ဆရာဝန်တဦး ကိုယ်တိုင် ပြောပြတဲ့ အထက်လူကြီးတွေရဲ့ နှလုံးလှ မီးအိမ်ရှင်ဂျင်း အကြောင်း
ဆရာဝန်တဦး ကိုယ်တိုင် ပြောပြတဲ့ အထက်လူကြီးတွေရဲ့ နှလုံးလှ မီးအိမ်ရှင်ဂျင်း အကြောင်း
အစကတော့ လွန်းထားထားရဲ့ စာအုပ်တွေ ဖတ်ပြီး ဆေးကျောင်းတက်ခဲ့တာပေါ့ ထက်မြက်တဲ့ ဆရာဝန်လေးတွေချည်းပဲကိုး။ သူ့ဝတ္ထုတွေမှာက မင်းသားမင်းသမီးတွေက စာအရမ်းတော် ၊ အရမ်းလှ ၊ အားလုံးက ဝိုင်းကြိုက်ကြ၊ အသဲတွေ ပက်ပက်စက်စက်ခွဲ မင်းသမီးက ဗိုက်ကြီးရင်းနဲ့တောင် ဟောက်ဆာဂျင်တွေ ဘာတွေ ဆင်းလိုက်သေးတာ
အို… ကြိုက်ပြီလေ ဆိုပြီး ဆေးကျောင်းရောက်လာ အသဲခွဲဖို့နေနေသာသာ လူနာစမ်းရင်တောင် ဆေးကျောင်းသားဆို အစမ်းမခံဘူး ဆိုတဲ့ လူနာနဲ့ ရုပ်ရှင်တွေထဲကလို အားလုံး ဝိုင်းကြိုက်ဖို့ နေနေသာသာ တစ်နေ့တစ်နေ့ ဆပ်ပလီမထိအောင် စာအုပ်နဲ့ခေါင်းနဲ့ အပ်ပြီး စာတွေကျက်ရ ဟော… ဟောက်ဆာဂျင်ဆင်းတော့လည်း ဟိုကုတင်က လူနာ ဟိုဟာဖြစ်ပြီ ပြေးရ ၊ ဒီကုတင်ကလူနာ ဒီဟာဖြစ်ပြီ ပြေးရ ၊ လက်အိတ်ဆိုရင် ချွတ်ရတယ် မရှိ ဝတ္ထုထဲကလိုသာ ဗိုက်ကြီးရင်း ဟောက်ဆာဂျင်ဆင်းရင် ကလေးတွေ ခဏခဏ ပျက်ကျလို့ ကောင်းလိုက်မယ့် ဖြစ်ခြင်း
ဟော… နောက်တော့ ဆရာကြီးတွေရဲ့ မီးအိမ်ရှင် ဆရာဝန်လေး ဝတ္ထုတွေဖတ် (ဟိုတစ်ခါ သူ့နာမည် ထည့်ရေးတာ ငါ့ကို စိတ်ဆိုးပြီး ဘလော့သွားလို့ နာမည်တော့ မပြောတော့ပါဘူး) တိုင်းပြည်ကောင်းကျိုးပြုမဟဲ့ ဆိုပြီး ဟီးရိုးဆန်ဆန် နယ်ဘက်ကို ဆင်းပြီး AS လုပ် အမလေး… အတောင်ပံ ခတ်ဖို့ နေနေသာသာ ခြေတစ်ပေါင်ကျိုးနဲ့ နေစရာအိမ် မရလို့ မြို့ကို ပတ်ရှာ ရတော့လည်း ငှားနေရတဲ့ အခန်းစုတ်စုတ်လေးထဲကနေ ဆေးရုံကို နေ့တိုင်း ခြေလျင်သွား အတောင်ခတ်ဖို့ နေနေသာသာ အမွှေးအတောင်တောင် စုံလင်အောင် မထွက်နိုင်ရှာ
အစိုးရကလည်း လမ်းတွေတော့ ကောင်းအောင် မလုပ်ပေးဘဲ ဘယ်သူမှ သွားလို့ လာလို့ မလွယ်ကူတဲ့ ဒေသတွေကို သွားမှ မီးအိမ်ရှင်ယောင်ယောင် ခေတ်အဆက်ဆက် ဂျင်းထည့်ခဲ့တာကိုး ထိုင်းမှာဆို တာဝန်ကျတဲ့ ဒေသကို သွားချင်ရင် လမ်းပန်း ဆက်သွယ်ရေးတွေ အလွန်ကောင်း ဘာမီးအိမ်ရှင်မှ မရှိဘူး ၊ ဘာ အနစ်နာခံ ဆရာဝန်လေးတွေမှ မရှိဘူး ကိုယ့်အလုပ် ကိုယ်လုပ်တယ် အစိုးရက ထိုက်တန်တဲ့လစာပေးတယ် ဒါပဲ
