“မိတ္ထီလာကန် သမိုင်းအကျဉ်း နှင့် သမိုင်းဝင် သိမ် (၉) သိမ်”
“မိတ္ထီလာကန် သမိုင်းအကျဉ်း နှင့် သမိုင်းဝင် သိမ် (၉) သိမ်”
မိတ္ထီလာကန်သည် မြန်မာပြည်တွင် အဓိကထင်ရှားသော ကန်တော်ကြီးဖြစ်သည်။ မိတ္ထီလာကန်တော်ဘွဲ့ ကဗျာ၊ လင်္ကာ၊ မော်ကွန်းများကို ရှေးမြန်မာပညာရှိ စာဆိုများက ရေးစပ်သီကုံးခဲ့သည်မှာ အထင်အရှားရှိပါသည်။
မိတ္ထီလာကန်မော်ကွန်းကို အင်းဝခေတ်၊ ရွှေနန်းကျော့ရှင် နရပတိလက်ထက် ရတုလင်္ကာ ဘုရင် မဟာသိလဝံသ ကလည်းကောင်း၊ အမရပူရ ပထမမြို့တည် နန်းတည်းမင်းတရားကြီး လက်ထက် ဗလနန္ဒ စည်သူက လည်းကောင်း၊ တွင်းသင်းတိုက်ဝန် မဟာစည်သူက လည်းကောင်း အသီးသီး မိတ္ထီလာကန်တော်မင်္ဂလာ မော်ကွန်းကို ရေးထိုးစပ်ခဲ့ကြသည်။
မိတ္ထီလာကန်အလှကို ချီးကျူးကြသည်။ မိတ္ထီလာကန်၏ အကျယ်အဝန်းကို တင်စားကြသည်။ မိတ္ထီလာကန်၏ အံ့ချီး ဖွယ်များကို သီကုံးစပ်ဆိုကြသည်။ မိတ္ထီလာကန်ကို
“ရေမှာ စစ်ကိုင်း၊ လှိုင်းမှာ ပခန်းငယ်၊ လယ်မှာ တောင်တွင်း၊ စပါးမှာ ရမည်းသင်း၊ အင်းမှာ တောင်သမန်၊ ကန်မှာ မိတ္ထီလာ”
ဟု တင်စားစပ်ဆိုခဲ့ကြသည်။ ထို့ကြောင့် မိတ္ထီလာကန်မှာ ထင်ရှား ကျော်ကြားသည်။ မိတ္ထီလာမြို့သည် မိုးနည်းရေရှားရန်ဝန်းဒေသတွင် ပါဝင်သော်လည်း မိတ္ထီလာ၊ ရန်ကုန်၊ မြင်းခြံ၊ တောင်ကြီး၊ ကျောက်ပန်းတောင်း၊ မန္တလေးကားလမ်း (၅)လမ်းဆုံစည်းရာ လမ်းဆုံလမ်းမကြီး ကျသဖြင့် အထူးစည်ကား သည်။
ထို့ပြင် “လူကလေးရဲ့ ချော့စရာ မိတ္ထီလာကန်တော်အောက်က ဖားကောက်ခဲ့ပါ၊ ဖားပါရင် တစ်ကောင်ပေးပါ၊ မျက်လုံးရယ် ကြောင်တောင်တောင်နဲ့ ဖားကောင်ကသေး”
ဟူသော သားချော့ကဗျာကြောင့်လည်း မြန်မာလူမျိုးတိုင်း မိတ္ထီလာကန်ကို ကြားဖူးကြသည်။
ဤမျှလောက် ရှေးစာဆိုတော် အကျော်အမော်များ ရေးစပ်သီကုံးဖွဲ့ဆိုခဲ့သည့် မိတ္ထီလာကန်သည် မည်မျှကြီးသနည်း၊ မည်မျှကျယ်သနည်း၊ မည်သည့်မင်း တည်ခဲ့သနည်းစသည်ဖြင့် မိတ္ထီလာကန်အကြောင်းကို သိချင်ကြသည်။
မိတ္ထီလာကန် သည် ရှေးစာဆိုတော်အကျော်အမော်များ ရေးစပ်သီကုံးသလောက် မည်မျှ ကြီးကျယ်ခမ်းနား တင့်တယ်လှပသည်ကို သိလို ကြသည်။ မိတ္ထီလာကန်တော်ကြီးကို ရှေးမြန်မာမင်း ဆယ့်ခုနှစ်ဆက်တိတိတို့က ဆည်ဖို့ပြုပြင်ခဲ့ကြသဖြင့် သမိုင်းဝင် အဓိကရ ကန်တော်ကြီးဖြစ်သည်။ မိတ္ထီလာကန်တော်သမိုင်းမှာ ထူးဆန်းအံ့သြ ဖွယ်ရာများကိုလည်း တွေ့ရသည်။ မှတ်သားစရာများ ဖြင့်လည်း ပြည့်နှက်နေသည်။
မိတ္ထီလာကန်တော်ကြီးကို ရှေးမြန်မာမင်း တစ်ဆယ့်ခုနှစ်ဆက် ပြုပြင်ဆည်ဖို့ခဲ့ကြသဖြင့် ကန်တော်တဝိုက်တွင် ရှေး မြန်မာမင်းများ တည်ထားကိုးကွယ်ခဲ့သည့် သမိုင်းဝင် ဘုရားစေတီ (၃၂)ဆူလည်း ရှိသည်။ ထိုဘုရားစေတီများမှာ နှစ်ပေါင်း ရာချီလာပြီဖြစ်သဖြင့် အချို့ဘုရားစေတီများမှာ ပြိုပျက်ပျောက်ကွယ်သွားသည်ကို တွေ့ရသည်။
ဤကန်တော်ကြီးကို ရှေးမင်းအဆက်ဆက် မည်သည့်ရည်ရွယ်ချက်ဖြင့် ဆည်ဖို့ပြုပြင်သည်ကို လေ့လာသောအခါ အောက်ပါသမိုင်းမှတ်တမ်းကို တွေ့ရသည်။
