ကမ္ဘောဇဘဏ်သူဌေး ဆရာကျောင်းပိုင်တဲ့ မြေဧက ၁၆၀၀၀ ကျော်ကို စကစ ရုတ်တရက် သိမ်းဆည်း
ကမ္ဘောဇဘဏ် လုပ်ငန်းစု ထိပ်တန်းစီးပွါးရေး လုပ်ငန်းရှင် ဖြစ်သည့် ဦးအောင်ကိုဝင်း၏ ဇနီးဖြစ်သူ အမည်ပေါက် မြေယာ ဧကပေါင်း ၁၆၀၀၀ ကျော်ကို လုပ်ကိုင်ခြင်းမရှိသဖြင့်ဟုဆိုကာ စစ်ကောင်စီ လက်အောက်ခံ မြေလွတ်၊ မြေလပ် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မီက သိမ်းဆည်းလိုက်ပါတယ်။
ကမ္ဘောဇဘဏ် ပိုင်ရှင် ဦးအောင်ကိုဝင်း ၏ ဇနီး နန်းသန်းထွေး မှ ရွှေကမ္ဘာဇကုမ္ပဏီ နာမည်ဖြင့် လုပ်ကိုင်ခွင့် ရရှိထားသော တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် တမုတ်ချုံးကျေးရွာတွင် လုပ်ပိုင်ခွင့်ရရှိထားသည့် စုစုပေါင်း မြေဧက ၁၅၈၁၁ ဧက အနက် လုပ်ကိုင်ခြင်း မရှိသည့် ဧက ၁၄၈၂၆ ဒသမ ၆၆ နှင့် သိန်ခွန်း၊ တမုတ်ချုံး ရှိ မြေဧက ၅၃၀၀ ဧက အနက် လုပ်ကိုင်ခြင်းမရှိသည့် ၁၆၇၉ ဧက ကို ပြန်လည်သိမ်းဆည်းမယ်လို့ ကော်မတီက ကြေညာထားတာ ဖြစ်ပါတယ်။
အဆိုပါ ပြန်လည်သိမ်းယူမည်မြေများမှာ မြေယာများ လုပ်ကိုင်ခွင့် ရရှိပြီးနောက် သတ်မှတ်ကာလ ၄ မှစ်အတွင်း တစ်စိတ်တစ်ပိုင်း ဖော်ထုတ် စိုက်ပျိုးပြီး လုပ်ကိုင်ခြင်းမရှိခြင်းကြောင့် မေလ ၁၁ ရက် နေ့မှ စ၍ ပြန်လည်သိမ်းယူခြင်းဖြစ်ကြောင်း၊ အာမခံကြေး များကိုပါ နိုင်ငံတော်ဘဏ္ဍာ အဖြစ်သိမ်းဆည်းလိုက်တယ်လို့ သိရပါတယ်။
ထို့ပြင် တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာရှိ လုံးဝလုပ်ကိုင်ခြင်းမရှိသည့် မြေဧက ၄၈၀၄ ဧကကိုလည်း ပြန်လည် သိမ်းဆည်မည် ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါလုပ်ကိုင်ခွင့်ရရှိထားသည့် လုပ်ငန်းများမှာ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၄ ခုနှစ်က ခွင့်ပြုပေးခဲ့သည့် မြေနေရာများ ပါဝင်သလို စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်က ခွင့်ပြုပေးထားသည့် မြေနေရာများလည်း ဖြစ်တယ်လို့ သိရပါတယ်။
စကစအနေနဲ့ ပြည်တွင်းက ခရိုနီအားလုံးကို ပြည်ပထွက်ခွာခွင့် မပေးဘဲ အကျယ်ချုပ်သဘောမျိုး ထားရှိကာ အနီးကပ် စောင့်ကြည့်နေတယ်လို့လည်း သိရပါတယ်။