မြန်မာ့သမိုင်းထဲက အသက် (၁၃) နှစ်နဲ့ ဗိုလ်ချုပ်ဖြစ်ခဲ့သူ စစ်သူရဲကောင်းတစ်ဦး
မြန်မာ့သမိုင်းထဲက အသက် (၁၃) နှစ်နဲ့ ဗိုလ်ချုပ်ဖြစ်ခဲ့သူ စစ်သူရဲကောင်းတစ်ဦး…
မင်းရဲကျော်စွာ ဟု ဆိုလိုက်လျှင် ယနေ့ထိတိုင် အများစု သိနေကြဆဲဖြစ်မှာပါ။ ဘုရင်မဖြစ်သော်ငြား ဘုရင်တွေနဲ့ တန်းတူ နာမည်ကျော်ကြားခဲ့သူပါ။
ရာဇဝင်မှာတော့ မင်းရဲကျော်စွာဟာ ရာဇာဓိရာဇ်ရဲ့သား ဗောလောကျန်းဒေါ ဖြစ်ခဲ့ဖူးတယ် လို့ ဆိုပါတယ်။ ဗောလော ကျန်းဒေါ အရွယ်မရောက်ခင် ဆင်မြင်း လက်နက်တွေနဲ့ လေ့ကျင့်နေတာကို ရာဇာဓိရာဇ်သိတဲ့အခါ ” အရွယ်မရောက်ခင် ကပင် ဆင်မြင်းလေ့ကျင့်နေပြီ ၊ အရွယ်ရောက်လျှင် ငါ့စည်းစိမ်ကို လုလိမ့်မည်” ဟု တွေးကာ သတ်စေခဲ့ပါတယ်။ ဗောလောကျန်းဒေါ က သတ်ရန်စေလာသူတို့ကို တောင်းပန်ကာ လက်ဝတ်တန်ဆာများကို ချွတ်ပြီး ရွှေမော်ဓောစေတီသို့ လှူကာ နောင်ဘဝတွင်း အင်းဝမင်း သားတော်ဖြစ်ကာ ရာဇာဓိရာဇ် နှင့် စီးချင်းထိုး စစ်ခင်းလိုကြောင်း ဆုပန်ခဲ့ပါတယ်။ ထိုအကြောင်းကို ရာဇာဓိရာဇ်ကြားသော် ဆုတောင်းကြီးလှလေသည် ဟု ရွှေမော်ဓောဘုရားကို ကိုယ်လုံးတော်ပြည့် ရွှေချ၍ “ဤအကျိုးကြောင့် ဖြစ်လေရာဘဝမှာ ရန်သူကြံ၍ မဖြစ်နိုင်စေသတည်း” ဟု ဆုတောင်းခဲ့ပါတယ်။
ဗောလောကျန်းဒေါ သည် အင်းဝဘုရင်မင်းခေါင်၏ မိဖုရား ရှင်မိနောက် ဝမ်းတွင် ပဋိသန္ဓေတည်ခဲ့ တယ်လို့ ဆိုပါတယ်။ ကိုယ်ဝန်လွယ်ထားစဉ်မှာ မိဖုရားဟာ မွန်ပြည်နယ် ဒလမြို့ရှိ သရက်သီး ၊ မုတ္တမ မြေသင်းခဲ ၊ ပွတ်စလိုင်ရေ တို့ကို စားချင် သောက်ချင် ချဉ်ခြင်းတက်တာကြောင့် ၎င်းတို့ရနိုင်မယ့် မွန်ဘုရင်ထံ လက်ဆောင်များနဲ့ စေလွှတ်ခဲ့ပါတယ်။ ထိုအခါ ရာဇာဓိရာဇ်ရဲ့ ဟူးရားပညာရှိတို့က အရှည်ကိုမြင်သဖြင့် ထိုချဉ်ခြင်းတက်သည့် စားသောက်ဖွယ်ရာများကို ဘုန်းနိမ့်အောင် အထူးစီမံပြီး ပေးစေခဲ့ပါတယ်။ အချိန်တန်၍ မွေးဖွားလာခဲ့တဲ့အခါ မင်းဖြူလို့ နာမည်ပေးပါတယ်။ မွေးစက ငိုလျှင် မည်သို့မျှ ချော့လို့မရပဲ “လူလေးကြီးလာရင် စစ်တပ်ကြီးကို ဦးဆောင်ပြီး ဟံသာဝတီကို တိုက်ခိုက်စေမည်” လို့ချော့မှ ရပါသတဲ့။
