၃၁ ဘုံမှာ မြန်မာဘုံဆိုပြီး နောက်တဘုံ ထပ်တိုးရတော့မယ့် ရွှေမြန်မာပြည်ကြီးရဲ့ တလွဲအဖြစ်များ
“တကယ်တော့ ၃၁ ဘုံ မဖြစ်သင့်ဘူးကွ၊ ၃၂ ဘုံ ဖြစ်သင့်တယ်” ဒီလိုပြောလိုက်တော့ သူငယ်ချင်းလုပ်သူက ကားမောင်းနေရင်း ကိုယ့်ကိုလှမ်းကြည့်ပါတယ်။ လုပ်စမ်းပါဦးဆိုတဲ့ မျက်နှာပေးမျိုးနဲ့ပေါ့။
“ဒီလိုကွ၊ လူ့ဘုံနဲ့ တိရစ္ဆာန်ဘုံကြားထဲမှာ တစ်ဘုံလောက် ထပ်ထည့်ထားသင့်တယ် ဟိုမရောက် ဒီမရောက်ဘုံပေါ့” “ဘာဘုံလဲ” “ငါတို့နိုင်ငံလေ၊ မြန်မာ့ဘုံပေါ့” ဒီလိုပြောချလိုက်တော့ သူငယ်ချင်းက ထရယ်ပါတယ်။ အေး ငါလည်းထောက်ခံတယ်ဆိုတဲ့ သဘောနဲ့ပေါ့။
ဆဲချင်တဲ့သူလည်း ဆဲကြဗျာ။ ဒါပေမဲ့ မတတ်နိုင်ဘူး။ ကျနော်ကတော့ အဲ့ဒီလိုပဲ သတ်မှတ်ချင်တယ်။ တခါတလေ တွေးမိပါတယ်။ ဒီလောက်ကမ္ဘာပေါ်မှာ နိုင်ငံတွေအများကြီးရှိတဲ့အထဲကမှ ငါဟာ ဘယ်လိုဖြစ်လို့များ ဒီနိုင်ငံမှာ လူလာဖြစ်ရသလဲပေါ့။ ဗုဒ္ဓဘာသာရှုထောင့်က ကြည့်မယ်ဆိုရင် ဒီလိုနိုင်ငံမှာ လူလာဖြစ်တာဟာ အတိတ်ဘဝရဲ့ အကုသိုလ်ကံ အတော်ကြီးလို့ပဲဖြစ်ပါလိမ့်မယ်။
အရင်ကဆို နိုင်ငံခြားက သူငယ်ချင်းတွေက မေးလေ့ရှိပါတယ်။ ငါတို့ အပြီးပြန်လာသင့်သလားပေါ့။ အရင်ကတော့ ဖြေတယ်၊ အချိန်တန်ရင် အိမ်ပြန်ခဲ့လို့။ အခုတော့ ပြောင်းသွားတယ်။ အတွေးတွေက အစပေါ့။ လူတစ်ယောက်ဖြစ်ပြီး အသက်ရှင်တုန်းမှာ လူလိုသူလို နေသွားရဖို့၊ လူတစ်ယောက်အတွက် သင့်တော်တဲ့ ပတ်ဝန်းကျင်နဲ့ ရေခံမြေခံတွေ၊ စနစ်တွေကြားထဲမှာပဲ ရှင်သန်သွားရဖို့က ပိုအရေးကြီးတယ်ဆိုပြီးတော့ပေါ့။
ကိုယ့်နိုင်ငံဖြစ်မှ၊ သူ့နိုင်ငံမို့လို့ ဆိုတာထက် ကမ္ဘာပေါ်က ကိုယ့်အတွက် အဆင်ပြေတဲ့နေရာလေးမှာ ရှင်သန်သွားခဲ့တယ် ဆိုတာလေးက ပိုကောင်းတယ်လို့ ထင်လာလို့ပါ။ အဲ့တော့ ဖြေပါတယ်။ အဲ့မှာ အဆင်ပြေရင် အဲ့မှာပဲ နေပေါ့ကွာလို့။ ပြန်လာတော့လည်း ဘာမှမထူးဘူးလို့။ တဖြည်းဖြည်းနဲ့ သံသယဝင်လာမိတာက ငါနေနေတဲ့ နေရာက လူတွေနေဖို့ သင့်တော်တဲ့ နေရာမှ ဟုတ်ရဲ့လားလို့ပေါ့။