သိကြားမင်းသည် တာဝတိံသာနတ်ပြည်တွင် သက်တမ်းစေ့၍ စုတေရန် နီးလာသောအခါ နိမိတ်ကြီး ငါးပါးကို မြင်သည်။ စုတေရန် ဝန်လေး ကြောက်ရွံ့ လာသည်။ တုန်လှုပ်ချောက်ချားလာသည်။
ထိုအခါ သိကြားမင်းသည် မြတ်စွာဘုရားထံ ခွင့်ပန်၍ တာဝတိံသာနတ်ပြည်၌ အဓွန့်ရှည်စွာ နေထိုင်ရန် အသက်ရှည် ကြောင်းတရား ဟောကြားပါရန် လျှောက်ထားတောင်းပန်လေသည်။
မြတ်စွာဘုရားသည် “သိကြားမင်း၊ ကန်ဟောင်းများ ပျက်စီးယိုယွင်းနေသည်ကို အသစ်ဖြစ်အောင် ပြုပြင်ဆည်ဖို့ ရမည်” ဟု မိန့်တော်မူသောကြောင့် သိကြားမင်းသည် တောသုံးထောင် အတွင်း၌ မှီတင်းနေထိုင်ကြကုန်သော သတ္တဝါ၊ ကျေးငှက်အပေါင်းတို့ သောက်သုံးအားထားမှီခိုရန် ရေကန်အများ ဖန်ဆင်းတည်ထောင်ထားသော ဥပဌမ ္တကုသိုလ် အကျိုး ဆက်ကြောင့် အသက်ရှည်ကြာ နေရသည်ဟု သုတ်မဟာ (ဝါ) အဌကထာ သတ္တပဉ္စသုတ်တော်တွင် ဟောကြား တော်မူခဲ့ သည်။
ထိုသုတ်တော်လာ ဟောကြားချက်ကို သိတော်မူသော ရှေးမင်းအဆက်ဆက်တို့သည် မျက်မှောက်အကျိုး၊ တမလွန် အကျိုး တိုးပွားစေရန် ကန်၊ ချောင်း၊ ဆည်မြောင်းများကို ဆည်ဖို့ခြင်း၊ ပြုပြင်ခြင်း စသော ရည်ရွယ်ချက်ဖြင့် ဤမိတ္ထီလာ ကန် တော်ကြီးကို ဆည်ဖို့ ပြုပြင်ခဲ့ကြောင်း သမိုင်း အထောက်အထားအရ သိရပါသည်။
မည်သည့်ရည်ရွယ်ချက်ဖြင့် ဆည်ဖို့ခဲ့သည်ဖြစ်စေ မိတ္ထီလာကန်ရေကို အမှီပြု၍ နှစ်ပေါင်းများစွာ တောင်သူလယ် သမားများသည် ကန်ရေသောက်ဖြင့် လယ်ယာစိုက်ပျိုး စားသောက်ခဲ့ကြသည်။ ယခုလည်း ကန်ရေကို အဓိကထား၍ စိုက်ပျိုး လုပ်ကိုင်စားသောက်နေကြသည်။ နောင်ကိုလည်း ကန်ရေကို အမှီပြု၍ စိုက်ပျိုးစားသောက်သွားဦးမည် ဖြစ်သည်။ မိတ္ထီလာ မြို့သူမြို့သားများအတွက်လည်း သောက်ရေသုံးရေများ အဓိက အားထားမှီခိုနေရသော ကန်တော်ကြီး ဖြစ်သည်။ ထို့ကြောင့် မိတ္ထီလာ ကန်တော်ကြီးသည် မျက်မှောက်လူသားများအတွက် အကျိုးကျေးဇူးပြုနေသော ကန်တော်ကြီးပင်ဖြစ်သည်။
မိတ္ထီလာကန်သမိုင်းကို လေ့လာကြည့်သောအခါ သက္ကရာဇ်အမျိုးမျိုးကို တွေ့ရသည်။ ဤကဲ့သို့ တွေ့ရသည်မှာ လည်း ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံအရ ကွဲပြားခြားနားနေရသည်ကို သိလာရသည်။ သက္ကရာဇ်များ မှာ ကလိယုဂ်သက္ကရာဇ်၊ မဟာသက္ကရာဇ်နှင့် သာသနာသက္ကရာဇ်တို့ဖြစ်သည်။ ထို့ကြောင့် သက္ကရာဇ်သုံးမျိုးကွဲပြားနေသည် ကို သိရန်လိုသည်။
ကလိယုဂ်သက္ကရာဇ်ဆိုသည်မှာ ဂေါတမမြတ်စွာဘုရား ပွင့်တော်မမူမီကာလ ထင်ရှားရှိသော သက္ကရာဇ်ဖြစ်သည်။ မဟာသက္ကရာဇ်ဆိုသည်မှာ ကလိယုဂ်သက္ကရာဇ်နောက် ပွားတတ်လာသော သက္ကရာဇ် ၆၈ခုနှစ်သို့ ရောက်သောအခါ အလောင်းတော် သိဒ္ဓတ္ထမင်းသားကို ဖွားမြင်တော်မူသည်တို့ကြောင့် ထိုသက္ကရာဇ်ကို မဟာသက္ကရာဇ်ဟု ခေါ်သည်။
