မီတာဖြတ်ပိုင်းအတုပေးပြီး မီတာခ သိန်း နှစ်ရာကျော် လစ်ပြေးသွားတဲ့ လျှပ်စစ်ဝန်ထမ်း
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် (၃) ရပ်ကွက် တွင် မီတာဖတ်စာရေးမှ မီတာဖြတ်ပိုင်းအတုဖြင့် မီတာခများကောက်ခံပြီး ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။
ယင်းမီတာဖတ်စာရေးဟာ အမှတ် (၃) ရပ်ကွက်ရှိ နေအိမ်တစ်ရာခန့်အား မီတာဖြတ်ပိုင်း အတုဖြင့် နှစ်လဆက်တိုက် မီတာခကောက်ခံခဲ့ခြင်းဖြစ်ပြီး မီးဖြတ်တောက်မှ မီတာခ လိမ်လည်ကောက်ခံရသည် ကို သိရှိရခြင်း ဖြစ်တယ်လို့ သိရပါတယ်။
“မီတာကောက်တဲ့ ဖြတ်ပိုင်းက အတုကြီး၊ တချို့ကလဲ မီတာမဆောင်ပဲနေတာ မီးကြိုးတွေဖြတ်မယ်ဆိုတော့ စုပြုံပြီးပေးရတာပေါ့ အခုကျတော့ ဖြတ်ပိုင်းအတုကြီးတဲ့၊ အိမ်ကတော့ နှစ်လစာခံလိုက်ရတယ်။ ဖြတ်ပိုင်းအတုကြီးနဲ့၊ ရုံးကလဲ ရှင်းမပေးဘူး”ဟု ပုသိမ်မြို့နယ်၊ ၃ရပ်ကွက်မှ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
မီတာဖတ်စာရေးသည် လိမ်လည်သွားခြင်းကို ခံရသည့်အပြင် မီးဖြတ်မည်စိုးသဖြင့် စကစက မီတာခ ထပ်မံတောင်းပါက ပေးရမည့် အခြေအနေဖြစ်နေကြောင်းလည်း သိရပါတယ်။ “မီတာဖတ်စာရေးက လိမ်သွားတာ မရှိဖူးဆို သိန်းတစ်ရာကျော်နှစ်ရာလောက်ရှိတယ်။ မီးဖြတ်လို့ မီတာခဆောင်ပါတယ်ဆိုမှ သူကထက်လိမ်တယ်။ ရပ်ကွက်ထဲက ဆိုင်တစ်ခုထဲတင် သိန်းနှစ်ဆယ်ကျော်လောက် ပါသွားတယ်။ အဲ့မီတာဖတ်စာရေးက အခုတော့ ပိုက်ဆံပိုက်ပြေးပြီ၊ သူ့ကို ဘယ်လိုအရေးယူမယ်သာ မသိတာ ကိုယ်တွေကတော့ မိအေးနှစ်ခါနာဖြစ်ပြီ” ဒေသခံတဦးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စကစက အာဏာသိမ်းပြီးနောက် ပြည်သူများက ကန့်ကွက်ဆန္ဒပြမှုအနေဖြင့် မီတာခအပါအ၀င် စကစ ဘဏ္ဍာ၀င်ငွေ မပေးဆောင်ခြင်းဖြင့် ဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့ပြီးနောက် စကစလက်အောက်ခံ လျှပ်စစ်နှင့် စွမ်းအင်၀န်ကြီးဌာနအနေနဲ့ မီတာမဆောင်လျှင် လျှပ်စစ်မီး ဖြတ်တောက်မှုများပြုလုပ်သည့်အတွက် ပြည်သူများသည် မီတာခပြန်လည်ပေးဆောင်ခဲ့ကြရတာ ဖြစ်ပါတယ်။