မင်းရဲကျော်စွာသည် ငယ်စဉ်ကပင် စစ်ရေးကို စိတ်ဝင်စားကာ အရွယ်နဲ့မလိုက်အောင် ကျွမ်းကျင်ခဲ့ပါတယ်။ ရခိုင်ဘုရင် ထောရာကြီးက ဆော နဲ့ လောင်းရှည်တို့ကို ထိပါးခဲ့တဲ့အခါ ဘုရင်မင်းခေါင်ဟာ သားတော်မင်းရဲကျော်စွာကို ဗိုလ်မှူးခန့်ပြီး တပ်ဆယ်တပ် နဲ့ ရခိုင်ကို ချီစေပါတယ်။ ထိုအချိန်က မင်းရဲကျော်စွာရဲ့ အသက်မှာ ၁၃သာ ရှိပါသေးတယ်။ ကလေးစိတ် မပျောက်သေးတာကြောင့် စခန်းချရာနေရာမှာ သူငယ်ဖော်များနှင့် ဂျင် ကစားနေလေ့ရှိပါတယ်။ မင်းရဲကျော်စွာရဲ့ တပ်ကို ထောရာကြီးက စောင့်ပြီးခုခံပါတယ်။ ရခိုင်တပ်က အင်အားကြီးတာကြောင့် မင်းရဲကျော်စွာက ဒီအတိုင်းတိုက်လို့တော့မဖြစ် ၊ စစ်ကြောင်းခွဲတိုက်မှရမည် ဟု ဆိုကာ လက်ဝဲလက်ယာ ၃တပ်စီ ခွဲစေကာ ကိုယ်တိုင်က အလယ်ကြောင်း ၄တပ်ကို ဦးဆောင်ကာ ရှေ့ဆုံးမှနေ၍ ရဲမြတ်စွာဆင်ကိုစီးပြီး တိုက်ခိုက်ခဲ့ပါတယ်။ ထိုတိုက်ပွဲတွင် တစ်ဖက်ဘုရင်ကျဆုံးပြီး မင်းရဲ ကျော်စွာရဲ့ ပထမဆုံးအောင်ပွဲဖြစ်ခဲ့ပါတယ်။
နောက်တစ်ခါမှာတော့ ဖခင်ထံခွင့်တောင်းကာ ဟံသာဝတီသို့ စစ်ချီခဲ့ပါတယ်။ ပုသိမ် ၊ ခဲပေါင်မြို့များကို လုပ်ကြံရာ မအောင်မြင်သဖြင့် မလုပ်ကြံတော့ပဲ အထက်သို့ဆန်တက်ကာ ရခိုင် သံတွဲကို တိုက်ခိုက်အောင်မြင်ပြီး အင်းဝသို့ ပြန်ခ ဲ့ပါတယ်။ ခမည်းတော်က ဆုလာဘ်များစွာ ပေးခဲ့ပါတယ်။ သိန္ဒိစော်ဘွားက အင်းဝသို့ တပ်ကြီးနဲ့ ချီလာတဲ့အခါ ပထမ မြင်းတပ်ချင်းတိုက်ကြပါတယ်။ ထို့နောက် မင်းရဲကျော်စွာ နဲ့ သိန္ဒီစော်ဘွားတို့ စီးချင်းထိုးကြတဲ့အခါ မင်းရဲကျော်စွာက သိန္ဒိစော်ဘွားရဲ့ဆင်ပေါ်သို့ ခုန်တက်ပြီး စော်ဘွားနှင့်တကွကုန်လယ် ၊ ပဲ့စီးတို့ကို ခုတ်ချပြီး အနိုင်ယူခဲ့ပါတယ်။ နောက်တစ်ကြိမ်သိန္ဒီတပ်များက တရုတ်တို့ရဲ့ အကူအညီကို ယူပြီးချီတက်လာတဲ့အခါမှာလည်း မင်းရဲကျော်စွာ ဦးဆောင် တိုက်ခိုက်အောင်မြင်ပြီး ဆင် ၊ မြင်း ၊ သုံ့ပန်း အများအပြားကို ရရှိခဲ့ပါတယ်။
တစ်ခါမင်းရဲကျော်စွာ ခဲပေါင်မြို့ကိုလုပ်ကြံရာ၌ ကျုံးရေကိုဖောက်ထုတ်စေပြီး လှေကားထောင်၍ ချီတက်စေရာ မြို့တွင်းက အုတ် ၊ ကျောက် ၊ လှံတံများဖြင့် ပစ်ချသဖြင့် အသေ အပျောက်များပြီး ဆုတ်ခွာရပါတယ်။ ခဲပေါင်မှ တပ်မှူးများက ဟယ်မင်းသားငယ် ငါတို့မြို့ကို နှစ်ကြိမ် သုံးကြိမ် တိုက်၍ မရနိုင်ပဲ ပြန်ရသည်ကို မရှက်ပါသလော။ နင့်ဆီကို ထမီနှင့် ယပ် ပို့လိုက်မည် ဟု လှောင်ပြောင်ကြရာ အလွန်ရှက်လှသဖြင့် ဆင်တော်ငချစ်ခိုင်ကို စီးကာ ဆင်ခြေဖုံးသူရဲ ရှစ်ထောင်နှင့် ပြန်လှည့်တိုက်ပါတယ်။ တပ်သားများက ထိတ်လန့်နေသဖြင့် တွန့်ဆုတ်ဆုတ်လုပ်နေရာ တပ်မှူးများက မတိုက်သူကို တပ်မည်ဟု အပြင်းအပြစေခိုင်းခဲ့ပါတယ်။ ကျုံးနားသို့ရောက်ပြီး ဆက်မတက်ဝံ့တဲ့ တပ်သားတစ်ယောက်ကို စစ်ကဲက ခုတ်ချလိုက်ရာ ကျန်သူများမနေနိုင်တော့ပဲ အသက်စွန့်ကာ တက်ကြသဖြင့် မကြာမီမြို့ရိုးပေါက်ကာ ခဲပေါင်မြို့ကို ရခဲ့ ပါတယ်။
နောက်ဆုံးတိုက်ပွဲမှာတော့ မင်းရဲကျော်စွာဟာ ဟံသာဝတီကို အင်အားအလုံးအရင်း နဲ့ စစ်ချီခဲ့ပါတယ်။ မင်းရဲကျော်စွာရဲ့ အင်းအားကြီးလွန်းတဲ့အပြင် ရာဇာဓိရာဇ်ရဲ့ ကံဇာတာနိမ့်နေတယ်လို့ မှူးမတ်တို့က တွက်ချက်ကြတာကြောင့် ရာဇာဓိရာဇ် ဟာ မုတ္တမကို ခတ္တရှောင်နေခဲ့ပြီး ဇာတာသန့်ပြီဆိုတော့မှ ဟံသာဝတီကိုပြန်ပါတယ်။ ဒီတော့ မင်းရဲကျော်စွာက စိတ်ဆိုးပြီး ရာဇာဓိရာဇ်ထံသို့ စာစေပါတယ်။
