“မိုင်တိုင်အမှတ် – ၉၆” (ကြောက်တတ်သူများ မဖတ်ရ)

“မိုင်တိုင်အမှတ် – ၉၆” (ကြောက်တတ်သူများ မဖတ်ရ)

တူ…တူ…တူ… ”ဟယ်လို…ကိုရဲ လား… ကားဆွဲကောင်းလားဗျ…ဘယ်ရောက်နေလည်း… ကျနော်တော့ အခုမှ ၂၀၀၀ပဲရသေးတယ်… စိတ်ညစ်ဖို့ ကောင်းလိုက်တာဗျာ…၉နာရီက ကျော်နေပြီ ကားတွေကလည်း မရှင်းသေးဘူး…” ”အော် …ကိုရဲက …ကြက်ကင်လိုက်ပို့ ပေးနေတာလား…” ”ဟုတ်ဟုတ်…” ”ကျနော်က အခု ဗဟိုလမ်းပေါ်မှာ ပါရမီ စိန်ဂေဟာ ဖက်ပတ်ကြည့်မလို့…လူရလို ရငြားပေါ့…” ”ဟုတ် …ကိုရဲ ညကျရင် တွေ့မယ်လေ…Ok ok…ကြိုးစားထား ဗျို့…ဟုတ်…ဒါပဲနော် ဖုန်းချလိုက်တော့မယ်…”

”ဟူးးး မိုးကလည်း တဖြောက်ဖြောက်နဲ့ တိတ်ကို မတိတ်နိုင်တော့ဘူး…၉နာရီတောင် ခွဲတော့မယ် ဒီပုံစံအတိုင်းဆို မနက် အုံနာကြေးပေးဖို့တောင်ပြည့်ပါမလား…” သူငယ်ချင်း ကားသမား တစ်ယောက်စီ ဖုန်းဆက်အပြီး စိတ်ညစ်ညစ်နဲ့ ဗဟိုလမ်းအတိုင်း မောင်းချလာခဲ့လိုက်တယ်…ဒီအချိန်ဆို အင်းစိန်လမ်းမပေါ်မှာလည်း ကားတွေ ရှုပ်နေမှာလို့ တွေးမိလို့ ကားနည်းနည်းရှင်းတဲ့ ဗဟိုလမ်းအတိုင်း မောင်းလာရင်း ခရီးသည်ရလို ရငြား…လိုက်ရှာနေခြင်းဖြစ်သည်…

သီရိမြိုင်ဘူတာ အကျော်လေးအရောက် မိသားစုဖြစ်ဟန်တူသော ဦးလေးကြီး တစ်ယောက် အဒေါ်ကြီးတစ်ယောက်နှင့် ကောင်မလေး တစ်ယောက်လှမ်းတား တာတွေ့လိုက်ရသဖြင့် ကျနော် တော်တော် ပျော်သွားမိတယ်။ အခေါက်ကြီးဖြစ်ပါစေ… ဝေးဝေးသွားပါစေလို့ ကြိတ်စုတောင်းလိုက်သည်…ကားကို အရှိန်လျော့ အချက်ပြမီး ပြပြီး ကားတားနေသူတွေအနား ကပ်ရပ်လိုက်ရင်း…မေးလိုက်တယ်။

ဝူးးးကျွီ… ”ဘယ်သွားမလို့လည်း ခင်ဗျ…” ”သား…ခရီးဝေးသွားလို့ရလား…အရေးကြီးလို့…” ”ဗျာ…ဘယ်သွားမှာ မို့လည်း ဗျ…”ရုတ်တရက် အလျင်သလိုပြောလာသော ဦးလေးကြီး စကားကြောင့် ပြန်မေးလိုက်မိတယ်… ”ဖြူးကိုသွား ချင်လို့…ကားငှားနေတာ ကြာပြီ ဘယ်ကားသမားမှ မလိုက်ဖူးပြောနေလို့…သားလိုက်လို့ရရင် လိုက်ပေးပါလား…ကွယ် …အဒေါ်တို့ အရမ်းကို အရေးကြီးနေလို့ပါ…”နံဘေးမှ ဦးလေးကြီး မိန်းမဖြစ်ဟန်တူသော အဒေါ်ကြီးမှ တောင်းတောင်း ပန်ပန်ပြောလာသည်။