သာသနာသက္ကရာဇ်ဆိုသည်မှာ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်တော်မူသည့်နှစ်တွင်ပင် အဇာတသတ်မင်းက အရှင် မဟာကဿပမထေရ်နှင့် တိုင်ပင်၍ သာသနာခုနှစ်နှင့်အညီဖြစ်စေရန် သက္ကရာဇ် ၁၄၈ခုကို အကြွင်းမထားဘဲ “ဒေဝိယ” ဟူသော ပိဋကတ်သချာၤကိန်းဖြင့် ဖြိုတော်မူပြီးလျှင် တစ်ကစ၍ ရေတွက်လာသည့် သက္ကရာဇ်ဖြစ်သည်။ ထိုမှစ၍ သာသနာ နှင့် ကောဇာသက္ကရာဇ်နှစ်ရပ် ပြိုင်၍ ဝင်လာသည်။
“အာကာရဌမင်း”
မိတ္ထီလာကန်တော်ကြီးကို လက်မမွန်မဆွ ပထမဦးဆုံး ဆည်ဖို့ခဲ့သော မင်းကြီးသည် အာကာရဌမင်းကြီး ဖြစ်သည်။ ကလိယုဂ်သက္ကရာဇ် ၃ခုနှစ်တွင် အာကာရဌမင်းကြီးသည် ရဲမက်စစ်သည် ဆင်မြင်း ဗိုလ်ပါ၊ နောက်လိုက်လေးသိန်းကျော်ဖြင့် ထွက်ချီတော်မူလာပြီး ဤမိတ္ထီလာကန်တော်ကြီးကို စတင် တူးဖော်ဆည်ဖို့ ခဲ့သော မင်းဖြစ်သည်။
ဤကန်တော်ကြီးကို အာကာရဌမင်းကြီး စတင်ဆည်ဖို့ခဲ့စဉ်က ကန်တော်တဝိုက်တွင် သျှိသျှားပင်များစွာ ပေါက်ရောက်လျက်ရှိသည်။ ကန်တော်တဝိုက်တွင် ပေါက်ရောက်နေသော သျှိသျှားသီးများကို ဘုရားသားတော် အရိယာ ဝိဇ္ဇာ ရဟန္တမထေရ်မြတ်တို့ သုံးဆောင်တော်မူကြ၍ ဤကန်ရေကို သောက်သုံးတော်မူကြရာ နေရာဖြစ်သောကြောင့် အာကာရဌမင်းကြီးသည် ဤကန်တော်ကို “သျှိသျှား ကန်တော်” ဟု အမည်သမုတ်တော်မူခဲ့သည်။ ထို့ကြောင့် မိတ္ထီလာကန် တော်အစ အာကာရဌမင်းကြီးကဟု ခေါ်ဆို၍ ကဗျာတေးထပ် လင်္ကာများ စပ်ဆိုခဲ့သည်။
“ကုသမင်း”
မိတ္ထီလာကန်တော်ကြီးကို ဒုတိယဆည်ဖို့ခဲ့သောမင်းမှာ သဝတ္ထိပြည့်ရှင် ပပဝတီမိဖုရား၏ ကြင်ရာတော် ကုသမင်း ဖြစ်သည်။ ကုသဝတ္ထပြည့်ရှင် ဘုရင်ကုသမင်းကြီးသည် ကလိယုဂ်သက္ကရာဇ် ၇ခုနှစ်တွင် ဆင်၊ မြင်း၊ ရထား၊ ခြေလျင်ဗိုလ်ပါ တို့ဖြင့် မိတ္ထီလာကန်တော်ကြီးကို ဒုတိယအကြိမ်ဆည်ဖို့ခဲ့သော မင်းတစ်ပါးဖြစ်သည်။ ကန်အမည်ကိုလည်း “သျှိသျှားကန်” ဟုပင် သတ်မှတ်တော်မူခဲ့သည်။
“ဘိုးတော် အဉ္စန”
မဟာသက္ကရာဇ် ၁၀ခုနှစ်တွင် မြတ်စွာဘုရား၏ ဘိုးတော် အဉ္စနမင်းကြီးသည် ဆွေတော်ရှစ်သောင်း မျိုးတော် ရှစ်သောင်းနှင့် တကွ ကပ္ပိလဝတ်ပြည်မှ ကြည်းကြောင်း၊ ရေကြောင်း၊ တစ်ဆယ့်ခြောက်ကုဋေဖြင့် ကြွချီတော်မူလာပြီး၊ မိတ္ထီလာကန်တည်ရာ အရပ်ကို တောင်ကုန်းတောင်စဉ်၊ ရေလာရေစီး၊ ကုန်းကျင်း၊ ချောင်းမြောင်း အရပ်ဒေသများဖြင့် ချင့်ချိန် ၍ ထာဝရတည်တံ့ရန် ရည်ရွယ်ပြီး တတိယအကြိမ်ဆည်ဖို့ ပြုပြင်ခဲ့သော မင်းဖြစ်သည်။ ကန်တော်အမည်ကိုလည်း “သျှိသျှား ကန်” ဟုပင် ပညတ်တော်မူခဲ့သည်။
ကဝိသာရမဉ္စူသာကျမ်းတွင် ဘိုးတော်အဉ္စနမင်းကြီး မိတ္ထီလာကန်တော်ကြီးကို ဆည်ဖို့တော်မူစဉ် ဘုရင်မင်းမြတ်၏ ဘုန်းတန်ခိုးအာနုဘော်ကြောင့် သိကြား၊ ဗြဟ္မာနတ်များစွာတို့က စောင့်ရှောက်လျက် နဂါးမင်းတို့သည် အနောတတ်အိုင်မှ ရေကို ဆောင်ယူ၍ ကန်တော်ကို ရေကို အန်စေသည်။ သိကြား၊ ဗြဟ္မာများစွာတို့ကလည်း ဤရေကန်တော်သည် နောင်လာ မည့် ရှစ်သောင်းလေးထောင်တိုင်အောင် တည်လိမ့်မည်ဟု ဆိုသည်။
“အနာတပိဏ်သူဌေး”
