မတတ်နိုင်တဲ့သူတွေကို အခမဲ့ကုသပေးနေတဲ့ မြင့်မြတ်ဖြူစင် ပရဟိတ အထူးကုဆေးခန်း

အလ္လာဟ်ပေးထားတဲ့ နေ့အ်မသ်တွေ ကြောင့် အခုချိန်ထိ ဘယ် ပရဟိတ ဆေးခန်းမှာ မှ မပြခဲ့ဖူးပါဘူး။ ကိုယ်လည်း မပြဖြစ်သလို ကိုယ့်မိသားစု ဝင်တွေထဲမှာလည်း ပြတဲ့သူ မရှိခဲ့ဘူး… အဲ့လိုနေရင်းနဲ့မှ မောင့်ရဲ့ပါပါး ကို (မြင့်မြတ်ဖြူစင် ပရဟိတ ဆေးခန်း) မှာ ပထမဦးဆုံး အကြိမ် သွားပြဖြစ်ဖို့ အကြောင်းဖန်လာပါတယ်။

ရန်ကုန်မြို့ မှာ ဆေးရုံဆေးခန်းတွေ အများကြီး ရှိတဲ့အထဲကမှ မြင့်မြတ်ဖြူစင် ကို ရွေးချယ်ပြဖြစ်တဲ့ အကြောင်းအရင်းကတော့ “ကိုယ့်ရဲ့ အစ္စလာမ်ဘာသာဝင်တွေ ဖွဲ့စည်းပြီး ဖွင့်လှစ်ထားတဲ့ ဆေးခန်းမှာပဲ သူ့ရောဂါ ကို ပြသချင်ပါတယ်၊ သူ့ရဲ့ငွေကို အကုန်ခံချင်ပါတယ်” ဆိုတဲ့ ပါပါး ရဲ့ စိတ်ဆန္ဒ တစ်ခုကြောင့်ပါ။

ပါပါး ရဲ့ ဆန္ဒ ဆိုပေမယ့် ပရဟိတ ဆေးခန်းတစ်ခုဖြစ်လို့ ကိုယ်ကတော့ သိပ်ပြီး ဘဝင်မကျလှပါဘူး… လူအများကြီးတန်းစီနေရမှာလား…? အကြာကြီးစောင့်နေရမှာလား….? ဆရာဝန်တွေ ကော စုံရဲ့လား….? သေချာရောကြည့်ပေးပါ့မလား….? System တွေက ဘယ်လိုရှိမလဲ….? စသဖြင့် အတွေးပေါင်းစုံ တွေးနေရင်းနဲ့ သားအဖနှစ်ယောက် မြင့်မြတ်ဖြူစင် ရှေ့ကို ရောက်သွားပါတော့တယ်။

ဆေးခန်းရှေ့ကို ရောက်တာနဲ့ စမြင်လိုက်ရတာက ဘာလဲဆိုတော့… အဲ့ဒီ မြင့်မြတ်ဖြူစင် ဆေးခန်းအရှေ့မှာပဲ မျက်နှာချင်းဆိုင် ထိုင်ပြီး အခမဲ့ပြဖို့ တန်းစီစောင့်ဆိုင်းနေကြတဲ့ မိဘပြည်သူတွေပါ။ အပြင်မှာထိုင်နေကြတယ်ဆိုပေမယ့် သေချာဂရုတစိုက်နဲ့ အမိုးလေးတွေ မိုးပေးထားတာကို ကြည့်ပြီး တစ်ချက်တော့ ပြုံးမိ သွားပါတယ်။

တန်းစီထိုင်နေတဲ့ သူတွေ ရဲ့ဘေးမှာ စားပွဲခုံ တစ်လုံးနဲ့ မွစ်လင်မ်လူငယ်လေးတစ်စု ထိုင်နေတာကိုတွေ့တော့ ကိုယ်လည်း အဲ့ဒီလူငယ်တွေဆီ တန်းသွားလိုက်တယ်… “မောင်လေး … အမတို့ ဆေးခန်း ပြချင်လို့ပါ” လို့ ပြောလိုက်တယ်။