ကိုယ့်သူငယ်ချင်း ထိုင်း ဆရာဝန် တစ်ယောက်ဆို ကိုယ့်လစာကို မေးပြီး သိလည်းသိကော ရယ်ပါလေကော ငါ့တို့ဆေးရုံက သန့်ရှင်းရေးဝန်ထမ်းလစာက မင်းထက် ပိုများတယ်တဲ့ နေစရာတိုက်ခန်းလည်း ရတယ်တဲ့ ကိုယ့်မှာ ရယ်ရခက် ငိုရခက် ဘယ်ရမလဲ… We are the Lamps ” ငါတို့က မီးအိမ်ရှင်လေးတွေ ” ဆိုပြီး ပြန်လုပ်ခဲ့တာပေါ့
ကိုယ် နယ်စပ်က တိုက်နယ်ဆေးရုံကို Relieving ကျတုန်းကဆို အဲ့နေရာက ဝေးလံခေါင်သီဒေသ မြဝတီကနေ 4wheel ကားတွေနဲ့ နေ့တစ်ဝက်လောက်သွားရတယ် အဲ့တာကလည်း ကားကြုံရှိဦးမှနော် မရှိရင် တစ်ပတ်နှစ်ပတ် တန်သည် ကားကြုံကို စောင့်ပေတော့ပဲ Relieving သာ လွှတ်တတ်တာ ၊ စီတော့မစီစဥ်ပေးနိုင်ဘူး ဆိုသလိုပေါ့
အဲ့ဆေးရုံရဲ့ တစ်ဖက်ကမ်းမှာ ထိုင်းနိုင်ငံက ဆေးရုံ ရှိတယ် အဲ့ဆေးရုံကို မြဝတီတစ်ဖက်ကမ်း မဲဆောက်ကနေ ကားနဲ့ သွားရင် တစ်နာရီပဲ ကြာတယ် အဲ့တော့ ကိုယ့်မှာ ရှက်ရှက်နဲ့ ကိုယ်တာဝန်ကျတဲ့ ဆေးရုံကို ရောက်ဖို့ သူများနိုင်ငံထဲ ခိုးဝင်ပြီး မဲဆောက်ကနေ သွားရတယ် ကိုယ့်ရုပ်က ထိုင်းမင်းသားလေးနဲ့ တူနေလို့ သူတို့ သံသယမဝင်ဘဲ သေချာ မစစ်ကြလို့ တော်သေးတယ် ဆိုရမှာပေါ့
ပြီးတော့မှ သူတို့ ဟိုဘက်ကမ်းကနေ ကိုယ့် မြန်မာပြည်ဘက်ကို ပြန်ခိုးဝင်ပြီး ကိုယ်တာဝန်ကျတဲ့ ဆေးရုံကို တာဝန်သွားထမ်းခဲ့ရတာ သူတို့ဆီမှာ နေရာတိုင်း လမ်းပန်းဆက်သွယ်ရေး ကောင်းတာကို ပြောပြချင်တာပါ ဝေးလံခေါင်သီ ဒေသ ဆိုတာ မရှိဘူး စေတနာရှင် ဆရာဝန်လေး ဆိုပြီး ဘယ်သူမှ မသွားတဲ့ ဒေသကို သွားခိုင်းတဲ့ ၊ သန့်ရှင်းရေးလစာလောက်တောင် မရဘဲ ပီတိတွေစားပြီး ဝတုတ်ပြဲနေတဲ့ ရေနံဆီဝနေတဲ့ မီးအိမ်ရှင်လေးတွေ မရှိဘူး အဲ့တော့ ဆရာဝန်တွေက ကိုယ့်ဝန် ကိုယ့်တာကို ကျေပြွန်အောင် ထမ်းနိုင်ကြတယ်
