ဂမ္ဘီရတွေ ဝိဇ္ဇာတွေနဲ့ အခုထိ မင်းလောင်းမျှော်နေကြသေးတဲ့ ရွှေမြန်မာများ

ဂမ္ဘီရတွေ ဝိဇ္ဇာတွေနဲ့ အခုထိ မင်းလောင်းမျှော်နေကြသေးတဲ့ ရွှေမြန်မာများ

ကျွန်တော် ဒီရက်ပိုင်း​ ထူးထူးခြားခြား ဆောင်းပါးတစ်ပုဒ်ဖတ်မိပါတယ်။ ဟာဝိုင်ယီ တက္ကသိုလ်က ထုတ်ဝေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျာနယ်တစ်စောင်ထဲမှာ မြန်မာတွေရဲ့ မင်းလောင်းမျှော်တဲ့ အကြောင်းကို နိုင်ငံခြားသားတစ်ယောက်က ကိုလိုနီခေတ်ကနေစပြီး ဒီဘက်ခေတ်အထိ ခေတ်အဆက်ဆက် သုံးသပ်ပြထားတဲ့ ဆောင်းပါးပါ။

သူ့ရဲ့ အဆိုအရ မြန်မာပြည်ကို အင်္ဂလိပ် သိမ်းပြီးတဲ့နောက်ပိုင်းမှာ မြန်မာပြည်ဟာ တခြား ခေတ်မီ အုပ်ချုပ်ရေး စနစ်တွေ အကြောင်း မသိသေးဘူး။​ သူတို့ စိတ်ထဲမှာ အင်္ဂလိပ်တွေ ဘုရင်ကို ဖမ်းသွားတဲ့ အတွက် ဒီမကောင်းတဲ့ အင်္ဂလိပ်တွေကို ပြန်ပြီး ဖြုတ်ချဖို့ ဘုရင်တစ်ပါး ရှိရမယ်။ မင်းလောင်းတစ်ပါး ပေါ်လာရမယ်။ အဲဒီအတွက် အင်္ဂလိပ်တွေ မြန်မာပြည်ကို သိမ်းပြီးကတည်းက မြန်မာတွေဟာ မင်းလောင်းကို မျှော်နေကြတယ်လို့ သူက ဆိုပါတယ်။

တကယ်တော့ မင်းလောင်းကိစ္စကို စပြောရင် ဘိုးဘိုးအောင်က စပြောရမှာပါ။ ဘိုးဘိုးအောင်ကို သူ့သူငယ်ချင်း မောင်ဝိုင်း လို့ခေါ်တဲ့ ဘိုးတော်မင်းက နန်းတော်ကို ခေါ်ပြီး စီရင်ဖို့ လုပ်တော့ ဘိုးဘိုးအောင်က ဝလုံးတစ်လုံးရေးပြီး ဖျက်ခိုင်းတယ်။ တစ်လုံးဖျက်ရင် နှစ်လုံးဖြစ်တယ်။ နှစ်လုံးဖျက်ရင် လေးလုံး ဖြစ်တယ်။ ဒီလို နှစ်ဆပွားနေရင်းက နောက်တော့ နန်းတော်တစ်ခုလုံး ဝလုံးတွေ ပြည့်သွားတယ်။​ဘိုးဘိုးအောင်က ကိုယ်ပွားတွေ အများကြီး ပွားပြတယ်။ တွင်းထဲ ထည့်မြှုပ်ရင် တွင်းထဲက သူ့ဘာသာသူ ပြန်ထွက်လာတယ် ဆိုတဲ့ ဇာတ်လမ်းတွေကို ကြားဖူးကြမှာပါ။