မဟာသက္ကရာဇ် ၁၀၃ခုနှစ်သို့ရောက်သောအခါ သာဝတ္တိပြည်မှ အနာတပိဏ်သူဌေးကြီးသည် နောက်လိုက်ခြွေရံ သင်းပင်းငါးထောင်ကျော်ဖြင့် သျှိသျှားကန်တော်ကြီးအား စတုတ္ထအကြိမ် ဆည်ဖို့ပြင်ပြင်တော်မူသည်။ ကန်တော်အမည်ကို လည်း “သျှိသျှားကန်” ဟု သမုတ်တော်မူခဲ့သည်။
“အဇာတသတ်”
သာသနာတော်သက္ကရာဇ် ၁၅ခုနှစ်သို့ရောက်သောအခါ ရာဇဂြိုဟ်ပြည့်ရှင် ပထမသံဃာယနာတင် ဘုရင် အဇာတသတ်မင်းသည် စစ်သည်ဗိုလ်ပါတစ်ကုဋေဖြင့် သျှိသျှားကန်တော်ကြီးအား ပဉ္စမအကြိမ် ဆည်ဖို့တော်မူပြီး ကန်တော် အမည်ကိုလည်း “သျှိသျှားကန်”ဟုပင် မှည့်ခေါ်တော်မူသည်။
“ကာလာသောကမင်း”
သာသနာတော်သက္ကရာဇ် ၁၁၀ပြည့်နှစ်သို့ ရောက်သောအခါ ဝေသာလီပြည့်ရှင် ဒုတိယသံဃာယနာတင် ဘုရင် ကာလာ သောကမင်းသည် စစ်သည်ရဲမက်ဗိုလ်ပါ တစ်ကုဋေကျော်ဖြင့် သျှိသျှားကန်တော်ကြီးကို ဆဌမအကြိမ် ပြုပြင်တော် မူပြီး “မင်္ဂလာကန်တော်”ဟူ၍ အမည်သစ်မှည့်ခေါ်တော်မူသည်။
“သီရိဓမ္မာသောကမင်း”
သာသနာတော်သက္ကရာဇ် ၂၁၈ခုနှစ်တွင် သီရိဓမ္မာသောကမင်းကြီးသည် ရေကန်ပေါင်း ၈၄၀၀၀ တူးဖော်ရာတွင် မိတ္ထီလာကန်လည်း တစ်ကန်အပါအဝင်ဖြစ်သည်။ သီရိဓမ္မာသောကမင်းကြီး၏ ဘုန်းတန်ခိုးတော်ကြောင့် အလွန်တရာ ကမ္မဇိဒ္ဓိအာနုဘော်ကြီးမားလှ၍ တန်ခိုးမာနထန်လှသော အနောတတ်အိုင်တော်စေင့် နန္တောပနန္တနဂါးမင်းကြီးလည်း ဘုရင် ကြီး၏ တန်ခိုးတော်ကို မလွန်ဆန်ရဲဘဲ မိမိနေထိုင်စောင့်ကြပ်ရာ အနောတတ်ရေအိုင်သာမှ အာခံတွင်းဖြင့် ရေများကို သယ် ဆောင်၍ အခြားနတ်နဂါးများနှင့်အတူ ရေများကို သယ်ယူပို့ဆောင်စေရာ မိတ္ထီလာကန်တော်အတွင်းဝယ် ကမ်းလုံးညွတ်မျှ ရေများပြည့်လျှံမောက်တော်မူသည်။ ဤကန်တော်မင်္ဂလာသည် နတ်နဂါးတို့၏ အနောတတ်ရေအိုင်သာမှ ရေကို သယ်ဆောင်၍ ဆောက်တည်ဆည်ဖို့ခဲ့ခြင်းကြောင့် ဘုန်းတန်ခိုး အာနုဘော်ဖြင့် ပြည့်စုံပြီး မြင့်မြတ်သောနတ်ရေစင် ဖြစ်သည်။
“ဘိသိတ်တော်ရေစင်”
ဤကဲ့သို့ နတ်နဂါးများ သယ်ဆောင်လာသည့် အနောတတ်ရေအိုင်သာမှ နတ်ရေတော်များ ပါရှိသဖြင့် တန်ခိုး အာဏာဘုန်းတေဇာအလွန် ကြီးမားထွန်းတောက်လိုသော ဘုရင်လောင်းလျာမင်းတကာတို့သည် ရာဇဘိသိတ်၊ မုဒ္ဒဘိသိတ် စသည့် ဘိသိတ်ငါးပါးတို့ကို ခံယူသောသောအခါ၌ မိတ္ထီလာကန်တော်မှ ရေကို ဆောင်ကျဉ်းသယ်ယူ၍ “ဘိသိတ်တော် ရေစင်” အဖြစ် အသုံးပြုကြသည်။
ဤကဲ့သို့ သီရိဓမ္မာသောကမင်းကြီးသည် ဤမိတ္ထီလာကန်တော်ကြီးကို သတ္တမအကြိမ်မြောက် ဆည်ဖို့တော်မူပြီး ကန်တော်အမည်ကို “ကဋာဝက” ကန်တော်ဟူ၍ ဘွဲ့မည်သစ် သမုတ်တော်မူခဲ့သည်။
သီရိဓမ္မာသောကမင်းကြီးသည် မိတ္ထီလာကန်တော်ကို ဆည်ဖို့တော်မူစဉ် အင်းမကြီးရွာအနီး ရွှေမင်းဝံတောင်ခြေတွင် “ရွှေမုဌော”စေတီတော်တစ်ဆူ တည်ထားကိုးကွယ်ခဲ့သည်။ ထိုစေတီမှာ သာစည်မြို့နယ်၊ ရွာကြီးရွာအနီးရှိ “ရွှေယင်မျှော်” စေတီတော်ဖြစ်သည်။ ထို့အပြင် ချောင်းကောက်ချောင်းအနီး အင်းရွာ၏ အရှေ့ထိပ်တွင် စစ်သည်တော်တပ်သားများ အားလုံး စုရုံး၍ တည်ထားသောကြောင့် “လုံးတော်စေတီ”ဟု ဘွဲ့မည်ချီးမြှောက်တော်မူသည်။ ထိုစေတီတော်ကို ယခုအခါ “လုံးစေတီ”ဟု အမည်တွင်သည်။