“ဘကြီးတော် ငါလာ၍ မုတ္တမသို့ပြေးသည်ဟု ကြားသည်။ ယခုပြန်လာပြီဖြစ်၍ ငါ၏ အလိုအတိုင်းစီးချင်းတိုက်ပါ။ ဘကြီးတော် မတက်ဝံ့ ၊ မဆင်းဝံ့နှင့် စစ်ကိုကြောက်နေပါသလော။ ငါ့ကို ပဲခူးတိုင်အောင် တက်ခဲ့ပါဆိုလည်း ငါတက် လာမည် သို့မဟုတ် ဘကြီးတော်လာလျှင်လည်း ငါကြိုနှင့်မည်” လို့ စာစေတော့ “တူတော် ငါပင် ဒလသို့ ချီခဲ့မည် ၊ ခုခံရန် ပြင်ဆင်တော့” ဟု ရာဇာဓိရာဇ်က စကားပြန်ပါတယ်။
ရာဇာဓိရာဇ်၏ မှူးမတ်များက ၇၇၈ခုနှစ် တန်ခူးလဆန်း ၄ ရက်တွင် တိုက်ပါက မင်းရဲကျော်စွာအား နိုင်ပါလိမ့်မည် ဟု အခါပေးပါတယ်။ အဲဒီနောက်တော့ ရာဇာဓိရာဇ်ဟာ မင်းရဲကျော်စွာရှိရာ ဒလကို အင်အားအပြည့် နဲ့ စစ်ချီခဲ့ပါတယ်။ မင်းရဲကျော်စွာအား သတိနှင့်နေရန် မှူးမတ်များက ဝိုင်းဝန်းလျှောက်ကြသော်လည်း မိမိကိုယ်ကို အထင်ကြီးလွန်းတဲ့ မင်းရဲကျော်စွာဟာ နားမထောင်ပဲ သောက်စားလျှက်သာ နေပါတယ်။ ရာဇာဓိရာဇ် က မင်းရဲကျော်စွာကို စစ်မြူဖို့ အမတ်ဒိန်ကို ခိုင်းပါတယ်။
အမတ်ဒိန်ကလည်း မင်းရဲကျော်စွာတပ် နဲ့ မနီးမဝေးမှာ တပ်သားအနည်းငယ်နဲ့ နေရာပြင်ဆင်ပါတယ်။ မင်းရဲကျော်စွာ က မေးတဲ့အခါ မင်းရဲကျော်စွာ၏ တပ်ကို ဝိုင်းဖို့လာကြောင်း ပြန်လျှောက်တဲ့အတွက် မင်းရဲကျော်စွာ အတော်ဒေါသထွက်သွားပါတယ်။ အင်အား အနည်းငယ်နဲ့ သူရဲ့တပ်ကြီးကို မခန့်လေးစားလာလုပ်တာ ဆိုတော့ ဒေါသထွက်ပြီး တိုက်ဖို့ပြင်ပါတယ်။
မှူးမတ်များက မဟုတ်ကြောင်း သတိပေးပေမယ့် မင်းရဲကျော်စွာကို မထိန်းနိုင်ခဲ့ပါဘူး။ ဆင်တော်ငချစ်ခိုင်ကို အရက်ပို တိုက်ပြီး မိမိကိုယ်တိုင်လည်း ခါတိုင်းထက်ပိုသောက်ကာ တပ်မင်းစစ်ကဲ များအား တပ်အမြန်ပြင်ပြီး လိုက်ခဲ့ဟုဆိုပြီး ကိုယ်တိုင်က အရင်ထွက်ပါတယ်။ နောက်က တပ်တွေလိုက်ဖို့ပြင်တဲ့အခါ ဆင်တော်ဗကမတ်က သူ့ကိုစီးတဲ့မြေဒူးစားကို ခါချပြီးမြင်သမျှ ဆင် ၊ မြင်း ၊ လူ တို့ကို လိုက်လံဝှေ့ရာ မှူးမတ်များမှာ မင်းရဲကျော်စွာနောက်သို့ ချက်ချင်းမလိုက်နိုင် တော့ပေ။ ဗကမတ် ဆင်ကြောင့် ရာဇာဓိရာဇ် စစ်နိုင်သည် ဟု ဆို၍ပင် ရပါတယ်။