ကျွန်တော့်သား ငယ်ငယ်က သူ့ကို ဘိုးဘိုးအောင် အကြောင်း အိပ်ယာဝင်ပုံပြင် အနေနဲ့ ပြောပြတော့ ကျွန်တော့်သားက စိတ်ထဲမှာ ဘိုးဘိုးအောင်ကို ရှေးခေတ်က ပါဝါရိမ်းဂျားလို့တောင် ထင်သွားပါသေးတယ်။ ဘိုးတော်မင်းရဲ့ မြေးတော် စင်္ကြာမင်းသားကို ရေချတော့ ဘိုးဘိုးအောင်က ဝင်ကယ်သွားတယ်လို့ မြန်မာ အများစု ဒဏ္ဍာရီ လိုလို ပုံပြင်လိုလို အစဉ်အဆက် ပြောနေခဲ့ကြတာ အင်္ဂလိပ်ခေတ် အထိပါပဲ။ အဲဒီတော့ အင်္ဂလိပ်ခေတ်က မြန်မာ အများစုဟာ တစ်ချိန်ကျရင် ဘိုးဘိုးအောင် ကယ်သွားတဲ့ စင်္ကြာမင်းသားဟာ မင်းလောင်းအဖြစ် ပြန်ပေါ်လာမယ်။ အင်္ဂလိပ်ကို ဖယ်ရှားလိမ့်မယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ ကိုလိုနီခေတ်ဦးက နယ်ချဲ့ ဆန့်ကျင်ရေးက ဒီလောက် အားမကောင်းခဲ့တော့ မျှော်လင့်စရာ မရှိတဲ့ အခြေအနေမှာ ရှိစုမဲ့စု မျှော်လင့်စရာကလေး တစ်ခုကို အတင်းဖမ်းဆုပ်ထားခဲ့ကြတဲ့ သဘောပါပဲ။

၁၉၁၀ မှာ ကမ္ဘာအနီးကို ၇၆ နှစ်တစ်ကြိမ် ဖြတ်လေ့ ရှိတဲ့ ဟေလီကြယ်တံခွန် ဖြတ်သွားပါတယ်။ ကြယ်တံခွန် ပေါ်တာကို မြန်မာတွေက မင်းအပြောင်းအလွဲ ဖြစ်မယ်။ မင်းလောင်းပေါ်မယ်လို့ ယုံကြည်ကြပါတယ်။ အဲဒီကနေ နောက်တစ်နှစ် ၁၉၁၁ မှာတော့ မြင်းမူဘက်မှာ မင်းလောင်းမောင်သန့် ဆိုတာ ပေါ်လာတယ်။ သူကတော့ ဆေးလိပ်မီးပွား လက်မောင်းပေါ် ကျရာကနေ လက်ရုံးမီးတောက်တယ်လို့ နာမည်ကြီးပြီး တစ်စတစ်စ သတင်းပြန့်ကားသွားရာကနေ သူ့ကို မင်းလောင်း အဖြစ် အများက သတ်မှတ် အင်္ဂလိပ်ကို တော်လှန်ဖို့ ခေါင်းဆောင်အဖြစ် ဝိုင်းဝန်းတင်မြှောက်ကြပြီး ပုန်ကန်ကြတာပါ။ ဒါပေမယ့်လည်း သူတို့မှာ လက်နက် မရှိတာကြောင့် ပုန်ကန်အပြီး ၁ နှစ်လောက်မှာ အင်္ဂလိပ်တွေ နှိမ်နင်းတာ ခံလိုက်ရပါတယ်။

