နိုင်ငံခြားကို အထင်မကြီးတော့တဲ့ မျိုးဆက်နဲ့ တကယ့်နိုင်ငံချစ်စိတ်ရှိတဲ့ လူငယ်တွေ

ဒီမျိုးဆက်က တတိယနိုင်ငံကို သွားချင်တဲ့ မျိုးဆက် မဟုတ်ဘူးဆိုတာ ဒီအချိန်မှာ နားလည်ဖို့လုံလောက်ပြီထင်ပါတယ်။ မဖြစ်မနေလို့ သွားရတဲ့သူ အနည်းငယ်ရှိချင်ရှိမယ်ပေါ့။ ယာယီထွက်ခွာရတဲ့ သူတွေလည်း ရှိမှာပါ။ ဒါပေမယ့် ဒီမျိုးဆက်ဟာ တတိယနိုင်ငံဆိုရင် နတ်ပြည်လောက် ထင်မယ့်သူတွေ မဟုတ်တာသေချာပါတယ်။

(က) စီးပွားရေးအခွင့်အလမ်းဆိုတာ မူကောင်းရင် ရလာနိုင်တာပဲလို့ သိလာကြတယ်။ ကြီးပွားရေးလမ်းဟာ ကံကြောင့်ဖြစ်တာမဟုတ်ဘူး။ မြန်မာ့ရေခံမြေခံကကို စုတ်ပြတ်ပြီး တက်လမ်းမရှိဘူးဆိုတာမျိုး မဟုတ်ဘူးဆိုတာ စင်္ကာပူလို့ မရှိတဲ့ မြေကို ကုန်းဖို့နေတဲ့ စိတ်ကူးစိတ်သန်းကို မြင်ရုံနဲ့ ငါတို့မှာ ဘာတွေရှိတယ် ဆိုတာ မှန်းလို့ရလာတယ်။

ထိုင်းမှာအလုပ်သမားလုပ်ပြီး အိမ်ပြန်လာပြီး စားသောက်ဆိုင်ဖွင့်တဲ့ မြန်မာပြည်အောက်ပိုင်းကလူတွေကလည်း ဘယ်လိုလုပ်ရင် မြန်မာပြည်ဟာ အလားအလာရှိတယ်ဆိုတာကို မြင်နေရတယ်။ သူတို့ရဲ့တက်လမ်းကို ပိတ်နေတာက စီမံခန့်ခွဲမှုနဲ့လူတစ်စုတစ်ဖွဲ့ကိုသာ မျက်နှာသာပေးထားတဲ့စနစ်။

(ခ) ရုပ်ဝတ္ထုအရ တတိယနိုင်ငံနဲ့ ကွာနေတယ် ဆိုတာတွေက တဖြည်းဖြည်းကျဉ်းမြောင်းလာခဲ့တယ်။ Minimalism ကို ကျင့်ကြဖို့လိုအပ်နေတဲ့ ခေတ်ကြီးထဲမှာကို တခြားနိုင်ငံရဲ့ နေထိုင်ပုံမျိုးကို ဒီမှာလည်း ကြီးပွားရင် ရနိုင်တယ်ဆိုတာကို သိလာကြတယ်။ ဒီမျိုးဆက်ဟာ အလှကုန်တွေကို သွားတိုက်ဆေးကို ထိုင်းကိုရောက်တုန်း အကုန်ဝယ်သွားမှ လို့ကိုယ်တွေလို တွေးတဲ့ မျိုးဆက်မဟုတ်တော့ဘူး။

နိုင်ငံခြားရောက်တုန်း စာအုပ်တွေကို စာအုပ်ဆိုင်ရောက်မှာ အသည်းအသည်မွှေနှောက်ရတာထက် E-book နဲ့ စာဖတ်ရင်လည်း တတိယနိုင်ငံက လူတစ်ယောက်သိသလောက် သိလာနိုင်မှန်းလည်း မြင်လာခဲ့ကြပြီ။ တစ်ချို့နေရာတွေမှာ လူနေမှုက တတ်နိုင်ရင် မကွာအောင်လုပ်လို့ရလာတယ်။

ဥပမာ-သြစတြေးလျားမှာ ၁၅ ပေ ပတ်လည်အခန်းကို အိမ်လခ ၁၆၀၀ ဒေါ်လာပေးရတယ်။ အဲဒီပိုက်ဆံက အခုငွေစျေးနဲ့ဆို တစ်လ သိန်းနှစ်ဆယ်ကျော်တယ်။ အဲဒီပိုက်ဆံနဲ့ ဆိုရင် သိပ်မကြာဘူး မြန်မာပြည်မှာက အိမ်ပိုင်ဝယ်လို့ရတယ်။ အိမ်အတွက် ဝန်ထုတ်ဝန်ပိုးကွာတယ်။

ဉရောပလည်း ဒီတိုင်းပါပဲ။ အနည်းဆုံးတော့ ကျောင်းသားမဟုတ်တော့တဲ့ လူတစ်ယောက်နေထိုင်ဖို့ ရှစ်သိန်းကနေ ဆယ်သိန်းလောက်တော့ အောက်ထစ်သုံးရမှာပဲ။ စားသောက်တာ မပါသေးဘူး။ မြန်မာပြည်မှာ ခုချိန်ထိ ပြဿနာတစ်ခုကတော့ ကျန်းမာရေးပေါ့လေ။ အဲဒီတစ်ခုကတော့ စနစ်ကိုပြင်နေရတာ ကြာနေတုန်းပါပဲ။ ဒါတောင် ကိုဗစ်လိုအချိန်မှာကျ ပြန်ယှဉ်လို့ရတာပါပဲ။ ကျန်းမာရေးကို စောင့်ရှောက်တာက ဆေးရုံဆေးခန်းရဲ့ အလုပ်ထက်တော့ပိုတယ်။