အကြောင်းကတော့ ဒလ တိုက်ပွဲမတိုင်ခင် ခဲပေါင်တိုက်ပွဲမှာ မင်းရဲကျော်စွာဟာ ဟံသာဝတီတပ်ကို နိုင်ခဲ့ပြီး သမိန်ဗရမ်း နှင့် တကွ မွန်ဆင်တော် ဗကမတ်ကိုပါ ဖမ်းမိခဲ့ပါတယ်။ ဒလ တိုက်ပွဲမတိုင်မီ တစ်ညက ရာဇာဓိရာဇ်ဟာ ဆင်ဦးစီး ငပျံကို ခေါ်၍ ငါတို့ဆင်ကို သူတို့ရထားသည်။ ငါတို့တွင် ဗကမတ်ကို နိုင်မည့် ဆင်မရှိ ။ မည်သို့ပြုရမည်နည်း ဟု တိုင်ပင်ရာ ငပျံက တိုက်ပွဲတွင် ဗကမတ်ဆင် မတိုက်နိုင်အောင် ခြေထောက်ကို သံနှင့်ရိုက်ခဲ့မည်ဟု ဆို၍ ဗကမတ်ရှိရာသို့ အဖော် နှစ်ယောက်နှင့်အတူ တိတ်တဆိတ်ဝင်ပါတယ်။
ဗကမတ်ကလည်း သခင်အနံ့ရတာကြောင့် ချက်ချင်းနိုးလာတဲ့အခါ ငပျံဟာ သံနဲ့မရိုက်ရက်တော့ပဲ ကြံသုံးချောင်းကို ဗကမတ်အားပေးပြီး “မင်းကို သံနှင့်ရိုက်ရန် ငါလာသည်။ ယခုမပြုရက် တော့ ။ မနက်ဖြန်မြင်သမျှ ဆင်မြင်းလူတို့ကိုလိုက်လံတိုးဝှေ့ပါ။ သို့ပါမှ ငါတို့အသက်ရှင်လိမ့်မည်” ဟု ပြောဆိုရာ ဗကမတ်ဆင်က ငြိမ်သက်နေပါတယ်။
ဆင်ကို ငပျံ့သံနှင့် မရိုက်ခဲ့တဲ့အကြောင်း ရာဇာဓိရာဇ်သိရာ မနက်ဖြန်မင်းပြောခဲ့သလို ဆင်က မလုပ်ခဲ့ရင် မင်းနဲ့ မိသားစု ကို မီးရှို့သတ်မည်ဟု ဆိုပြီး ငပျံကို အကျဉ်းချထားလိုက် ပါတယ်။ ငပျံခိုင်းတဲ့အတိုင်း ဆင်တော်ဗကမတ် က လုပ်ခဲ့တဲ့ အတွက် မင်းရဲကျော်စွာ တစ်ယောက်တည်း ရှေ့ကိုကျွံ့လာခဲ့ပြီး နောက်က တပ်များချက်ချင်း လိုက်ပါလာနိုင်ခြင်း မရှိတော့ ။ လောကြီးတဲ့ မင်းရဲကျော်စွာရဲ့ အမှားပါ။ မင်းရဲကျော်စွာဟာ လက်ရုံးရည် ထက်မြင်လှတဲ့အတွက် အစပိုင်း မွန်တပ် ၄ တပ် ကို ပျက်အောင်တိုက်ခဲ့ပါတယ်။