နောက်တော့ ၁၉၂၇ မှာ ဗန္ဓက ရသေ့ဆိုပြီး မုံရွာဘက်မှာ မင်းလောင်း တစ်ယောက် ထပ်ပေါ်ပြန်ပါတယ်။ ဗန္ဓက ရသေ့နဲ့ မောင်သန့် မတူတဲ့ အချက်ကတော့ မောင်သန့်ဟာ အင်္ဂလိပ် ဖမ်းမိလို့ ကြိုးစင်တက်ရတဲ့ အချိန်မှာ အသက် ၂၁ နှစ်သာ ရှိသေးတဲ့ လူငယ် တစ်ယောက်ပါ။ ဗန္ဓက ရသေ့ကတော့ အသက် ၄၀ ကျော် လူကြီး တစ်ယောက်ပါ။ ဒါပေမယ့် မြန်မာတွေရဲ့ စိတ်ထဲမှာ မင်းလောင်းတစ်ယောက်က ကယ်တင်မယ်လို့ မျှော်လင့်နေကြတာရယ်၊ အတိတ်တွေ တဘောင်တွေက သူ့ကို ညွှန်ပြနေတာရယ်ကြောင့် သူ့ကို မင်းလောင်းအဖြစ်သတ်မှတ်ပြီး သူ့ဆီကို လူတွေ အများကြီး ခိုဝင်ကြပါတယ်။​ဒါပေမယ့် ဗန္ဓက ရသေ့ ပုန်ကန်မှုကလည်း ခဏပဲ ခံလိုက်ပြီး နောက်ဆုံးမှာ အင်္ဂလိပ်တွေက သူ့ကိုဖမ်းဆီးပြီး တကျွန်းပို့လိုက်ကြပါတယ်။

နောက်တစ်ယောက်ကတော့ အားလုံးသိကြတဲ့ ဂဠုန်ဆရာစံပါ။ ဆရာစံဟာ တုတ်ပြီး၊ ဓားပြီးဆေးတွေ ထိုးပေးတယ်ဆိုပြီး သူ့အဖွဲ့နဲ့ အတူ အင်္ဂလိပ်ကို ဆန့်ကျင် သူပုန်ထပါတယ်။ ဆရာစံကိုလည်း အားလုံးက မင်းလောင်း အဖြစ် သတ်မှတ်ကြပြန်ပါတယ်။ ဒါပေမယ့် ဆရာစံရဲ့ ပုန်ကန်မှုဟာလည်း ခဏပဲ​ခံခဲ့ပြီး ရှုံးနိမ့်ခဲ့ရပြန်ပါတယ်။

အဲဒီတော့ အင်္ဂလိပ်ခေတ်ကို ကြည့်မယ် ဆိုရင် မြန်မာ အများစုဟာ ကိုလိုနီလက်အောက်က ကယ်တင်မယ့် မင်းလောင်းတစ်ယောက်ကို မျှော်နေတယ် ဆိုတာ အတော်ကို ထင်ရှားပါတယ်။ ပြန်ကြည့်မယ် ဆိုရင် ဆရာစံတို့ လက်ထက်အထိ မင်းလောင်းအဖြစ် ပုန်ကန်ခဲ့တဲ့သူတွေက မျက်မှောက်ခေတ်နဲ့ အတော် အလှမ်းဝေးကြတဲ့ တောရွာဇနပုဒ်က လူတွေများပါတယ်။ အဲဒီတော့ ဆရာစံနောက်ပိုင်းမှာ မင်းလောင်းကိစ္စဟာ တစ်ခန်းရပ်သွားပြီလို့ ပြောလို့ ရနိုင်ပါတယ်။

ဒါပေမယ့်လည်း နောက်ပိုင်း မြန်မာနိုင်ငံရေးကို ဦးဆောင်ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ ဦးနုတို့ဟာလည်း ဒီမင်းလောင်းကိစ္စကို ယုံကြည်ကြတာလားလို့ မေးစရာ ရှိလာပါတယ်။​ ဒါမှမဟုတ် ဖြစ်နိုင်တာက ပြည်သူတွေ မင်းလောင်းမျှော်နေတာကို သဘောပေါက်လို့ ဒါကို အသုံးချပြီး ပြည်သူတွေကို နယ်ချဲ့ ဆန့်ကျင်ရေး လုပ်ဖြစ်အောင် စည်းရုံးတာလားလို့လည်း တွေးစရာ ရှိလာပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းတို့ တည်ထောင်ခဲ့တဲ့ “ဗမာ့ ထွက်ရပ်ဂိုဏ်း”​ကြောင့်ပါ။​ နာမည်က ထူးခြားပါတယ်။