အဲ့ထဲက လူငယ်လေးတစ်ယောက် က “ဟုတ်ကဲ့…. ပြလို့ရတဲ့ ပုံစံ ၃မျိုး ရှိပါတယ် – ပထမတစ်မျိုးက Payment အပြည့်ပေးပြီး ပြတာ – ဒုတိယတစ်မျိုး က Discount Payment နဲ့ ပြတာ (Discount Payment ဆိုတာ ဆေးထိုးတာနဲ့ဆေးဝါးတွေမှာ 20% discount ပေးထားတာဖြစ်ပြီး၊ ဆီးစစ်သွေးစစ်နဲ့တစ်ခြားစစ်ဆေးရတဲ့ နေရာတွေမှာတော့ 10% discount ပေးထားတာဖြစ်ပါတယ်) – တတိယတစ်မျိုး က Free Payment နဲ့ ပြတာပါ အမတို့ က ဘယ်အမျိုးအစား နဲ့ ပြချင်တာပါလဲ” ဆိုပြီး ရည်ရည်မွန်မွန်လေး မေးလာတယ်။

ကိုယ်လည်း သူပြောတာကို သေချာနားထောင်ပြီး ” Discount Payment နဲ့ ပြပါမယ် မောင်လေး” လို့ ပြန်ဖြေလိုက်တယ်။ အဲ့ဒါနဲ့ ဆက်ပြီး သားအဖနှစ်ယောက် ဆေးခန်းထဲ ကို ဝင်သွားလိုက်ပါတယ်… ဝင်ဝင်ချင်းမှာပဲ(စုံစမ်းရန်)ဆိုတဲ့ ကောင်တာ ကို အရင်ရောက်ပါတယ်။ ရောက်တာနဲ့ ဟိန္ဒူဘာသာဝင် မိန်းကလေးတစ်ဦး က သူအလုပ်လုပ်နေတဲ့ ကွန်ပျုတာ ကို ရပ်လိုက်ပြီး ပါပါး နဲ့ ပတ်သက်တဲ့ ကိုယ်ရေးအချက်အလက် တွေ ကို လာမေးပါတယ်… မေးပြီးတော့ အဲ့နေရာမှာ ပဲ သူမရဲ့ Smart ဖုန်းလေးနဲ့ ပါပါး ကို ဓာတ်ပုံရိုက်ယူလိုက်တယ်။

“ခဏစောင့်ပေးပါနော် ကဒ်ထုတ်ပေးမယ်ဆိုပြီး ” မူလ သူထိုင်နေတဲ့ ကွန်ပျုတာ ခုံမှာ ပြန်ထိုင်လိုက်တယ်။ အဲ့တော့မှ ကိုယ်လည်း ဘေးဘီဝဲယာ ကို သတိထား ကြည့်လိုက်မိတယ်။ အစ္စလာမ်အဖွဲ့အစည်း တစ်ခုရဲ့ ပရဟိတ ဆေးခန်းတစ်ခုမှာ အခုလိုမျိုး ဟိန္ဒူဘာသာဝင် ကော ၊ ဗုဒ္ဓဘာသာဝင် တွေကိုပါ တစ်နေရာတည်း မှာ ပေါင်းစည်းပြီး မြင်လိုက်ရတော့ တော်တော့်ကို အံ့အော်ပြီး ချီးကျုးမိသွားပါတယ်။

အစ္စလာမ် ဘာသာဝင် ဝန်ထမ်းတွေဆိုတာလည်း အားလုံး ဟီဂျဗ်(ပုဝါ)အဖြူလေး တွေနဲ့ ပါ… ဘာသာပေါင်းစုံက ဝန်ထမ်းတွေ ဟာ အကုန် ငယ်ငယ်ရွယ်ရွယ်လေးတွေ ဖြစ်တဲ့အပြင် လုပ်ငန်းကျွမ်းကျင်မှု ကိုပဲ အဓိက ထားပြီး ရွေးချယ်ခန့်ထားပုံရပါတယ်။ ကိုယ်လေ့လာ အကဲခတ်နေတုန်း အခုန က ဟိန္ဒူဘာသာဝင် မိန်းကလေးက လိုင်စင်ကဒ် လိုဆိုဒ်မျိုးနဲ့ Smart Card တစ်ကဒ်ယူပြီး ပါပါး ကို လာပေးတယ်…. ” ဦးလေး ဟိုဘက်ကောင်တာ မှာ ဒီကဒ်လေး ပြပြီး ပိုက်ဆံ သွင်းလိုက်ပါနော်” တဲ့။