”ဖြူးအထိတော့ လိုက်လို့မရဘူး…ခင်ဗျ…အုံနာက ခရီးဝေးမလိုက်ရဘူးပြောထားလို့…” အရမ်းဝေးလွန်းသဖြင့် မလိုက် ချင်၍ ငြင်းလိုက်ခြင်းဖြစ်သည်…အမှန်က လိုက်လည်းရသည်…ဖြူးအထိ တစ်ခါမှ မမောင်းဖူး၍ လမ်းကြောင်းမသိတာ ကော…ဝေးလွန်းတာကြောင့်ပါ ငြင်းလိုက်ခြင်းသာ… ”သားရယ် ကူညီလို့ရရင် ကူညီပါလားကွယ်…အန်တီသားလေး ကားအက်စီးဒန့်ဖြစ်လို့ ဖြူးဆေးရုံပေါ်ရောက်နေတယ် အကြောင်းကြားလို့ပါ…သား မနှစ်နာအောင် အန်တီတို့ ဈေးပိုပေးပါ့မယ်ကွယ်…ကူညီပေးပါ…” ”အားနာပါတယ် ဗျာ…လိုက်လို့မဖြစ်လို့ပါ…နောက်ကားငှားလိုက်ပါနော်…” အားနာနာနှင့်ပင် ငြင်းလိုက်ရင်း မောင်းထွက်လာလိုက်သည်… မောင်းထွက်လာရင်း…ကားဘက်မှန်မှ ပြန်ကြည့်မိ လိုက်သည်…နောက်ကားတစ်စီး ထိုးရပ်သွားပြီး ချက်ချင်းပြန်မောင်းထွက်လာတာ မြင်လိုက်ရသဖြင့် စိတ်ထဲမကောင်းဖြစ် သွားပြီး ”ဟင်းးး ငါ ကူညီမှ ဖြစ်မှာပါလေ…ဒုက္ခရောက်နေတဲ့ လူတွေပဲ…ကားငှားလို့လည်း အဆင်ပြေမှာ မဟုတ်လောက် ဖူး…တွေးလိုက်မိပြီး ကားကို ”ဂ”ကွေ့ပြန်ကွေ့လိုက်တယ်…

ဦးလေးကြီး အဒေါ်ကြီးတွေ ရပ်နေတဲ့ နေရာရောက်တော့…ဒီဘက်ကားလမ်းမှာပင် ကားရပ်ပြီး ဟွန်းတီးပြီး လက်ပြ ခေါ်လိုက်တယ်…ရုတ်တရက် ကားထဲမှ ကျနော်ကို သေချာမမြင်ရလို့ မမှတ်မိ၍ ကြောင်ကြည့်နေကျတယ်…ကားအောက် ဆင်းပြီး… ”ဦးလေး အန်တီလာ…လာလာ ကျနော် လိုက်ပို့ပေးမယ်…”ကားထဲက ထွက်လိုက်ပြီး လှမ်းအော်လိုက်မှ ကားလမ်းကူးလာပြီး… ”အော် စောဏက သားလေးပဲ…ကျေးဇူးတင်ပါတယ်ကွယ်…ကားခ ဘယ်လောက်ပေးရမလဲ…ပြောပါ သား အားမနာပါနဲ”့ လို့ ပြောတယ်… ”လာပါတက်ပါ…ကြည့်ပေးပါ…အမှန်အတိုင်းပြောရ ရင် သားကားခ မမှန်းတက်ဖူးဗျ…အဲလောက်ခရီးဝေး အထိ တစ်ခါမှ မမောင်းဖူးဘူး…ညောင်လေးပင် အထိပဲ မောင်းဖူးတာပါ…ကားခဘယ်လောက်တောင်းရမှန်းလည်း မသိဘူး…ခရီးအကွာအဝေးလည်း မမှန်းတတ်ဖူးဗျ…ဦးတို့ အန်တီတို့ အရေးကြီး နေတယ်ဆိုလို့သာ…ကျနော်က လိုက်ပို့ပေးတာပါ…ကျနော့်ကိုလည်း အားမနာပါနဲ့…ကြည့်ပေးပေ့ါ…ဆီဖိုး အုံနာကြေး လောက် ရရင်တော်ပါပြီ…” ကားပေါ်မတက်ခင်…ပြောနေကျခြင်းဖြစ်သည်…