“ဒုဌဂါမဏီမင်း”
သာသနာတော်နှစ် ၃၆၄ခုနှစ်သို့ ရောက်သောအခါ သိဟဋပြည့်ရှင် ဘုရင်ဒုဌဂါမဏီမင်းကြီး သည် ရဲမက်ဗိုလ်ခြေ ကိုးကုဋေကျော်ဖြင့် မိတ္ထီလာကန်တော်ကြီး အဌမအကြိမ် ဆည်ဖို့တော်မူပြီး ကန်တော်အမည်ကိုလည်း မူလ “သျှိသျှားကန် တော်ကြီး”ဟူ၍ပင် ပညတ်တော်မူသည်။
“သမုဒ္ဒရိမင်း”
သာသနာတော်သက္ကရာဇ် ၆၁၇ခုနှစ်တွင် သီရိခေတ္တရာပြည်မှ သမုဒ္ဒရီမင်းကြီးသည် ခြွေရံစစ်သည် ခြောက်သိန်း ကျော်ဖြင့် မိတ္ထီလာကန်တော်ကြီးကို နဝမအကြိမ်မြောက် ဆည်ဖို့တော်မူသည်။ သမုဒ္ဒရီမင်းသည် ကန်တော်ကြီးကို မင်္ဂလာ ကျက်သရေ တင့်တယ်သဖြင့် “မေတ္တာကန်တော်”ဟူ၍ အမည်သစ် မှည့်ခေါ်တော်မူသည်။
“ပုပ္ပါးစောရဟန်း”
ကောဇာသက္ကရာဇ် ၃၃၅ခုနှစ်တွင် ပုဂံပြည့်ရှင်ဘုရင် ပုပ္ပါးစောရဟန်းသည် စစ်သည်ဗိုလ်ခြေသုံးသိန်းကျော်ဖြင့် မိတ္ထီလာကန်တော်ကြီးကို ဒဿမအကြိမ် ဆည်ဖို့တော်မူပြီး ကန်တော်အမည်ကိုလည်း မူလအမည် “သျှိသျှားကန်”ဟူ၍ပင် ပြန်လည် သမုတ်တော်မူသည်။
“အနော်ရထာမင်း”
ကောဇာသက္ကရာဇ် ၄၁၄ခုနှစ်တွင် ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးသည် အမြဲဆည်းကပ်ကိုးကွယ်နေသော အရှင် အရဟံမထေရ်အမှူးပြု၍ မထေရ်ကြီးကိုးပါးနှင့် ရဟန္တာမထေရ်ငယ် ခုနှစ်ရာဖြင့် မိတ္ထီလာကန်တော်ကြီးကို ပြုပြင်ဆည်ဖို့ခဲ့ သည်။ အနော်ရထာမင်းကြီးသည် မိတ္ထီလာကန်တော်ကြီးကို လာရောက်ဆည်ဖို့စဉ်က အရှင်အရဟံဦးဆောင်သော မထေရ် ကြီးကိုးပါး၊ ရဟန္တာမထေရ်ငယ် ၁၆ပါးတို့နှင့် မိတ္ထီလာနယ်တဝိုက်တွင် သိမ်ကိုးသိမ်ကို တစ်ပြိုင်တည်း သမုတ်တော်မူခဲ့သည်။
မိတ္ထီလာကန်တော်ကြီးတွင် အနော်ရထာမင်း လက်ထက်ကစ၍ သိမ်ကိုးသိမ်၊ ဂူကိုးဂူ၊ အင်းကိုးအင်း၊ ကုန်းကိုးကုန်း ဟူ၍ ထင်ရှားကျော်ကြားခဲ့သည်။ အနော်ရထာမင်းကြီးသည် ကန်တော်တဝိုက်တွင် သာသနဒ္ဓဇစေတီ၊ ရွှေစောလူးစေတီ၊ ရှင်ပစ်ဇယစ်စေတီ၊ ရွှေဂူလှနှင့် ရွှေဂူကြီးဟူသော စေတီငါးဆူ တည်ထားကိုးကွယ်ခဲ့သည်။
“ကြိုးကြာမှတ်တိုင်”
အနော်ရထာမင်းကြီးသည် မိတ္ထီလာကန်တော်ကြီးကို ဆည်ဖို့ပြုပြင်ပြီးစီးသောအခါ ရေလွတ်ရန် ရေပြွန်ကျောက် တံခါးတစ်ခုကို တည်ဆောက်ထားသည်။ ထိုရေပြွန်ကျောက်တံခါးကြီး၏ မနီးမဝေးတွင် “ကြိုးကြာမှတ်တိုင်” တစ်တိုင်ကို လုံးပတ်လေးတောင်ခန့်ရှိ အင်ကြင်းနှစ်သစ်သားတိုင်ကို ခိုင်ခံ့စွာ စိုက်ထူထားသည်။
ထိုရေမှတ်တိုင်အောက်ခြေမှစ၍ လက်သစ်ကောင်တာ အမှတ်အသားရေးစေပြီးလျှင် တိုင်ထိပ်ဖျား၌ ဟင်္သာပြဒါးဆေးဖြင့် မွမ်းမံခြယ်သထားသည့် ကြိုးကြာ ငှက်ရုပ်တစ်ခုကို ထုလုပ်တပ်ဆင်ထားသည်။ ဤကဲ့သို့ ကြိုးကြာရေမှတ်တိုင်ကို စိုက်ထူပြီးလျှင် အနော်ရထာမင်းကြီးသည် ဤကဲ့သို့ သစ္စာတော်မြတ်ကို ရွတ်ဆို တော်မူသည်။