အဲ့ဒါနဲ့ ဟိုဘက်ကောင်တာ ရောက်သွားတော့ မွစ်လင်မ် ဝန်ထမ်းကောင်မလေး တွေ ဟီဂျဗ်(ပုဝါ)အဖြူလေးတွေ ဆောင်းထားပြီး ကွန်ပြူတာ တစ်လုံးစီ နဲ့ အလုပ်လုပ်နေကြတာကို တွေ့လိုက်ရတယ်။ အရည်အချင်း ကို ဦးစားပေး ခန့်ထားလို့ သွက်လက် ချက်ချာသလားတော့ မမေးနဲ့။ ပါပါး ရဲ့ Smart Card ကို ပြပြီး အရင်ဆုံး ၁၅,၀၀၀ သွင်းရပါတယ် (လိုရင် ဆေးခန်းပြပြီး ထပ်ပေးရမှာ ဖြစ်သလို ၊ ပိုရင် ကဒ်ထဲက ပြန်ထုတ်ပေးမှာပါ)

ကဒ်ထဲကို ပိုက်ဆံထည့်ပြီး ပြီဆိုတော့ ထို ကောင်တာက မွစ်လင်မ် ဝန်ထမ်းမလေးတွေက သူတို့ရဲ့ ဘယ်ဖက်မှာ ရှိတဲ့ တတိယမြောက်ကောင်တာတစ်ခု ကို သွားဖို့ ညွှန်လိုက်ပါတယ်…. အဲ့ကောင်တာမှာ သွေးပေါင်ချိန် ဖို့အတွက်ပါ… အခု ပါပါး ကို တတိယမြောက်ကောင်တာမှာ သွေးပေါင်ချိန် ပေးဖို့ ရောက်လာတော့ နောက်ဆုံးပေါ် အဆင့်​မြင့် Digital သွေးပေါင်ချိန်စက်ကြီး ကို မြင်ပြီး မျက်လုံးပြူးသွားရပြန်တယ်… ဒါမျိုးစက်ကြီး အာရှတော်ဝင် လို ဆေးရုံကြီးမှာတောင် အခုထိ မတွေ့ဖူးသေးပါဘူး… အခု မောင်တို့ရောက်နေတာ မြင့်မြတ်ဖြူစင် ရဲ့ မြေညီထပ် မှာပဲ ရှိပါသေးတယ်နော်။

မြေညီထပ် မှာ မြင်ရတွေ့ရသမျှကတော့ ထင်မှတ်မထားလောက်အောင် ကို ကျေနပ်အားရစရာ ကောင်းပါတယ်။ အခု သွေးပေါင်လည်း ချိန်ပြီးသွားပြီ ပါပါး ရဲ့ မှတ်တမ်းတွေထည့်ထားတဲ့ Smart Card လည်း ရပြီဆိုတော့ ဆရာဝန်ကြီးတွေ ရှိတဲ့ အပေါ်ထပ်မှာ သွားပြရတော့မှာပါ။ ပထမထပ်ကို သွားဖို့ ရိုးရိုးလှေကား လည်း ရှိသလို အဆင့်မြင့် နောက်ဆုံးပေါ် ဓာတ်လှေခါး လည်း ရှိပါတယ်… ကိုယ်တွေ သားအဖ ကတော့ ဓာတ်လှေခါး စီးပြီး ပထမထပ် ကို တက်လာခဲ့ပါတယ်။

ကိုယ့်ရှေ့မှာ လူအယောက် (၂၀)လောက် တန်းစီပြီး စောင့်နေတာ ကို တွေ့လိုက်တော့ ဘေးနားက လူတွေကို မေးကြည့်တာပေါ့နော်… ” Free ပြမယ့်သူတွေလား ” ပေါ့ ဘယ်ဟုတ်ပါ့မလဲ… ” ကိုယ့်လိုပဲ Discount နဲ့ပြမယ့်သူတွေ ” တဲ့ ” အိုဟယ်…Discount နဲ့ပြတာတောင် အဲ့လောက်လူများတယ် ဆိုပြီး ” အဲ့မှာ တစ်ခါ မျက်လုံးပြူးရ ပြန်ပါတယ်။

ဒါပေမယ့် ဒီလိုစောင့်ရတဲ့ ပြဿနာ က ဆေးရုံ၊ဆေးခန်းတိုင်း လိုလိုမှာ ကိုယ်တွေ အမြဲကြုံတွေ့နေရတဲ့ အရာ တစ်ခုဆိုတော့ စောင့်နေရတာ ကိစ္စ မရှိပါဘူး… အပြင်ဆေးခန်းတွေ ပြတဲ့အခါမှာလည်း သမားတော်မလာသေးလို့ စောင့်ရတာနဲ့ ၊ လူနာ အယောက် ၃၀ ကို စောင့်ရတာနဲ့ ကိုယ်တွေက နေသားကျနေပါပြီ… အဲ့လိုစောင့်နေရင်းနဲ့ ပါပါး အလှည့်ရောက်လာပါတယ်။