”ကျေးဇူးတင်ပါတယ်…သားရယ်…ဦးတို့ လမ်းပြပေးပါ့မယ်…” ”သမီးရေ …အိမ်ပြန်တော့ အဖေတို့ကားရပြီ ဖုန်းဖွင့်ထား နော်…အရေးအကြောင်းရှိရင် ဖုန်းလှမ်းဆက်လိုက်မယ်…” ကျနော့်ကို ပြောပြောဆိုဆိုနှင့် ဟိုဘက်ကားလမ်းမှာ ကျန်ခဲ့ သော ကောင်မလေးဆီ လှမ်းအော်ပြောလိုက်ခြင်းဖြစ်သည်… ”ဟုတ်…အဖေ”လို့အော်ပြီး လမ်းထဲပြန်ဝင်သွားသည်… ”လာလာ ကားပေါ်တက် ဦးလေးနဲ့ အဒေါ်” ကားပေါ်တက်ခိုင်းလိုက်ပြီး ကားကို အချက်ပြမီးပြကာ ပြန်ကွေ့လိုက်ရင်း တဖက်လမ်းကြောင်းကွေ့ချလိုက်ပြီး မောင်းထွက်လာလိုက်သည်… ”သား …အမြန်လမ်းကိုတော့ သွားတတ်တယ် မှတ်လား…”ဦးလေးကြီးကမေး၍ ”ဟုတ်ကဲ့ သွားတတ်ပါတယ်…အမြန်လမ်းအတိုင်း ညောင်လေးပင်အထိ မောင်းဖူး ပါတယ် …” ပြန်ဖြေလိုက်သည်… ”အေးအေး အမြန်လမ်းအတိုင်းမောင်းရမှာ…၁၁၅မိုင်နားရောက်မှ ဦးလမ်းပြပေးမယ်…” ”ဟုတ်ကဲ့…ခင်ဗျ…”

အမြန်လမ်းအတိုင်း မိုင်၁၀၀ကျော်မောင်းရမည် ဆိုသောကြောင့် စိတ်ထဲ ထင့်ကနဲဖြစ်သွားတယ်…အမြန်လမ်း သတင်း တွေက လည်း နားနဲ့မဆန့်အောင်ကြားထားသည်…မှောက်တယ် ခြောက်တယ်ဟူသော သတင်းတွေ နေ့တိုင်းနီးပါး fbပေါ်တွင်ဖတ်နေသဖြင့် လန့်နေမိသည်…တော်သေးတယ် ကားက အောက်ပိုင်းတွေပြင်ထားတာကော ဘီးအသစ်တွေ လဲထားတာ မကြာသေးလို့ ဟု စိတ်ထဲတွေးရင်း မသိမသာ…သက်ပြင်းချမိသည်… ”ဦးလေးတို့က အပြန်ပြန်လိုက်မှာလား ဗျ…” ဟု မေးလိုက်သည်… ”မလိုက်ဖူးသားလေး… ဆေးရုံမှာ အခြေအနေကြည့်ရအုံးမယ်…ဆေးရုံက ဘာပြောမလဲ မသိသေးဘူးလေ…” ”အော် ဟုတ်ကဲ့…ရပါတယ်…ဒါနဲ့ ဦးတို့သားက ဘယ်လိုဖြစ်တာလည်း ပြောပြပါလား ဗျ…” စပ်စုလိုက်သည်…