“ဤကန်တော်အတွင်းသို့ မည်မျှလောက်ပင် ရေလာရေရောက်ဖြိုးမောက်ကြီးမားစေကာမူ ဤကြိုးကြာ ငှက်၏ နှုတ် သီး ရေစွက်ခြင်း မဖြစ်စေသတည်း။ ကြိုးကြာရေ မသောက်စေသတည်း”
ဟူ၍ သစ္စာတော်ဆိုခဲ့သည်။ ထို့ကြောင့်ပင် ကန်တော်၏ အံ့ဖွယ်များထဲတွင် ကြိုးကြာမသောက် ရေမနောက် ဟူ၍ပင် ပါရှိသည်။
“မထောင်းတာ မောင်နှမ”
အနော်ရထာမင်းကြီးသည် ကန်တော်ကြီးကို ဆည်ဖို့ပြုပြင်ပြီးနောက် မိမိ၏ ကန်တော်ကြီးကို မည်မျှလောက် ကျယ်ဝန်းသည်ကို သိလိုတော်မူသည်။ ထို့ကြောင့် အနော်ရထာမင်းကြီးသည် တစ်နေ့တွင် မြင်းသည်တော် ယောက်ဖတော် အား ကန်တော်ကြီးကို ပတ်လည်သို့ စေလွှတ်ကြည့်ရှုစေခဲ့သည်။ လမ်းခုလတ်ကျေးရွာများတွင် မြင်းလဲလှယ်ရန် အထောက် အကြိုချထားသည်။ မြင်းသည်တော်မှာ မရပ်မနားတလွှားတည်း ခိုင်းနှင်စီးရသည်။
ယောက်ဖတော် မြင်းသည်တော်လည်း နံနက် ကြက်ဆင်း ၆နာရီမှ မြို့တောင်တံခါးမှ စထွက်၍ ကန်တော်ကြီးအား တစ်ပတ်လှည့်လည်ကြည့်ရှုရာ ညနေကြက်တက် ၆နာရီတွင် မြောက်မြို့တံခါးမှ ပြန်ဝင်လာသည်။ မြင်းသည်တော်အား အနော်ရထာမင်းကြီးက “အမောင် ကန်တော်ရေဝပ် အဘယ်သို့ ရှိသနည်း” ဟု မေးတော်မူရာ
“အရှင်မင်းကြီး အရှင်မြတ်၏ ဝိဇ္ဇာယောက်ျား ပန်းတော်ဆက် မောင်ဗျတ္တ၏ ဂမုန်းနတ်ပန်းဆောင်ကြဉ်းရာ စခန်းဖြစ်သော တောင်တော်ရွှေပုပ္ပါး၏ တောင် ခါးပန်းတွင် မြောင်းရိုးပြတ်လျက် တောင်တော်နှင့် ကြက်မတစ်ဝပ်စာမျှ ကွာခြား၍ တောင်တော်ကို မထိလာသော ရေဖြစ်ပါ သည် ဘုရား” ဟု ပြန်လည်လျှောက်ထားသည်။
ထိုအခါ အနော်ရထာမင်းကြီးသည် ငါဆည်တော်မူသော ကန်တော်ရေသည် ပုပ္ပါးတော်ကို မထိလာသည်ဖြစ်သော ကြောင့် မထိလာကန်တော်ပင်ဖြစ်သည်။ ထို့ကြောင့် ယနေ့မှစ၍ ကန်တော်အား “မထိလာကန်တော်”ဟု ခေါ်တွင်စေရန် အမိန့်တော်ချမှတ်သည်။
ယောက်ဖတော် မြင်းသည်တော်သည် ကန်တပတ်မြင်းစီး၍ မရပ်မနားကြည့်ရှုရ၍ ရင်စည်းတဘက်ကို ဖြေလွှတ် လိုက်သည်နှင့် တစ်ပြိုင်နက် ရုတ်တရတ်မေ့မြောသွားလေသည်။ ထိုသို့ မြင်သည်တော် မေ့မြောနေစဉ် နှမဖြစ်သူ မိဖုရားငယ် သည် မောင်တော်၏ အသက်အန္တရာယ်ကို စိုးရိမ်တော်မူသဖြင့် မောင်တော်အား သက်သာတော်မူပါရဲ့လားဟု မေးမြန်းသော အခါ မောင်ဖြစ်သူ မြင်းသည်တော်က “မထောင်းတာပါ”ဟူ၍ တစ်ခွန်းသာ ဖြေကြားပြီး အမောဆို့ရင်ကွဲနာကျကာ ကွယ်လွန် အနိစ္စရောက်၍ နတ်စိမ်းဖြစ်လေသည်။
နှမဖြစ်သူလည်း မောင်တော်မြင်းသည်တော် အဖြစ်ကို ယူကြုံးမရဖြစ်ကာ နေရာတွင်ပင် လတ်တလော မောင်ဖြစ်သူ စိတ်ဖြင့် သေပွဲဝင်လေသည်။ နှမဖြစ်သူလည်း မောင်ကဲ့သို့ပင် နတ်စိမ်း ဖြစ်ရပြန်သည်။
ဤကဲ့သို့ မောင်နှမနှစ်ဦးစလုံး နတ်စိမ်းများ ဖြစ်ကြ၍ အနော်ရထာမင်းကြီးအား ကိုယ်ထင်ပြကာ “နတ်စိမ်းဘဝတွင် နေထိုင်စရာမရှိဘဲ အတိဒုက္ခရောက်၍ နေရာဌာန အပိုင်စားပေးသနားရန် တောင်းပန်လျှောက်ထားရာ” အနော်ရထာမင်းကြီး က မြောက်ဘက်ကန်ရိုးတွင် နတ်စင်နတ်ကွန်းတို့ တည်ဆောက်ပေးပြီး မထောင်းတာကန်ရိုးနှင့် မထောင်းတာမောင်နှမ နတ်နန်းဟု သတ်မှတ်နေရာ ပေးခဲ့သည်။