(ဂ) တတိယနိုင်ငံက လူတွေကိုလည်း မြင်ဖူးခဲ့ပြီ။ ၈၈ ကလို မြန်မာပြည်ကို လာတဲ့ တိုးရစ်တွေရဲ့ သုံးဖြုန်းနိုင်မှုကိုပဲ အားကျစရာမဟုတ်တော့ဘူး။ သူတို့က မြန်မာပြည်သားတွေရဲ့ မိတ်ဆွေ ဖြစ်နိုင်ပေမယ့် ကံကြမ္မာကိုပြောင်းပေးမယ့်သူလို့တော့ မယုံတော့ဘူး။

ဒီမျိုးဆက်ဟာ ကိုယ့်အားကိုယ်ကိုးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မြင်ဖူးခဲ့တဲ့ တတိယနိုင်ငံသားတွေဟာ လူစုံတယ်။ အလွှာစုံတယ်။ ဒီလူတွေမှာလည်း သူ့ရုန်းကန်မှုနဲ့ သူရှိတယ်ဆိုတာကို သိဖို့လွယ်လာတယ်။ သူတို့ဟာ နတ်သားတွေလို တိမ်လွှာစားနေကြတာမဟုတ်ဘူး။ တတိယနိုင်ငံသားဆိုတာဟာလည်း ကိုယ်တွေ မျိုးဆက်မှာတော့ အသည်းအသန်ရုန်းကန်နေရသူတွေ ပညာတတ်အလွှာမှာတောင် အများကြီးပဲ။

မာစတာပြီးတာ အတူတူဆိုရင်တောင် ကိုယ် အလုပ်ရတာက သူတို့ထက် ပိုစောနေသေးတယ် ဆိုတာမျိုးပဲ။ တတိယနိုင်ငံက တက္ကသိုလ်မှာ အလုပ်လုပ်ဖို့ထက် ကိုယ့်နိုင်ငံမှာ ပီပြင်တဲ့တက္ကသိုလ်ကို ရှိလာစေချင်တာပါ။

(ဃ) နေထိုင်မှုစရိတ်အောက်မှာ ရုန်းကန်ရပုံချင်းတူရင်တောင် ကိုယ့်ဆွေမျိုးအသိုင်းအဝိုင်း ကလျာဏမိတ္တကို အထီးကျန်နေတဲ့ တတိယနိုင်ငံမှာ တည်ဆောက်နိုင်ဖို့ အချိန်အများကြီးယူရတယ်။

ခုချိန်မှာ တတိယနိုင်ငံက မြန်မာတွေ အင်တိုက်အားတိုက်ကူညီကြတာ သိပ်ချစ်စရာကောင်းတယ်။ သူတို့စိတ်ထဲမှာ အသွေးထဲအသားထဲမှာ ဗုဒ္ဓဘာသာ၊ မွတ်ဆလင် ခရစ်ယာန် လူမျိုးစုံအကုန် မြန်မာနိုင်ငံက ငိုသံနဲ့အတူ ရောငိုနေကြတာပဲ။ အဲဒါကတစ်ပိုင်း။ အနေကြာလာလို့ အဆင်ပြေကြတဲ့ သူတွေကို ကြည့်ရင် အချိန်တစ်ခုပေးပြီး မတည်ဆောက်ဘဲ မရခဲ့ပါဘူး။

ဒီလိုပဲ မြန်မာနိုင်ငံမှာလည်း တကယ်ကတော့ တည်ဆောက်ခွင့်သာရရင် ကိုယ့်ကြမ္မာကိုယ်ပြဌာန်းခွင့်ရလာရင် အသိုင်းအဝိုင်းနဲ့ နေရတာကျတော့ ကိုယ့်ပြည်ကိုယ်နေရတာက မက်စရာဖြစ်နေသေးတာပါပဲ။ စက်ရုပ်တွေလို အလုပ်တွေကြားက သင်္ကြန်ထက် မြန်မာပြည်က ဒိုးသံကို မက်နေကြသေးတာပါပဲ။ အပြင်မှာနေလည်း အထဲနဲ့ စီးပွားရေးတွေ လုပ်နေကြတာပါပဲ။

ပြောချင်တာက ဒီမျိုးဆက်က (ခြွင်းချက်ကတော့ အမြဲရှိမှာပါ) တတိယနိုင်ငံသားလုပ်ဖို့ထက် ပထမနိုင်ငံမှာရှိတဲ့ အားကျစရာတွေကို တတိယနိုင်ငံအတွက် ယူလာဖို့ကို ပိုထက်သန်တာပါ။ ဒုတိယနိုင်ငံ၊တတိယနိုင်ငံမှာရှိတဲ့ ပွင့်လင်းမြင်သာမှု၊ လူကိုတန်ဖိုးထားတာ၊ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေကို ပထမဥယျာဉ်ထဲမှာ စိုက်ပျိုးချင်ကြတာပါ။

ဒီမျိုးဆက်ကို နားလည်ဖို့က ဒီမျိုးဆက်ရဲ့ ရင်ခုန်သံကိုနားထောင်ရင် ရပါတယ်။ အခုကလည်း အဲဒီလို စိတ်ကူးအိပ်မက်ကြောင့် ရုန်းကန်ရတာကို မစွန့်ကြတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page