”ဦးလေးတို့သားကြီးက အလုပ်ကိစ္စနဲ့ နေပြည်တော်သွားတာ ကားမှောက်လို့ ဆိုပြီးဖုန်းဆက်လို့…” ”အော်…ဘယ်အချိန် လောက်က မှောက်တာလည်း ဗျ…” ”ညနေ ၅နာရီလောက်ကလို့ ပြောတယ်…မိုင်တိုင် ၉၆ နားမှာ မှောက်တာပြောတယ်…သားကြီးကတော့ အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့တော့ ပြောတယ်…ကားပေါ်မှာပါသွားတဲ့ မိန်းခလေး တစ်ယောက် ကတော့ ပွဲခြင်းပြီး ဆုံးသွားတယ်ပြောတယ်…ကောင်လေး တစ်ယောက်လည်း ဒဏ်ရာ အတော်ပြင်းတယ် ပြောတာပဲ…” ”အော် ဟုတ်…ခရီးသွားကားမှောက်တာ မဟုတ်ဖူးပေါ့နော်…အလုပ်ကားမှောက်တာ ထင်တယ်…” ”ဟုတ်တယ်သား…မန္တလေး နေပြည်တော်ဘက် မာကက်တင်းဆင်းတဲ့ အလုပ်ကကားပါ…ခဏခဏတော့ သွားနေကျပဲ…ဒီတစ်ခါမှ ဘယ်လို ဖြစ် လည်း မသိပါဘူးကွယ်…” ”တော်သေးတာပေါ့ ဦးရယ်…ဦးလေးတို့သားက ဒဏ်ရာကြီးကြီးကျယ်ကျယ် မရဘူး ဆိုတော့…” ”အေးပေါ့…ငါ့တူရယ် အဆိုးထဲက အကောင်းလို့ပဲ ပြောရမှာပေါ့…” စကားတစ်ပြောပြောဖြင့် ကားကိုအမြန် မောင်းလာလိုက်သည်…

မိုင်တိုင်တွေ တစ်ခုပြီး တစ်ခုဖြတ်ရင်း မိုင်တိုင် ၉၆နားရောက်လာသည်… ”ဟာ…ဦးလေး ဟိုးရှေ့က ပက်လက်လန်နေတဲ့ လိုက်ထရပ်ကားလေးဖြစ်မယ်နော်…” ကားမီးရောင်ဖြင့် ပက်လက်လန်နေသော လိုက်ထရပ်ကားလေးကို မြင်လိုက် သဖြင့် ကျနော်လှမ်းပြရင်း ပြောလိုက်သည်… ”အေး အေး ဟုတ်တယ် သား…ဦးလေးသား ကုမ္ပဏီက ကားဟုတ်တယ်…” ”ဟုတ်…ကားကတော့ ရစရာတောင် မရှိတော့ဘူး…ဘယ်လိုဖြစ်ပြီးမှောက်လည်း မသိဘူးနော်…အရှိန်တော်တော် များမယ်ထင်တယ်…” ”မသိပါဘူး…သားရယ်…” ဆက်မောင်းလာရင်း ဖြူးမြို့မှ ကြိုဆိုပါ၏ ဆိုင်းဘုတ်ကိုမြင်လိုက်ရ သဖြင့်…ဦးလေး ဆေးရုံသွားတဲ့လမ်းပြအုံးနော်…ကျနော် မသိဘူး…အေးအေး သားလေး…အရှေ့ထပ်မောင်းအုံး…ပြီးရင် ညာဘက်ကွေ့တဲ့ လမ်းတွေ့ရင်ကွေ့ပြီးတည့်တည့်ဆက်မောင်းရင် ရောက်ပြီ…” ”ဟုတ်…” ”ကျွီ…” ”ရောက်ပြီ ဦးလေး…ရေ…” ”ကျေးဇူးပါပဲ…သားရယ်…နည်းတယ်များတယ်လို့တော့ သဘောမထားပါနဲ့ ဒီမှာကားခ ငါးသောင်း…” ”ဟုတ်…ရပါတယ်…ဒါဆို ကျနော် ပြန်ပြီနော်…ဦးလေး…မစောင့်ပေးတော့ဘူးနော်…” ”အေးပါ သားလေး…သတိဝီရိယနဲ့ ဖြေးဖြေးထိန်းမောင်းသွားနော်…” ”ဟုတ်ကဲ့ပါ…ခင်ဗျ…” ပြောပြောဆိုဆိုဖြင့် ကျနော့်ကား ကွေ့ပြီးအောင်တောင်မစောင့်ပဲ…ဆေးရုံထဲသို့ ပြေးဝင်သွားကျသည်…