“ရွှေငါးကြီးနှစ်ကောင်”
မိတ္ထီလာကန်တော်ကြီးကို အနော်ရထာမင်းကြီးသည် ဆည်ဖို့ပြီးသောအခါ ဤကန်တော်အတွင်းရှိ အကြီးဆုံးသော ငါးရံ့ကြီးနှစ်ကောင်ကို ကြိမ်စင်္ကြာဖြင့် ရိုက်ခတ်ခေါ်ငင်တော်မူပြီး အခြားငါးများနှင့် ထင်ရှားကွဲပြားစေရန် ဦးခေါင်းတွင် ရွှေစင် ရွှေပြားများချလျက် “အသင် ငါးကြီးနှစ်ကောင်သည် ဤမထိလာ ကန်ရေသောက်မှန်ငြား လူအများတို့အတွက် ကောင်းဆိုး နှစ်ပါး နိမိတ်များ ထင်ရှားပြဆိုနိုင်သော နိမိတ်ညွှန်ငါးများအဖြစ် တည်ရစ်ကြစေ၊ နယ်ပိုင်ဆိုင်ရာ နတ်များစွာတို့ကလည်း မျိုးမတူညီ စုံညီရိုင်းပင်းကြစေ၊ အကယ်၍ ဖမ်းယူနှိပ်စက်ခဲ့သော်၊ ဖမ်းယူစားသောက်ခဲ့သော် ဝမ်းလျှော၊ ဝမ်းပျက်၍ ဘေး ဒုက္ခဆိုး၊ အသေဆိုးဖြင့် သေကြေပျက်စီးစေသတည်း” ဟူ၍ အမိန့်တော် ချမှတ်ခဲ့သည်။
ထိုငါးကြီးနှစ်ကောင်မှ ကျွဲကြီးတမျှ ကြီးမားလှသည်ဟု ဆိုသည်။ ထိုငါးကြီးနှစ်ကောင်အနက် တစ်ကောင်မှာ ၁၂၈၈ ခုနှစ်က ကန်ရေဝင်အားကြီးသဖြင့် ကန်ရိုးပေါ်ရေကျော်ပြီး ကန်ကျိုးပေါက်ခဲ့သဖြင့် ကန်တော်အောက်သို့ မျောပါသွားရာ ကန်အောက်သားများ သတ်ဖြတ်စားသောက် ကြသောကြောင့် လူအများ ဝမ်းလျှောသေကုန် ကြသည်ဆို၏။
အနော်ရထာမင်းကြီးသည် မိတ္ထီလာကန်တော်ကြီးကို လာရောက်ဆည်ဖို့စဉ်က အရှင်အရဟံဦးဆောင်သော မထေရ် ကြီး ကိုးပါး၊ ရဟန္တာမထေရ်ငယ် ၁၆ပါးတို့ဖြင့် မိတ္ထီလာနယ်တဝိုက်တွင် သိမ်ကိုးသိမ်ကို တစ်ပြိုင်တည်း သမုတ်တော်မူခဲ့ သည်။
မိတ္ထီလာကန်တော်ကြီးတွင် အနော်ရထာမင်းလက်ထက်မှ စ၍ သိမ်ကိုးသိမ်၊ ဂူကိုးဂူ၊ အင်းကိုးအင်း၊ ကုန်းကိုးကုန်း ဟူ၍ ထင်ရှားကျော်ကြားခဲ့သည်။
“သိမ် (၉) သိမ်”
သိမ်ကိုးသိမ်ကို လက်ယာရစ် လှည့်ပတ်မည်ဆိုလျှင် “ပဲသီတာသိမ်” ကို စတင်တွေ့ရမည်ဖြစ်သည်။ ပဲသီတာသိမ် မှာ အလည်ရွာနယ်မြေ၊ မြင်းကန်ကျေးရွာအုပ်စုတွင် ပါဝင်ပြီး ဆည်ကုန်းကျေးရွာအနီး မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းဘေးတွင် တည်ရှိသည်။ ပဲသီတာသိမ်ကို ရဟန္တာ အရှင်စုနန္ဒက ကြီးကြပ်ခဲ့သည်။
ဒုတိယတွေ့ရမည့်သိမ်မှာ “ကတ္တူကန်သိမ်” ဖြစ်သည်။ ကတ္တူကန်သိမ်မှာ မွေအုပ်စုတွင် ပါဝင်ပြီး အိုမတွေ့ရွာ အရှေ့ဘက် သိမ်တော်ကုန်းတွင် တည်ရှိသည်။ ယခင်က သွားလာရန် ခက်ခဲသော်လည်း ယခုအခါ ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးဘေးတွင် ရှိသဖြင့် သွားလာရန် အထူးလွယ်ကူသွားပြီဖြစ်သည်။ ကတ္တူကန်သိမ်ကို ရဟန္တာအရှင်ရဌက ကြီးကြပ် ခဲ့သည်။
တတိယတွေ့ရမည့်သိမ်မှာ “ဝက်ကျောက်သိမ်” ဖြစ်သည်။ ဝက်ကျောက်သိမ်မှာ ညောင်ပင်လျှိုကျေးရွာအုပ်စုတွင် ပါဝင်ပြီး ဝက်ကျောက်ရွာ မြောက်ဘက်တွင် တည်ရှိသည်။ ဝက်ကျောက်သိမ်ကို ရဟန္တာအရှင်မြတ် ရှင်ဗာကုလက ကြီးကြပ်ခဲ့ သည်။
စတုတ္ထတွေ့ရမည့်သိမ်မှာ “ရှင်ပင်ကူသိမ်”ဖြစ်သည်။ ရှင်ပင်ကူသိမ်မှာ ရွာမအုပ်စု၊ ရှင်မြို့ရွာအနီးတွင် တည်ရှိသည်။ ယခုအခါ ချမ်းအေးသာယာမြို့သစ် မြောက်ဘက်တွင် တည်ရှိသည်။ ရှင်ပင်ကူသိမ်ကို ရဟန္တာရှင်မောဂ္ဂလိက ကြီးကြပ်ခဲ့ သည်။