ထွက်ရပ်ပေါက် ဝိဇ္ဇာ၊​သူတော်စင်တွေက နိုင်ငံကို ကယ်တင်ဖို့ ဆိုတာမျိုး ပြည်သူတွေ စိတ်ထဲမှာ ပေါ်လာအောင် ဒီဂိုဏ်းကို ဗမာ့ထွက်ရပ်ဂိုဏ်းလို့ နာမည်ပေးခဲ့ကြတာပါ။ ထူးခြားတာက ဗမာ့ထွက်ရပ်ဂိုဏ်းရဲ့ အစည်းအဝေး လုပ်နေတဲ့ ကာလတွေမှာ ဘိုးဘိုးအောင် ကိစ္စ တကျော့ ပြန်ပါလာတာပါပဲ။ တစ်ချို့ မန္တလေးက ဂိုဏ်းသားတွေက ဘိုးဘိုးအောင်ကို မဟာမြတ်မုနိ ဘုရားကြီးမှာ တွေ့လိုက်တယ် ဆိုတာမျိုး ထုတ်ပြောကြပါတယ်။ အဲဒီတော့ သူတို့တွေဟာ ခေတ်သစ်နိုင်ငံရေး လှုပ်ရှားမှုမှာ ပါဝင်နေပေမယ့် ခေတ်ဟောင်းက မင်းလောင်းကိစ္စ မစွန့်နိုင်သေးဘူး ဆိုတာ ထင်ရှားပါတယ်။

နောက်တော့ ဂျပန်နဲ့အတူ ရဲဘော်သုံးကျိပ် ပြန်ဝင်လာတဲ့ အချိန်မှာလည်း ရဲဘော်သုံးကျိပ် ဝင်လာတဲ့ ပုံစံက မြန်မာတွေ စိတ်ထဲမှာ မျှော်လင့်ထားတဲ့ မင်းလောင်းနဲ့ အပေါင်းအပါများ နိုင်ငံကို ကယ်တင်ဖို့ ရောက်လာကြတဲ့ ပုံစံမျိုးပါပဲ။ ရဲဘော်သုံးကျိပ်ကလည်း ဆိုက်ဝါးတွေ လုပ်ခဲ့ကြပါတယ်။ မြန်မာတွေ သိကြတဲ့ ထီးရိုးကို မိုးကြိုးရိုက်လိမ့်မည် ဆိုတဲ့ တဘောင်ကို အစွဲပြုပြီး ထီးရိုး ဖြစ်တဲ့ အင်္ဂလိပ်ကို တိုက်တဲ့ ဂျပန် ဗိုလ်မှူးကြီး ဆူဇူကီးကို ဗိုလ်မိုးကြိုးလို့ နာမည်ပေးခဲ့တာမျိုးပါ။ အဲဒီခေတ်က မြန်မာတွေကတော့ ဆူဇူကီးဟာ ဂျပန် အစစ်မဟုတ်ဘဲ မြင်ကွန်းမင်းသားရဲ့ အနွယ်တော် လို့တောင်မှ ယုံကြည်ကြပါတယ်။

နောက်ပိုင်းမှာတော့ ဗမာတွေရဲ့ စိတ်ထဲက သူတို့ မသိလိုက်ပဲ ပုံဖော်ထားတဲ့ မင်းလောင်းပုံစံဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တထပ်တည်း သွားကျနေပါတယ်။နယ်ချဲ့အင်္ဂလိပ်ကို တော်လှန်ဖြုတ်ချခဲ့တယ် ဆိုတာမျိုးအတွက် ကြည်ညိုလေးစားကြသလို တိုင်းရင်းသားတွေကို စည်းရုံးပြီး ပင်လုံစာချုပ် ချုပ်ခဲ့တာမျိုးဟာ ရှေးဘုရင်တွေ လက်ထက်က တိုင်းနိုင်ငံကို စည်းရုံးတယ် ဆိုတဲ့ ပုံစံမျိုး သွားပြီး သက်ရောက်နေပါတယ်။ နောက်ပိုင်းသမိုင်းတွေမှာ ဗိုလ်ချုပ်အောင်ဆန်းကို စတုတ္ထမြန်မာနိုင်ငံတော်ကို ထူထောင်သူ အဖြစ် ပုံဖော်ရေးသားကြတာဟာ ဒီအချက်ကို ထင်ရှားစေတယ်လို့ ဆောင်းပါးရေးတဲ့သူက ဆိုပါတယ်။