အချိန်ကြည့်လိုက်တော့ ၁၂ကျော်ကျော်လေးရှိနေပြီ …ကားကွေ့ပြီး ဆေးရုံဝန်းထဲမှ ပြန်ထွက်မည် အလုပ်…ကျနော်နှင့် သက်တူရွယ်တူလောက်ရှိမည့် ကောင်လေးတစ်ယောက် ကားလှမ်းတားတာတွေ့လိုက်သဖြင့် ရပ်ပေးလိုက်မိတယ်… ”အကို ရန်ကုန်ပြန်မှာ မှတ်လား…ကျနော်လမ်းကြုံလိုက်ချင်လို့ပါ… ပိုက်ဆံတော့ ဟိုရောက်မှ ပေးပါ့မယ်…ဗျာ…ဘယ်လောက် ပေးရမလဲ ဗျ…” ”ဟာ အတော်ပဲ အကိုလည်းအဖော်ရတာပေါ့…ကားခက မပေးလည်းရပါတယ်ကွာ…အမြန်လမ်းကြီး ဒီအချိန် တစ်ယောက်တည်း မောင်းရမှာလန့်နေတာကွ…အဖော်တောင်ရသေး တယ်…” ”ကျေးဇူးပါပဲ…ဗျာ…ကားခတော့ မယူပဲမနေပါနဲ့…ကျနော့်မှာ လောလောဆယ် ၇၀၀၀ တော့ပါပါတယ်…” ”အေးပါ…လာလာ ကားပေါ်တက် ရှေ့ခန်းကတက်ကွာ…စကားပြောရင်း မောင်းကျတာပေါ့…” ”ဟုတ်အကို…” ကားရှေ့ခန်းတံခါး ဆွဲဖွင့်ပြီးမှ… ”အကိုရေတစ်မျိုးတော့မထင်ပါနဲ့ ဗျာ…ကျနော်နောက်မှာပဲ ထိုင်လိုက်မယ်နော်…အကိုမပျင်းအောင် ကျနော် တစ်လမ်းလုံး စကားပြောပေးပါ့မယ်…”ကောင်လေးစကားကြောင့် စိတ်ထဲ သိပ်ဘဝင်မကျပေမယ့် အဖော်ရပြီးရောဆိုပြီး ဘာမှ ဆက်မပြောဖြစ်လိုက်ပါ…

