အောင်ဆန်းကွင်းရှိ အဖီဆွဲ ဆိုင်ခန်းများ တပတ်အတွင်း ဖျက်ရမည်၊ ကားဂိတ်များ ပစ္စည်းမချရဟုဆို
ရန်ကုန်မြို့လယ်ရှိ အောင်ဆန်းကွင်းပတ်လည်က အဖီဆွဲပြီး ဖွင့်ထားတဲ့ ကားဂိတ်တွေ၊ ထမင်းဆိုင်တွေကို တပတ်အတွင်း အကုန်ဖျက်ပစ်ရမယ်လို့ စကစက အမိန့်ထုတ်ပြန်လိုက်ပါတယ်။
လွန်ခဲ့တဲ့ ရက်သတ္တပတ်က အောင်ဆန်းကွင်းပတ်လည်က ကားဂိတ်တွေကို ၅ ရက်ခန့် ပိတ်ပြီးတဲ့နောက်မှာ အဆိုပါ သတင်း ထွက်ရှိလာတာ ဖြစ်ပါတယ်။
ဘူတာကြီး အရှေ့ဖက်ခြမ်းက ကားဂိတ်တွေအနေနဲ့လည်း ပစ္စည်းတွေကို အရင်လို လမ်းမပေါ်မှာ ချထားလို့ မရတော့ကြောင်း၊ ပစ္စည်းတွေ လာပို့ရင် တန်းပြီး ကားပေါ်တင်ရမှာ ဖြစ်ကြောင်း၊ အဲဒါကြောင့် ကြီးကြီးမားမား ပစ္စည်းပို့ချင်ရင် အောင်မင်္ဂလာအဝေးပြေး ကားဝင်းကိုသာ တန်းသွားတာ အဆင်ပြေမှာ ဖြစ်ကြောင်း ကားဂိတ်နဲ့ နီးစပ်သူတဦးက ပြောပြပါတယ်။
အောင်ဆန်းကွင်း ပတ်လည်သာမက မျက်နှာချင်းဆိုင် ဖဆပလ တိုက်ခန်းတွေ ရှေ့မှာ အဖီဆွဲထားတဲ့ ထမင်းဆိုင်တွေပါ ဖျက်ပစ်ရမယ်လို့ သိရပါတယ်။
စကစအနေနဲ့ အာဏာသိမ်းပြီးတဲ့နောက်မှာ ယခင်က ရန်ပုံငွေအတွက် အားကစားကွင်း ပတ်လည်မှာ ဖွင့်လှစ်ထားတဲ့ ဈေးဆိုင်ခန်းတွေကို လိုက်လံ ဖျက်သိမ်းလျက် ရှိတာကြောင့် ဆိုင်ဖွင့်ထားတဲ့ ပြည်သူတွေ အနေနဲ့ အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။