ဆီးဂိမ်းရွှေဆု ကားပါမစ်ရဲ့ နောက်ဆက်တွဲ ဂယက်နဲ့ အရောင်းအဝယ်လုပ်ရမှာ ဂရုပြုရမယ့် အချက်များ

၂၀၂၂ ခုနှစ် ဇွန်လ ၁၆ ရက် ယမန်နေ့က ၃၁ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုရသူများအား အထူးကိစ္စရပ်အနေဖြင့် အိမ်စီးကားဝယ်ယူခွင့်ပြုမည်ဆိုတဲ့ ထုတ်ပြန်ချက်တစ်ရပ်ထွက်ပေါ်လာခဲ့ပါတယ်။ အဆိုပါ ကားပါမစ်ထုတ်ပြန်ချက်နဲ့ပါတ်သက်ပြီး အချို့မှာနားလည်မှုလွဲနေကြပြီး ရောင်းမှား ဝယ်မှားမဖြစ်ကြစေဖို့ ရည်ရွယ်ပါသည်။

ထုတ်ပြန်ချက်မှာ ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် ၃၁ ကြိမ်မြောက်အရှေ့တောင်အာရှအား ကစားပြိုင်ပွဲ(ဆီးဂိမ်း)၌ ဝင်ရောက်ယှဥ်ပြိုင်ကာ ရွှေတံဆိပ်ဆုများရရှိခဲ့သည့် မြန်မာ့လက်ရွေးစင်အားကစားသမားများအား အထူးကိစ္စရပ်အနေဖြင့် အိမ်စီးကားဝယ်ယူခွင့်ပြုသွားမည်ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်လိုက်ပါတယ်။

ထိုသို့ ရွှေတံဆိပ်ဆုရအားကစားသမားများအား အထူးကိစ္စရပ်အနေဖြင့် အိမ်စီးကားဝယ်ယူခွင့်ပြုခဲ့ခြင်းမှာ မြန်မာနိုင်ငံကိုယ်စားပြု၍ အောင်မြင်ခဲ့ကြသဖြင့် နိုင်ငံတော်မှအားပေးဂုဏ်ပြုချီးမြှင့်သည့်အနေဖြင့် ဝယ်ယူခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ရွှေတံဆိပ်ဆုရသည့် အားကစားသမားများသည် ပြည်တွင်းရှိကား Showroom နှင့် Sale Center များမှ အင်ဂျင်ပါဝါ ၂၀၀၀ စီစီနှင့်အောက်၊ CIF တန်ဖိုး(ဆိပ်ကမ်းရောက်တန်ဖိုး) ကျပ်သိန်း ၃၀၀ နှင့်အောက် ကားတစ်စီးစီအား ဝယ်ယူခွင့်ရရှိမည်ဖြစ်သည် ဆိုပြီး ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ဆီးဂိမ်း ပါမစ်ဆိုတာက ပြည်ပကနေ ကားတင်သွင်းခွင့်ပြုတဲ့ ပါမစ်မဟုတ်ပါဘူး။ လက်ရှိပြည်တွင်းမှာ ရောက်နှင့်နေပြီးသား showroom နဲ့ sale center က ကားတွေကိုသာ ပြန်လည် ဝယ်ယူခွင့်ပြုတာ ဖြစ်ပါတယ်။

ဝယ်ယူမယ့်ကားက အင်ဂျင် 2000cc, CIF တန်ဖိုး သိန်း 300 နဲ့အောက်လည်း ဖြစ်ရမယ့်အပြင် ကညန မှတ်ပုံတင်ကြေးကိုသာ ကင်းလွတ်ခွင့်ပြုမယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ပါမစ် အစောင်အရေအတွက်ပါ။ ပြီးခဲ့တဲ့ ဆီးဂိမ်းတုန်းက မြန်မာ ရွှေ ၉ ဆု ရလို့ ပါမစ် ၉ စောင်ထွက်မယ်လို့ တချို့လည်း ထင်နေကြပါတယ်။ တကယ်က ၉ စောင်မကပါဘူး။ ဘာလို့လဲဆိုတော့ တချို့ အားကစားနည်းတွေက အဖွဲ့လိုက် ကစားရတဲ့ အားကစားနည်းတွေမို့ပါ။ ကျွန်တော်လည်း ပြီးခဲ့တဲ့ ဆီးဂိမ်းကို မဖတ်/မကြည့်မိတာမို့ ဘယ်အားကစားနည်းတွေ ဆုရလဲဆိုတာ အခုမှ ဝီကီကနေ ပြန်ကြည့်မိပါတယ်။

ရွှေ ၉ ဆုမှာ တစ်ဦးချင်းစီ ဆုရတဲ့ အားကစားနည်းက ၅ ခု နဲ့ အဖွဲ့လိုက် ကစားနည်းမှာ ရွှေ ၄ ခု ရခဲ့ပါတယ်။ စုစုပေါင်း ၉ ဆုပေါ့။ အဖွဲ့လိုက် ဆုရတဲ့ ရွှေ ၄ ခုမှာ ကစားသမား ၄ ဦး၊ ၄ ဦး၊ ၂ ဦး၊ ၂ ဦး ပါဝင်ပါတယ်။ စုစုပေါင်း ပါမစ်အရေအတွက် အားလုံးပေါင်းလိုက်ရင် ၁၇ စောင်ပါ။ (လွဲနိုင်ပါတယ်နော်။ ဒါက ကိုယ့်ပါကိုယ် တွက်ကြည့်တာပါ။)

ထပ်ရှင်းပြရရင် တင်သွင်းခွင့်နဲ့ ဝယ်ယူခွင့် ဆိုတာ လုံးဝ မတူပါဘူး။ အခု ပေးတဲ့ ပါမစ်ဆိုတာ နိုင်ငံခြားကနေ ကားတင်သွင်းခွင့် ပြုတာ မဟုတ်ပါဘူး။ လက်ရှိ ရောက်နှင့်နေပြီးသား showroom က ကားတွေကိုသာ ဝယ်ယူခွင့်ပြုမှာပါ။

စာရဲ့ ဆိုလိုရင်းကို ပြန်လည် ရှင်းပြရုံပါ။ နားလည်မှုလွဲပြီး အရောင်းမှား၊ အဝယ်မှား မဖြစ်စေချင်လို့ပါ။ လက်ရှိ စျေးကွက်အနေအထားနဲ့ တက်မယ်၊ ကျမယ်ကတော့ ကိုယ့်ပါကိုယ်သာ ဆုံးဖြတ်ကြပါဗျာ။ (ကိုထွဋ်ထိပ်)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page