆက်လိုက်လေ ” ဆိုပြီး ပြောတယ် ။
သူဆက်ခိုင်းတာ ကျနော် မဆက်ချင်လို့ထားတဲ့ exile စကားလုံးလေး ။ ဒါနဲ့ ကျနော်လည်း အန်တီစုကို “အန်တီ.. အဲဒီစကားလုံး ကျနော် ဆက်လိုက်ရင် အခြားသူတွေကို ဖွင့်ပေးသလို ဖြစ်သွားမှာပေါ့” လို့ ကျနော် ပြန်ပြောလိုက်တယ်။
ကျနော့် ရင်ဘတ်ထဲမှာ သေတောင် မပျောက်နိုင်အောင် စွဲထင်နေတဲ့ စကားတစ်ခု အန်တီက ပြန်ပြောတယ်။ “သား တစ်ဘက်သူရဲ့အရည်အချင်းကို သိရအောင် တစ်ခါတလေ ဖွင့်ကစားရတယ်” တဲ့ ။ (အန်တီ့မှာ သူမတူတဲ့ အတွေးအခေါ်တွေ စွမ်းရည်တွေ အများကြီးရှိတယ် ဆိုတာ ယုံ) Mg Tin Hla