ကောင်လေးကားပေါ်တက်လာသည်နှင့်ကားကို မောင်းထွက်လာလိုက်ရင်း ”နေပါအုံးကွ…ညီက အခုအချိန်ကြီးကျမှ ရန်ကုန်ဘာသွားလုပ်မလို့လည်း…”ကျနော် စကားစရင်းမေးလိုက်သည်… ”ကျနော်က ရန်ကုန်မှာနေတာလေ…အခုကားမှောက်လို့ ဆေးရုံရောက်နေတာ…မိဘတွေ စိတ်ပူမှာ စိုးလို့ ချက်ချင်းပြန်ပြီး ဘာမှ မဖြစ်တဲ့ အကြောင်းပြောမလို့”ပါ… ”ဟေ…မင်းလည်းကားမှောက်တာပဲလား…ငါ့ ကားငှားလာတဲ့ လူတွေရဲ့သားလည်း ကားမှောက်လို့ပဲဆိုပဲကွ…မိုင်တိုင်၉၆နားမှာ မှောက်တာလေ…” ”ဟုတ်…အကို့ကားငှားလာကျတာက ကိုထွန်းနိုင်ရဲ့ မိဘတွေပါ…ကျနော်လည်း အဲဒီ မိုင်တိုင် ၉၆မှာမှောက်တဲ့ ကားထဲက တစ်ယောက်ပဲလေ…” ”အော် …အေးအေး…မင်းကဘာမှ မဖြစ်ဘူးလား…ကောင်မလေးတစ်ယောက်တော့ ပွဲခြင်းပြီးသေသွားတယ်ဆို…ကောင်လေး တစ်ယောက်လည်း ဒဏ်ရာ အတော်ပြင်းတယ်ပြောတယ်… ကားပေါ်ဘယ်နှစ်ယောက်ပါတာလည်းကွ…” ”သုံးယောက်ထဲပါ အကို…ကျနော်က ကားသမားပါ…ကိုထွန်းနိုင်က ကြီးကြပ်ရေးမှုးပါ…သေသွားတဲ့ ကောင်မလေးကတော့ အရောင်းဝန်ထမ်းပါ…” ”အော်…အေး…ကားက ဘယ်လိုဖြစ်ပြီး မှောက်သွားတာလည်းကွ…”

”ကားက ဘရိတ်ပေါက်သွားတာအကိုရ…ရန်ကုနု်က အထွက်မှာ သေချာစစ်လာတာပဲ…အဲဒီ မိုင်တိုင်၉၆ နားရောက်မှ ကားက ကျနော်လီဘာ ထိန်းနင်းနေရဲ့သားနဲ့ သူ့ဘာသာအရှိန်တွေ တက်လာတာဗျ…ကျနော်လည်း ဘာဖြစ်တာလည်း ဆိုပြီး လန့်ပြီး ဘရိတ်ဖမ်းတော့ ဘရိတ်က ပေါက်နေတာသိလိုက်တယ်…အဲဒါနဲ့ အရှိန်မထိန်းနိုင်ပဲ…လမ်းဘေးထိုးကျပြီး မှောက်သွားတာပဲ…အကိုရေ…” ”ဟော ပြောရင်း ဆိုရင်းတောင် မိုင်တိုင် ၉၆နားရောက်လာပြီ…အကို တစ်ခုလောက် ကူညီပါလား…ကားမှောက်တဲ့ နေရာနားရောက်ရင် ခဏလောက်ရပ်ပေးပါ…ညီ ပိုက်ဆံအိတ်ကျန်ခဲ့တာ သွားယူချင်လို့…” ”ဟာ …မင်းကလည်း လာနောက်နေသေးတယ် …အခုအချိန်ကျမှတော့ ဘယ်လိုလုပ်ရှိတော့မှာလည်းကွ…တစ်ယောက် ယောက် ယူသွားလောက်ပြီပေါ့.…” ”မယူလောက်ပါဘူး အကိုရာ…ပိုက်ဆံအိတ်က ကျနော်ထိုင်တဲ့ ဒရိုက်ဘာ ခုံအောက်မှာ ထည့်ထားတာပါ…” ”မင်း မကြောက်ဖူးလားကွ…ဟို ကောင်မလေး သေထားတာဆို… ငါတော့ ကြောက်တယ် ဟ… မရပ်လို့မရဘူးလား…” ”မလုပ်ပါနဲ့ အကိုရာ ကူညီလက်စနဲ့ ကူညီပေးပါဗျာ…အချိန်မကြာပါဘူး ခဏလေးပါ…အကို ကားပေါ်ကပဲ စောင့်ပေးပါ ဗျာ…” ”အေးပါ…ပြောမရလည်းပဲ…ရပ်ပေးမယ်ကွာ…မြန်မြန်တော့လုပ်နော်…” ”ဟုတ်အကို ကျေးဇူး…ရပြီ အကို ရှေ့နားက လမ်းဘေးချရပ်လိုက်…” ”အော် အေး……ရောက်ပြီလားဟ… သေချာလို့လား ဒီနား…” ”သေချာပါတယ်…အကိုရ နည်းနည်းလေးတောင် ကျော်လာပြီ…ရတယ် အကို ဒီနားကပဲ စောင့် ကျနော် သွားယူလိုက်အုံးမယ်…”