စစ်ပွဲတွေကလည်း ဒုနဲ့ဒေး ဒီကြားထဲ မီးမလာရတာနဲ့ ရေပျက်ရတာနဲ့။ အစိုးရတွေကလည်း ဟိုစမ်းစမ်း ဒီစမ်းစမ်း တရားဥပဒေကလည်း မစိုးမိုး အင်အားကြီးတဲ့သူ အကုန်သိမ်းတဲ့ Jungle law သာသာပါပဲ။ ငါးနှစ်အောက် ကလေးသေတဲ့နှုန်း ကိုယ်ဝန်ဆောင်မိခင် သေတဲ့နှုန်း ကင်ဆာဖြစ်တဲ့နှုန်း မကောင်းတဲ့ စာရင်းဇယားမှန်သမျှရဲ့ ထိပ်ဆုံးတန်းမှာ ကိုယ်တွေဌာနေကြီးက မော်ကာကြွားလို့။
ပိုက်ဆံအတု အရက်အတု အသားအတု ဆေးအတု အတုတကာတို့ရဲ့ထိပ်ခေါင် ဖွတ်မင်းနောင်။ ဆေးပိုင်ရှင်မဲ့ သစ်လုံးပိုင်ရှင်မဲ့ -က်နက်ပိုင်ရှင်မဲ့ ကလေးပိုင်ရှင်မဲ့ မဲ့လို့ရသမျှ အကုန်မဲ့။ လမ်းမပေါ် တချက်လေး ဝှေ့ကြည့်မလား ကားသမားကလည်း စောင်စည်းကမ်းမရှိ စျေးသည်ကလည်း စောင်စည်းကမ်းမရှိ လမ်းကူးသူကလည်း စောင်စည်းကမ်းမရှိ ဒီကြားထဲ မော်တော်ပီကယ်ကပါ စောင်ကျင့်ပျက်။
မတော်မတရားခံရတော့ တိုင်စရာလူမရှိ ကြိတ်ခံ မှိတ်ခံ ခံလက်စနဲ့ ဆက်ခံ။ မော်ဒယ် -င်ပြောင်တာက စပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအထိ အားနေ -တ်ကြ ဆဲကြ ကလော်ကြ ရန်ဖြစ်ကြ။ ကျင့်ဝတ်လည်း နားမလည် ဥပဒေလည်း မလိုက်နာ စည်းကမ်းလည်း မရှိ ကိုယ်ကျင့်တရားလည်း မကောင်း အားလုံးတော့မဟုတ်ပေမယ့် အတော်တော့များပါတယ်။
ကိုယ်လည်း တစ်ခုခုနဲ့ ငြိနေမှာပါပဲ သေချာပါတယ်။ အနည်းဆုံး ကားအဖမ်းခံရလို့ လိုင်စင်သိမ်းရင်တောင် ပိုက်ဆံလေး ထိုးပေးပြီး အရူးဘုံမြှောက်လုပ်နေတုန်းပဲဟာ ကိုယ်လည်းဘာထူးလဲ။ မကောင်းတဲ့အရာမှန်သမျှ ချရေး ပြီးမှာမဟုတ်ဘူး။ ဒီတော့ ဘီလဲဂိတ်ပြောသလိုပဲခံယူထားပါတယ်။ ဆင်းဆင်းရဲရဲမွေးလာတာ မင်းအပြစ်မဟုတ်ဘူး။ ဆင်းဆင်းရဲရဲသေသွားရင်တော့ မင်းအပြစ် ဆိုတာမျိုးပေါ့။
သို့သော် မြန်မာမှာ မွေးလာတာ အပြစ်မဟုတ်ပေမယ့် မြန်မာမှာ သေတာ အပြစ်လို့တော့လည်း မဆိုလိုဘူးပေါ့။ ဒီတော့ဗျာ ဆွစ်ဇာလန်တို့ နော်ဝေတို့မှာ သွားမသေရင်တောင် မြန်မာမှာတော့ ကောင်းကောင်းလေး သေသွားချင်တာပါပဲ။ ရုန်းကြတာပေါ့ဗျာ။ ရေးချင်တာတွေ များပေမယ့် ရေးဖို့အင်အားမကျန်တော့လို့ ဆက်မရေးတော့ပါဘူး မြန်မာ့ဘုံရယ်။ Wai Phyo Maung