ကားတွေ လိုက်ခိုးပြီး အွန်လိုင်းပေါ် ပြန်ရောင်းနေတဲ့ ကားသူခိုးဝိဇ္ဇာကို မန္တလေးမှာ ဖမ်းမိ
မန္တလေးမြို့ပေါ်ရှိ ကားများအား လိုက်လံခိုးယူ၍ အွန်လိုင်းမှပြန်လည်ရောင်းချသူကို ကားခိုးမှု (၁၀) မှုဖြင့် ဖော်ထုတ်ဖမ်းဆီးရမိကြောင်း စကစ လက်အောက်ခံ အောင်ပင်လယ်နယ်မြေရဲစခန်းမှ သိရပါတယ်။
ဖြစ်စဉ်မှာ ဇူလိုင် ၂ ရက်က အောင်ပင်လယ်နယ်မြေရဲစခန်းမှ နယ်ထိန်းအရာရှိ ဒုရဲအုပ်ဝင်းပိုင်နှင့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မန္တလေးမြို့ပေါ်ရှိကားများ လိုက်လံခိုးယူ၍ အွန်လိုင်းမှ ပြန်လည် ရောင်းချနေကြောင်း သတင်းအရ kyaw lay lay Account ပိုင်ရှင်ကို ကားတစ်စီးဝယ်ယူလိုကြောင်း ဆက်သွယ်ခဲ့ပါတယ်။
မန္တလေးမြို့ ၄၄ လမ်းနှင့် မြို့ပတ်လမ်းထောင့်တွင် ချိန်းဆိုခဲ့ပြီး kyaw lay lay အကောင့်ပိုင်ရှင်မှ MDY 50/7823 Mark II (ရွှေငါး) ကားကိုရောင်းချရန် လာရောက်ပြသဖြင့် ဖမ်းဆီးစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
စစ်ဆေးချက်အရ ကားလာရောင်းသူမှာ မျိုးသူရကျော်ဖြစ်ပြီး အဆိုပါကားနှင့်ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်အထား တစုံတရာ ပြောဆိုပြသနိုင်ခြင်းမရှိတဲ့အပြင် တစ်နေရာရာမှ ခိုးယူ၍ ရောင်းချကြောင်း မသင်္ကာသဖြင့် သက်သေများရှေ့တွင် အဆိုပါကား (ကာလတန်ဖိုးငွေ ကျပ်သိန်း၂၅၀ ခန့်)ကို ရှာဖွေပုံစံဖြင့် ရေးသွင်းသိမ်းဆည်းခဲ့ပါတယ်။
မန္တလေးမြို့ပေါ်ရှိ ကားများကိုခိုးယူ၍ အွန်လိုင်းမှပြန်လည်ရောင်းချသည်ဟု မသင်္ကာသူ မျိုးသူရကျော် (ခ) ကျော်လေးအား ဆက်လက်စစ်မေးဖော်ထုတ်ရာတွင် ကားခိုးမှု ၁၀ မှု စစ်မေးပေါ်ပေါက်သဖြင့် အောင်ပင်လယ်နယ်မြေရဲစခန်းက (ပ) ၁၈၇/၂၀၂၂၊ ပြစ်မှုဥပဒေပုဒ်မ-၃၇၉ (ကား) ၅၄ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရပါတယ်။