ဗီဒီယိုကြည့်ပြီး ဝယ်စားရမှာ စိတ်မသန့်သူများအတွက် ပုစွန်ခြောက်ကိုယ်တိုင်လုပ်နည်း

အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ ပုစွန်ခြောက်ကို ညစ်တီးညစ်ပတ် ပြုလုပ်တဲ့ ဗီဒီယိုဖိုင်ကို ကြည့်ပြီးတဲ့နောက်မှာ လူအတော်များများက ပုစွန်ခြောက်ကို ဝယ်စားဖို့ စိုးရွံ့နေကြပါတယ်။

ပုစွန်ခြောက် လုပ်ငန်းရှင်တွေနဲ့ ရောင်းချသူတွေက တကယ့် ပုစွန်ခြောက် လုပ်နည်းအမှန်ကို အချိန်နဲ့ တပြေးညီ ဖော်ပြပေးနေပေမယ့်လည်း ဗီဒီယိုဖိုင် ကြည့်ပြီးသူတွေကတော့ အရင်လို အိမ်မှာရှိတဲ့ ပုစွန်ခြောက် ပုလင်းထဲကနေ ယူစားဖို့ မဝံ့မရဲ ဖြစ်နေကြတာ အမှန်ပါတယ်။

အဲဒါကြောင့် အသန့်ကြိုက်သူများအတွက် စိတ်သန့်သန့်နဲ့ စားနိုင်အောင် ပုစွန်ခြောက်ကို အိမ်မှာ ကိုယ်တိုင် တပိုင်တနိုင် ပြုလုပ်နည်းကို ဖော်ပြ ပေးလိုက်ပါတယ်။ အိမ်မှာ ကိုယ်တိုင် လုပ်စားတဲ့ နည်းလမ်း ဖြစ်တာကြောင့် စီးပွားဖြစ် ထုတ်လုပ်တဲ့ ပုစွန်ခြောက်တွေနဲ့ နှိုင်းယှဉ်ရင်တော့ အနံ့အရသာ အနည်းငယ် ကွဲပြားပါလိမ့်မယ်။

ပုစွန်ခြောက်ကို အိမ်မှာ ကိုယ်တိုင် ပြုလုပ်နည်း၊ ပါဝင်ပစ္စည်းများ ပုစွန် (၂၅ ကျပ်သား)၊ ဆား (အနည်းငယ်)

ပြုလုပ်နည်း – ဦးစွာ ပုစွန်ကို ရေဆေးပြီး အမွေးများကို ညှပ်ပစ်ပါ။ ပြီးလျှင် ဒယ်အိုးထဲထည့်ပြီး မီးအေးအေးနဲ့ လှော်ပါ။ ရေခန်းပြီဆိုလျှင် စကာလေးနဲ့ ထည့်ပြီး နေပူပြပါ။ ၂ ရက်လောက်ဆိုလျှင် ပုစွန်ခြောက်လေးများ ခြောက်ပါပြီ။

နေပူမပြချင်လျှင် Oven ထဲ မီး အပူရှိန်အနည်းဆုံးနဲ့ ၁ နာရီခန့် ကင်ပါ။ ကြွပ်ခြောက်လာတဲ့ ပုစွန်ခြောက်လေးများကို အခွံချွတ်ရန်အတွတ် အဝတ်အိတ် (သို့) သင့်တော်ရာအိတ်ထဲထည့်ပြီး အပေါ်ကနေ ခပ်ဖွဖွ လေးပင်တာတစ်ခုခုနဲ့ ရိုက်ပေးလျှင် အခွံများ ကျွတ်ထွက်လာပြီး ပုစွန်ခြောက် အကောင်လေးများရပါမယ်။ အခွံတွေထဲကနေ ပုစွန်ခြောက်လေးများကို ရွေး၍ ပုလင်းလေးထဲထည့်ပြီး သုံးနိုင်ပါပြီ။ ပုစွန်အစိမ်း ၁ ပိဿာကို ပုစွန်ခြောက် ၁၀ ကျပ်သားပဲ ကျန်ရှိနိုင်ပါတယ်။

ဘာတွေနဲ့ ဘယ်လို လုပ်နေမှန်း မသိတဲ့ အပြင်စာတွေထက် လွယ်လွယ်ကူကူနဲ့ အိမ်မှာပဲ လုပ်နိုင်တဲ့ အစားအသောက်တွေကို စားသုံးခြင်းဟာ ငွေကုန်ကြေးကျ ပိုမိုသက်သာသလို ကျန်းမာရေးနဲ့ ညီညွှတ်မှာ ဖြစ်ပါတယ်။ မြန်မာပြည်သူ ပြည်သားတွေ အားလုံး သန့်ရှင်းကျန်းမာတဲ့ အစားအသောက်တွေကို စားသောက်နိုင်ကြပြီး ဂျင်းထည့်ခံရခြင်းမှ ကင်းဝေးကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page