လွတ်လပ်ရေး ရပြီးနောက်ပိုင်း ဦးနေဝင်းလက်ထက်ရောက်တော့ မင်းလောင်းကိစ္စဟာ တစ်ခန်းရပ်သွားပြန်ပါတယ်။ သိကြတဲ့အတိုင်း ဦးနေဝင်းကလည်း သူ့ဘာသာသူ ရှင်ဘုရင်ဂိုက် ဖမ်းနေတဲ့သူ ဆိုတော့။ ဒါပေမယ့် ဦးနေဝင်းလွန်ပြီးနောက်တော့ မြန်မာတွေဟာ နိုင်ငံကို ကယ်တင်ဖို့ ခေါင်းဆောင်တစ်ယောက် လာလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။​ မြန်မာတွေ ယုံကြည်တဲ့ တဘောင်အရတော့ သာသနာပြုတဲ့မင်းတစ်ပါး ပေါ်လာလိမ့်မယ်လို့ ဆိုထားခဲ့တယ် မဟုတ်လား။

အဲဒီတော့ ခေတ်အဆက်ဆက်ကို ပြန်ကြည့်ရင် ကျွန်တော်တို့ ဘိုးဘွားလက်ထက်ကတည်းက ဖြတ်သန်းခဲ့ရတဲ့ ခေတ်တွေဟာ အတော်ကို မှောင်ပါတယ်။ ဒီအမှောင်ထဲက အလင်းတစ်စ အဖြစ် ကယ်တင်ရှင် မင်းလောင်းကို မျှော်ကြပါတယ်။ ကယ်တင်ရှင်ကသာ အရာရာကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည် အားကိုးကြပါတယ်။

အဲဒီကနေ ဆက်တွေးကြည့်တော့ တွေးစရာတွေ အများကြီး ရပါတယ်။​ကျွန်တော်တို့ဟာ အရင်ကတည်းက ဘာလို့ မင်းလောင်းကိုပဲ မျှော်နေရတာလဲ။ အားကိုး နေရတာလဲ။ မင်းဆိုတာကလည်း လူထဲကလူပဲမို့ သူ့သက်တမ်းစေ့ ကွယ်လွန်သွားခဲ့ရင် သူ့ကို ဆက်ခံတဲ့သူတွေ လက်ထက်မှာ ပရမ်းပတာတွေ ဖြစ်သွားနိုင်တာပဲ မဟုတ်လား။ ဘာဖြစ်လို့ ကျွန်တော်တို့ဟာ ခေါင်းဆောင်ဘယ်လိုပဲပြောင်းပြောင်း အနည်းဆုံး ပုံမှန်တော့ ဆက်သွားနေနိုင်မယ့် စံနစ်တစ်ခုကို တည်ဆောက်ဖို့ မစဉ်းစားရတာလဲ။

ပွင့်ပွင့်လင်းလင်း ဖြေရရင် ကျွန်တော်တို့က စံနစ်တစ်ခု ကို တည်ဆောက်ဖို့ ဆိုတာကို မင်းလောင်းမျှော်ရတာလောက် စိတ်မဝင်စားကြပါဘူး။ ကိုယ့်ဘာသာကိုယ် လိုက်လုပ်ရတာ ပင်ပန်းတယ်လေ။ မင်းလောင်းပေါ်ရင် မင်းလောင်း သူ့ဘာသာသူ လုပ်လိမ့်မယ်။ ကိုယ်က နောက်က ဖရီးရိုက် အသာလေး ကပ်လိုက်သွားရုံပဲပေါ့။ မဟုတ်ဘူးလား။

Zaw Thet Aung

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page