ပဉ္စမတွေ့ရမည့်သိမ်မှာ “သားဖန်းသိမ်”ဖြစ်သည်။ သားဖန်းသိမ်မှာ မိတ္ထီလာမြောက်ဘက် ငါးမိုင်ကွာ မိတ္ထီလာ- ပင်းတလဲသွား ကားလမ်းဘေးတွင် တည်ရှိသည်။ သားဖန်းတောင်ရွာ မြောက်ဘက်ကုန်းတွင်တည်ရှိသည်။ သားဖန်းသိမ်၏ ထူးခြားချက်မှာ ရှေးအဆောက်အဦးအတိုင်း ဘုံငါးဆင့် တန်ဆောင်းနှင့် စေတီတော်အတွင်းရှိ ရုပ်ပွားတော်မှာလည်း ပုဂံ လက်ရာ ရုပ်ပွားတော်ဖြစ်သည်။ ထူးခြားရှားပါးသည့် သိမ်တော်ဖြစ်သည်။ သားဖန်းသိမ်ကို ရှင်အရဟံမထေရ်မြတ်ကြီးက ကြီးကြပ်ခဲ့သည်။ ဆဌမတွေ့ရမည့်သိမ်မှာ “ကလိန်ခြေသိန်”ဖြစ်သည်။ ကလိန်ခြေသိန်မှာ ရှမ်းတဲနယ်မြေ၊ ကျောင်းရွာအုပ်စု၊ လေးထောင့်ကန်ကျေးရွာ အနီးတွင် တည်ရှိသည်။ ကလိန်ခြေသိမ်ကို ရဟန္တာအရှင်မြတ် ဓမ္မိက ကြီးကြပ်ခဲ့သည်။
သတ္တမတွေ့ရမည့် သိမ်မှာ “ကူဖြူသိမ်” ဖြစ်သည်။ ကူဖြူသိမ်မှာ ကူဖြူသိမ်ကျေးရွာအနီးတွင် တည်ရှိသည်။ ယခု အခါ သပြေဝ-သာစည်သွား ကားလမ်းဘေး “ဝန်ဇင်းမင်းရာဇာ” တည်ထားကိုးကွယ်သည့် ရွှေစည်းခုံစေတီတော်၏ တောင် ဘက်တွင် တည်ရှိသည်။ ကူဖြူသိမ်မှာ သာစည်မြို့နယ်အတွင်းတွင် ပါဝင်သည်။ ကူဖြူသိမ်ကို ရဟန္တာရှင် ရေဝထက ကြီးကြပ်ခဲ့သည်။
အဌမတွေ့ရမည့်သိမ်မှာ “ကုန်းတောင်းသိမ်”ဖြစ်သည်။ ကုန်းတောင်းသိမ်မှာ မိတ္ထီလာ-တောင်ကြီး သွား ကားလမ်း ဘေး ညောင်ကိုင်ကျေးရွာ၏ အရှေ့မြောက် ဘက်တွင် တည်ရှိသည်။ ကုန်းတောင်းသိမ် မှာလည်း သာစည်မြို့နယ်တွင် ပါဝင်သည်။ ကုန်းတောင်းသိမ်ကို ရဟန္တာအရှင်မြတ် ရှင်ယသက ကြီးကြပ်ခဲ့သည်။
နဝမတွေ့ရမည့်သိမ်မှာ “ထီးသုံးဆင့်သိမ်” ဖြစ်သည်။ ထီးသုံးဆင့်သိမ်မှာ မိတ္ထီလာ-မြင်းခြံသွား ကားလမ်းဘေး “ရွှေမြင်မိ” စေတီတော်ဝင်းအတွင်း သီရိမင်္ဂလာရပ်ကွက်တွင် တည်ရှိသည်။
“ထီးသုံးဆင့်သိမ်” မှာ အလယ်သိမ် ဖြစ်သည်။ ထီးသုံးဆင့်သိမ်ကို ရဟန္တာအရှင် နန္ဒက ကြီးကြပ်ခဲ့သည်။ သိမ်ကိုးသိမ်မှာ တစ်သိမ်နှင့်တစ်သိမ် အဖြောင့်တိုင်းလျှင် နှစ်မိုင်ခန့်သာ ကွာဝေးသည်။ ထီးသုံးဆင့်သိမ်ကို ဗဟိုထား၍ ကန်အောက်လေးသိမ်နှင့် ကန်အထက် လေးသိမ် တည်ဆောက်ထားခြင်း ဖြစ်သည်။ သိမ်တိုင်းတွင် သိမ်ဦး စေတီရှိသည်။ စေတီတိုင်းမှာ အရှေ့ဘက်မုဒ်လှည့်ထားသည်။ မုဒ်တိုင်းတွင် တင်ပလ္လင်ခွေရုပ်ပွားတော်များ တည်ထားသည်။ ပဲသီတာသိမ်၊ ကတ္တူကန်သိမ်၊ ဝက်ကျောက်သိမ်နှင့် ရှင်ပင်ဂူသိမ်တို့မှာ ကန်အထက်တွင်ရှိသော သိမ်လေးသိမ်ဖြစ်၍ သားဖန်းသိမ်၊ ကလိန်ခြေသိမ်၊ ကူဖြူသိမ်နှင့် ကုန်းတောင်းသိမ်လေးသိမ်တို့မှာ ကန်အောက်လေးသိမ်ဖြစ်သည်။ ထိုသိမ် ကိုးသိမ်ကို ရှင်အရဟံ မထေရ်မြတ် အမှူးပြု၍ မထေရ်ကြီးကိုးပါးနှင့် ရဟန္တာမထေရ်ငယ် ၁၆ပါးတို့က တစ်နေ့တည်း၊ တစ်ရက်တည်း၊ တစ်ပြိုင်တည်ပဲ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ငယ်လေးစာပေမှ