နောက် တစ်တပ်ကို တိုက်တဲ့အချိန်မှာတော့ အတော်ပင်ပန်းလှပြီး နောက်က တပ်ကူလည်းမရှိသဖြင့် ဆင်တော်ကို မတိုက်တော့ပဲ ရပ်ပါတယ်။ ဒီအချိန်မှာ ရာဇာဓိရာဇ်ရဲ့ သားတော်သုံးဦးက ဆင် အစီး ၃၀ နဲ့ မင်းရဲကျော်စွာကို ဝိုင်းတိုက် ပါတယ်။ ဆင်တော်ကို လှံချက်ပေါင်းများစွာ ထိတာကြောင့် ခါချတဲ့အတွက် မင်းရဲကျော်စွာပြုတ်ကျပြီး လမ်းမလျှောက်နိုင် တော့။ တွားတွားလျှက် ရေကန်အနီးမှ သစ်ပင်အနီးမှာ ဝပ်ခဲ့ပါတယ်။ နောက်ဆုံးမှာ မင်းရဲကျော်စွာကို ရာဇာဓိရာဇ်က ရှာတွေ့ဖမ်းဆီးနိုင်ခဲ့ပြီး “မင်းသားငယ်အပေါ် ငါပြစ်မယူ၊ အစာစားပါ ။ ဆေးစားပါ။ ကျန်းမာ၍ ဒီမှာနေလိုလျှင် သမီးတော် နှင့် စုံဖက်၍ အိမ်ရှေ့စံပေးမည်။ အင်းဝသို့ ပြန်လိုပါကလည်း ကောင်းစွာ ပြန်ပို့ပေးမည်။ ကျန်းမာအောင်သာနေပါ” ဟု မိန့်၍ ဆေးဝါးများပေးရာ မင်းရဲကျော်စွာက-
“ငါသည် ဟံသာဝတီကို သိမ်းရန်လာခဲ့သည်။ ယခု သည်သို့ဖြစ်ပြီး သူ့ကျွန်မခံနိုင်ပြီ ။ ကျွန်လိုအသက်ရှင်တာထက် သေတာကမှ မြတ်ပါသေးသည်။ ဆေးမစားပြီ။ သတ်လိုကသတ်ပါ” ဟု ဆိုပါတယ်။ အဲဒီညမှာပဲ အနာသည်းပြီး မင်းရဲကျော်စွာ အနိစ္စရောက်ပါတယ်။
မင်းရဲကျော်စွာဆုံးတဲ့အကြောင်းကို ထိုညမှာပဲ အင်း၀ ကုက္ကိုပင်စောင့်နတ်က ကိုယ်ထင်ပြ၍ ဆိုတာကြောင့် အင်းဝက သိနှင့်နေပြီးဖြစ်ပါတယ်။ မိုးသောက်လျှင် မှူးမတ်တို့က မင်းရဲကျော်စွာဆုံးကြောင်း စာရေး၍ သင်္ဃရာဇာမွေးထားတဲ့ လင်းတမှာ ချိတ်ဆွဲကာ အင်းဝကိုလွှတ်ပါတယ်။ အင်းဝကို ညနေ ၃ နာရီမှ စာကရောက်ပါတယ်။ စာရောက်တဲ့အခါ ဘုရင်မင်းခေါင် ကိုယ်တိုင် ဒလသို့ စုန်ဆင်းလာခဲ့ပြီး သားတော်၏ အရိုးကို တူးဖော်ကာ ရွှေအိုးတွင်ထည့်၍ ပသီဝမှ ရေသို့ချပါတယ်။
မင်းရဲကျော်စွာဟာ ၇၅၂ ခုဖွားဖြစ်ပြီး အသက် ၁၃နှစ်က စ၍ သေသည်အထိ တိုက်ပွဲများကို အဆက်ပြတ်ဆင်နွဲခဲ့သော စစ်ဘုရင်ဖြစ်ပါတယ်။ လက်ရုံးရည်တွင် စံတင်လောက်သူ အဖြစ် မှတ်တမ်းတင်ခြင်းခံရသူဖြစ်ပါတယ်။ သူသေပြီးတဲ့ နောက်မှာ ရိုးရာကိုးကွယ်ကြသည့် အပြင် ၃၇ မင်း နတ်တွင်အပါအဝင်ဖြစ်သည့် ဒလဆုံးကိုကြီးကျော် (မောင်မင်းဖြူ) နတ်အဖြစ် သတ်မှတ်ကိုးကွယ်ခြင်းခံရပါတယ်။