မင်းကွန်းဆရာတော်ကြီးရဲ့ သူတော်ကောင်း စိတ်ထား (ဇိမ်ခံကား စီးချင်တဲ့ ဆြာဒေါ်တွေနဲ့ ကွာခြားချက်)
တစ်ခါက မန္တလေးမြို့မှ တရားပွဲတစ်ပွဲပင့်လျှောက်သည့်အတွက် မင်းကွန်းဆရာတော်ဘုရားကြီးသည် ည (၇)နာရီခန့်တွင် စက်လှေတစ်စီးဖြင့် မင်းကွန်းမှ မန္တလေးဘက်သို့ ကူးခဲ့၏။
ထုံးစံအတိုင်းဆိုလျှင် မန္တလေးဘက်သို့ရောက်သည်နှင့် လာကြို သည့်ကားသည် အသင့်ရောက်နေရမည် ဖြစ်၏။ ထိုနေ့ညတွင် မည်သည့်ကြိုသောကား / မည်သည့်ဒကာမှ အကြိုရောက်မလာခဲ့။
ဘုန်းကြီးပြီး ကျော်ကြားထင်ရှားသော ဆရာတော်ကြီးတစ်ပါးဖြစ်၍ သူကြိုမည်ထင် / ငါကြိုမည်ထင်ကြပြီး ၊ နောက်ဆုံးတွင် မည်သူမျှ သွားမကြိုမိကြခြင်းဖြစ်၏။
ဆရာတော်ကား လုံးဝဒေါသမထွက်ဘဲ ဆိုက်ကားတစ်စီးငှားပြီး တရားပွဲသို့ ရောက်အောင်ကြွသွားရှာ၏။ ပင့်ဖိတ်ရာနေရာသို့ရောက်သော် တရားပွဲတွင်ကား တရားနာမည့်ပရိသတ်များ ပြည့်ကျပ်နေလေပြီ။
ဆရာတော်သည် စိတ်မဆိုးသည့်ပြင် အကြောင်းစုံသိသွားလျှင် ဒကာ ဒကာမများ စိတ်မကောင်းဖြစ်မှာစိုးသည့်အတွက် ဆိုက်ကားကို မှောင်ရိပ်တစ်ခုတွင် ရပ်ခိုင်းပြီး တရားဟောရမည့်ပလ္လင်ပေါ်သို ဣန္ဒြေရရပင်တက်သွား၏။
တရားပွဲအကျိုးဆောင်များအားလုံးနှင့် ပရိတ်သတ်များသည် ဆရာတော်က ဒကာတစ်ယောက်ယောက်စီစဥ်သော ကားတစီးစီးနှင့် ကြွလာခြင်းဖြစ်မည်ဟု ထင်နေကြမည်ဖြစ်၏။
ဆရာတော်ကား လာကြို/ မကြို ကားအဆင်သင့်မတွေ့သော အကြောင်းကို တစ်ခွန်းမှမိန့်တော်မမူ။ တရားကို ပြီးအောင်ဟောပြီးသည်နှင့် မှောင်ရိပ်ထဲမှ စောင့်နေသော ဆိုက်ကားနှင့်ပင် လှေဆိပ်သို့ပြန်ကြွခဲ့၏။
ဆရာတော်၏ စိတ်ထား၊ မေတ္တာနှင့် သည်းခံခြင်းတရားကား အံ့သြဖွယ်ရာ၊ အတုယူဖွယ်ရာ ကောင်းလှပေ၏။