မရမ်းကုန်းမှာ စပါးအုံးမြွေကြီးတွေ ဇာတ်လမ်း စပြန်ပြီ (၁၀ ပေအရှည်ရှိ မြွေကြီးတကောင်တွေ့ရှိ)
၅.၉.၂၀၂၂ရက်နေ့၊ ည ၈ နာရီ ၁၅ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ရွှေနှင်းဆီ(၇)လမ်း ရှိနေအိမ်တွင် စပါးအုံးမြွေ(၁)ကောင်ဝင်ရောက်နေကြောင်း သတင်းရရှိသဖြင့် မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မြွေဖမ်းဆရာကြီး ကိုတိုင်းအောင် ဦးဆောင်တဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ဖမ်းဆီးခဲ့ပြီး မင်္ဂလာဒုံမြို့နယ်၊ စိတ္တသုခဘုန်းကြီးကျောင်းတိုက်ရှိ မြွေခြံအတွင်းသို့ လွှတ်ပေးခဲ့တယ်လို့ သတင်း ရရှိပါတယ်။
မရမ်းကုန်းမြို့နယ်ဟာ ရန်ကုန်တိုင်းဒေသကြီးမှာ မြွေအတွေ့ရအများဆုံး မြို့နယ်လို့ သတ်မှတ်နိုင်ပါတယ်။ ၂၀၂၀ ခုနှစ်မှာ စပါးအုံးမြွေ အကောင် (၂၀) နီးပါး တွေ့ရှိခဲ့ပြီး ၂၀၂၁ ခုနှစ်မှာလည်း ထပ်မံတွေ့ ရှိခဲ့ပါတယ်။
မရမ်းကုန်းမြို့မှာ ၂၀၂၁ ခုနှစ်က အရှည် (၁၀) ပေကျော်တဲ့ မြွေမောင်နှံကို တပြိုင်နက် တွေ့ရှိခဲ့ပြီး တပတ်အတွင်း မြွေ ၄ ကောင်ကို ဆက်တိုက် တွေ့ရှိခဲ့ဖူးပါတယ်။
အဆိုပါ မြွေကြီးများ ဆက်တိုက် တွေ့ရှိမှုဟာ တိုက်ဆိုင်မှု မဟုတ်ဘဲ အကြောင်း တခုခုကြောင့် ဖြစ်ရမယ်လို့ ပြည်သူများက ကောက်ချက်ချနေကြပါတယ်။ မြွေသိုက်ကြီး ရှိတာလား၊ တရားမဝင် မှောင်ခို ရောင်းဝယ်နေကြတာလား၊ စားသောက်ဆိုင်လား ဆိုတာကို အမျိုးမျိုး မှတ်ချက် ပေးနေကြပါတယ်။
မရမ်းကုန်းမြို့နယ်ထဲမှာ အရှည်ပေ အများအပြား ရှိတဲ့ အကောင်ကြီး စပါးအုံးမြွေကြီးတွေ တွေ့ရှိမှုဟာ မဖြေရှင်းနိုင်သေးတဲ့ ပဟေဠိ တခု အဖြစ် ဆက်လက် တည်ရှိနေပါတော့တယ် ခင်ဗျာ။