ပြီးတော့ ဝတ္ထုတွေထဲမှာပါတဲ့ ဆရာလေး စားဖို့ ဆိုပြီး ပုဇွန်ထုပ်တွေ ပိဿာလိုက်လာပေးတာတို့ ၊ ငှက်ပျောသီးကြီး အခိုင်လိုက် လာပို့တာတို့ ၊ အိမ်မှာ ထမင်းအတင်းခေါ်ကျွေးတာတို့ ဆိုတာလည်း ဂျင်းတွေနော် ရောက်ခါစ တစ်ခါနှစ်ခါ ကျွေးတာ ဘာညာ ရှိရင်ရှိမယ် တစ်ခါတစ်လေ စိတ်ကူးပေါက်လို့ လာပေးတာ ရှိရင် ရှိမယ် ကျန်တာတွေက အစိုးရလစာလေးနဲ့ အကုန်ဝယ်စားရတာနော် လူနာတွေမှာလည်း သူတို့ဘာသူတို့ စားဖို့တောင် မနည်းရှာနေရတာ ၊ ဝတ္ထုတွေထဲကလိုတော့ ဘယ်ပေးနိုင်ပါ့မလဲ
အဲ့တော့ ဆေးကျောင်းစတက်ကထဲက ဂျင်းတွေနဲ့ ယဥ်ပါးခဲ့လေတော့ အခုဆို ဘာဂျင်းဖြစ်ဖြစ် ထန်းလျက်နဲ့ ပြုတ်သောက်လိုက်တော့တာပဲ ရန်ကုန်က AS တွေလည်း ကောင်းမွန်တဲ့ အရွေ့တစ်ခုအတွက် တိုက်နေကြဦးမှာပဲ လူကြီးတွေကလည်း ” Once upon a time, there was a Lamp, it is me ” ( တစ်ခါတုန်းက ငါဆိုတဲ့ မီးအိမ်ရှင်လေး တစ်ယောက် ရှိခဲ့သတဲ့ကွယ် ) ဆိုပြီး မီးအိမ်ရှင်ဂျင်းတွေ ၊ ” ငါတို့တုန်းကဆိုရင် ” နဲ့ အစချီတဲ့ ဂျင်းတွေ ထည့်ကြဦးမှာပဲ
အဲ့တော့ တကယ့်AS Life ကို သိချင်ရင် ဂျူးဝတ္ထုထဲက သက်နှင်းအိမ်ကိုပဲ ကြည့် သူနဲ့ သူ့လင် နှစ်ယောက်စားဖို့ကို ဆေးရုံဂျူတီတွေဆင်းရ ၊ အိမ်ပြန်ရောက်တာနဲ့ ဆေးခန်းတွေထိုင်ရ ၊ ဝင်ငွေအပိုထပ်ရအောင် ဝတ္ထုတွေပါ ရေးရ ၊ ဒီကြားထဲ အလှက မပြင်နိုင် ၊ stress တွေ များတော့ သွေးဆုံးကိုင်သလိုလို ဖြစ်ပြီး လင်နဲ့ ခဏခဏ ရန်ဖြစ် ၊ နောက်ဆုံးတော့ ဖိုသီဖတ်သီနဲ့ လင်ပစ်ခံရတဲ့ ဘဝကို ရောက် ဆရာဝန်တွေရဲ့ တကယ့် Life ဆိုတာ အဲ့လိုပဲ
ကိုယ်တွေတောင် ရည်းစားမရှိလို့ ဒီလို သန့်သန့်ပြန့်ပြန့်နေနိုင်တာ အဲ့တော့ ရန်ကုန်က AS တွေလည်း တိုက်စရာ ရှိတာ ဆက်တိုက် ဆရာတို့ ခဏခဏတိုက်ရင် လူကြီးတွေလည်း ခဏခဏ သောက်ရတာပေါ့ နောက်ဆုံး မသောက်နိုင်တော့ရင် မှောက်သွားလိမ့်မယ် အဲ့ကျမှ System Failure ဆိုပြီး ဆရာဝန်တွေကို တန်ဖိုးထားတဲ့ စနစ်တစ်ခု ပေါ်လာမှာ အဲ့အချိန် ကျရင်တော့ ကိုယ်လည်း အသက်၆၀ကျော် ပင်စင်စားဘဝတော့ ရောက်နေလောက်ပါပြီလေ
Derick Min Htet Naing