”ကျွီ” ကားထိုးရပ်လိုက်တော့ကောင်လေးဆင်းသွားပြီး အမှောင်ထဲမှ တစ်ဖက်ကားလမ်းကူးသွားတာ မြင်လိုက်တယ်…မှောင်မဲနေတာ ဒီကောင်မြင်ကော မြင်ရလို့လား မသိဘူး…တွေးလိုက်မိသေးတယ်… ကားကိုလမ်းဘေးချရပ် ထားသော် လည်း အနောက်မှ ဖြတ်သွားသော ကားများ မြင်သာစေရန် အရေးပေါ်အချက်ပြ စုံမီးကို ဖွင့်ထား သဖြင့် မှိတ်တုတ မှိတ်တုတ်ဖြစ်နေသော မီးရောင်ဖြင့် တစ်ချက်တစ်ချက် ဟိုဘက်ကားလမ်းအထိ လှမ်းမြင်နေရသည်…ကားပေါ်မှာ တစ်ယောက် တည်း ကျန်ခဲ့သဖြင့် ကြောက်စိတ်က ဝင်လာကာ တောင်တွေးမြောက်တွေး တွေးရင်း…ကောင်လေးပြောခဲ့ တာတွေ ပြန်သတိရသွားသည်… ”ဟင် ကားပေါ်မှာ ပါတာ သုံးယောက် ကောင်မလေးက ပွဲခြင်းပြီးသေတယ်…ကောင်လေး တစ်ယောက်က ဒဏ်ရာ အတော်ပြင်းတယ်…ဆေးရုံပေါ်မှာ…” ”ငါ့ ကားငှားလာတာက ထွန်းနိုင်ဆိုတဲ့ လူရဲ့ မိဘတွေ…ထွန်းနိုင်က ဒဏ်ရာမပြင်းလို့ သူ့မိဘတွေဆီတောင် ဖုန်းဆက်ပြောထားတယ်…” ”ဟာဒါဆို စောဏကောင်လေးက…ကျနော်သတိရသွားပြီး… ကြက်သီးတွေ ထလာမိတာနဲ့ ကောင်လေးထွက်သွားသော မှောက်နေသောကားဘက်လှည့်ကြည့်မိလိုက်သည်…

ကျနော်ကားဆီ ကားလမ်းကူးကာ…ပြန်လျှောက်လာနေသော ကောင်လေး…ကောင်လေးဘေးမှာမှ ကောင်မလေး တစ်ယောက်ပါပါလာသည်ကို တွေ့လိုက်ရသဖြင့်… ”ဟာ…အမလေး သရဲ…သရဲ…အယောင်ယောင်အမှားမှားဖြင့် လန့်၍အော်မိပြီး… စက်မသတ်ပဲ ရပ်ထားသော…ကားကိုမောင်းထွက်လာလိုက်သည်…ရသမျှ ဘုရားစာတွေရွတ်ရင်း…ကားကိုအရှိန်တင်၍ မောင်းထွက်လာလိုက်သည်… ကားမောင်းရင်းဘက်ကြည့်မှန်မှ တစ်ဆင့် လိုက်လာမလား ကြောက်ကြောက်ဖြင့် ကြည့်လိုက်မိတော့.…ကျနော့်ကားနောက် ပြေးလိုက်လာကျသော ကောင်လေးနှင့် ကောင်မလေး ကိုတွေ့လိုက်ရသဖြင့် ပါးစပ်မှ ဘုရားပင်တမိသွားသည်…နောက်ကြည့်မှန်ကတဆင့် မြင်လိုက်ရသော ကောင်လေးနှင့် ကောင်မလေး ခြေထောက်များမှာ အရှည်ကြီးတွေ ဖြစ်နေပြီး င်္အကျီတွေမှာလည်းသွေးတွေ ရွှဲနေသည်…သူတို့ပြေးလိုက် လာ သည်မှာ…ကီလို၈၀ကျော် ၉၀နီးပါးဖြစ်နေသော ကျနော့်ကားကိုမှီလုမှီခင် ဖြစ်နေပြီ ဖြစ်သည်…ကြောက်လန့်ကာ လီဘာကို ခြေတစ်ဆုံးဖိနင်းလိုက်စဉ်…အနောက်ဖက်မှ လှမ်းအော်လိုက်သော…ကောင်လေးအသံကိုကြား လိုက်ရသည်…

”အကိုစောင့်ပါအုံး…သူလည်း ရန်ကုန်ပြန်လိုက်ချင်တယ်ပြောလို့ပါ…” ဟူ၍ ဖြစ်သည်…ထို အသံကြားပြီး ကတည်းက နောက်သို့ထပ်မလှည့်ကြည့်ရဲတော့…ပဲကားကိုသာ အရှိန်ပြင်းပြင်းမောင်းလာလိုက်တော့တယ်… ဘယ်နေရာအထိ လိုက်လာပြီး ဘယ်နေရာမှာ ရပ်ကျန်ခဲ့သလည်းဆိုတာ ကိုတော့ မသိတော့ပါ…တစ်နေရာရာမှာ ရပ်ကျန်ခဲ့သည် ထင်သည်…ကျနော်လည်း ကြောက်ကြောက်ဖြင့် ဘုရားစာရွတ်ရင်း ကားကို စွတ်မောင်းလာခဲ့သည်မှာ ရန်ကုန်အဝင် တိုးဂိတ် ရောက်မှ အရှိန်လျော့မိတော့သည်…လှည်းတန်းဘက်ပြန်ရောက်တော့ အချိန်က ၂နာရီကျော်ကျော်ရှိနေပြီဖြစ်သည်…လှည်းတန်းဈေးရှေ့ကားထိုးကာ အိပ်နေကျသော သူငယ်ချင်းကားသမားတွေ နိုးကာပြောပြတော့…မသေကောင်း မပျောက်ကောင်း…ကံကောင်းလို့ပေါ့…ဆိုပြီး ဝိုင်းပြောကျသည်…ကျနော်ကို မကြောက်တော့ရန် ပြောပြီး သူတို့လည်း ကျနော့်ကားပေါ်ထိုင်ရင်း အဖြစ်အပျက်အစအဆုံး မေးမှ ပြန်ပြောပြရင်း ကောင်လေးကား တံခါး ဆွဲဖွင့်ပြီးမှရှေ့ခန်းမထိုင်ပဲ နောက်ခန်းတက်ထိုင်တာဟာ…ကားရှေ့ခန်းတွင် ချိတ်ထားသော ဘုရားပုံကြောင့်ဖြစ်မည်ဟု သတိထားမိတော့သည်…အမှန်ကောင်လေး ပြောကတည်းက ကျနော် သဘောပေါက်ဖို့ကောင်းသည်…သဘောမပေါက်ခဲ့တာလည်း ခပ်ကောင်း ကောင်းပင်…အကယ်၍ ကောင်လေးကားပေါ်မှာ ရှိနေကတည်းက ကောင်လေးက သရဲဆိုတာသာ ကျနော်သိခဲ့ရင်…ဘာဖြစ်မလဲ ဆိုတာ တွေးတောင် မတွေးရဲပါ…

ပြီးပါပြီ…

(မူရင်းရေးသားသူ) လေးစားမှုဖြင့် – Blacker

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page