ဆရာဝန်အခန်းထဲ ဝင်သွားလိုက်တဲ့အခါ မှာတော့ ဗလီဦးထုပ် ဆောင်းထားပြီး အသက်ခပ်လတ်လတ် နဲ့ ဆရာဝန် တစ်ယောက် ပါပါး ကို စလာမ်ပေး နှုတ်ဆက်ရင်း ကြိုဆိုလိုက်ပါတယ်… အဲ့မှာတင် လူကတော်တော့်ကို စိတ်ချမ်းသာသွားပါပြီ။ နောက်တစ်ခု အံ့အားသင့်စရာ ဘာတွေ့လဲဆိုတော့ မောင်တို့ အပြင်ဆေးခန်းမှာ တွေ့နေကျ ဆရာဝန်တွေဟာ စားပွဲပေါ်မှာ စာအုပ်နဲ့ဘောပင်ပဲ ကိုင်ထားကြတာ… မြင့်မြတ်ဖြူစင် မှာ တွေ့ခဲ့ရတဲ့ ဆရာဝန်တွေဟာ အားလုံး ကွန်ပျုတာ ကိုယ်စီနဲ့ပါ နော်။

ဆရာဝန်အရှေ့မှာ ထိုင်လိုက်တာနဲ့ ပါပါး ရဲ့ ကိုယ်ရေးအချက်အလက် ကို ဆရာဝန် က ထပ်မမေးတော့ဘူး… အကုန်လုံး သူ့ကွန်ပျုတာထဲမှာ ရောက်နှင့်နေပြီးသား… အပါ ဘာဖြစ်လဲ၊ဘယ်လိုခံစားရလဲ သေချာမေးတယ်… သေချာစမ်းသပ်တယ်…. ပြီးတော့ ” ဒါတွေဒါတွေ လုပ်ရမယ်…. အခု တစ်ခါတည်း လုပ်သွားနိုင်လား ” မေးတယ်… ပါပါး က ” တစ်ခါတည်း လုပ်သွားနိုင်ပါတယ် ” ဆရာလို့ ပြန်ဖြေလိုက်တော့ ချက်ချင်းပဲ ကွန်ပျုတာ မှာ ရိုက်လိုက်တယ်။

အရည်အချင်း ရှိတဲ့ဆရာဝန်တွေဆိုတာ ယုံမှားသံသယ မရှိလောက်အောင် ကို သွက်လက် မြန်ဆန်လွန်းပါတယ်… ကွန်ပျုတာ ကိုင်တာက အစ စမ်းသပ်တာအထိ လူနာနဲ့ စကားပြောပုံဆိုပုံ အားလုံးဟာ မြန်မာနိုင်ငံက ဆေးရုံဆေးခန်းတွေ မှာ ကိုယ်မမြင်ဖူးခဲ့တဲ့ အသစ်အဆန်းတွေချည်းပါဘဲ… ဒါနဲ့ ဆက်ပြီးတော့ ဆရာဝန်ညွှန်ကြားလိုက်တာတွေ လုပ်ဖို့ အောက်ထပ် ကို ဓာတ်လှေခါး နဲ့ ဆင်းလာခဲ့တယ်။

အောက်မှာ အသင့်စောင့်နေတဲ့ ဟီဂျဗ်နဲ့ဝန်ထမ်းမလေးတွေကို ကိုယ်ဘာလုပ်မယ်ဆိုတာ ဘာမှထပ်ပြောစရာမလိုဘူးနော်… အပေါ်က ဆရာဝန်ညွှန်ကြားလိုက်တဲ့ အရာတွေက အောက်မှာရှိတဲ့ သူတို့ ကွန်ပြူတာ တွေထဲမှာ ရောက်နှင့်နေပြီးသား ပါပါး ဘာမှထပ်ပြောစရာမလိုဘူး… သူတို့လည်း ဘာမှထပ်မမေးဘူး…. သူတို့လုပ်စရာ ရှိတာကို တစ်ခုပြီး တစ်ခု လုပ်သွားလိုက်တယ်။

ပြီးတော့ သွေးစစ်ဖို့ အတွက် သွေးစစ်မယ့် အခန်းတစ်ခန်း ထဲကို ခေါ်သွားတယ်… သွေးစစ်ပေးတဲ့ ဆရာဝန်မလေးတွေဆိုတာလည်း ဘာကျွမ်းသလဲမမေးနဲ့… တစ်ချက်ပဲ ဖောက်လိုက်တာနဲ့ တန်းရသွားတယ်။ ဒါတောင် ပါပါး က ဝတယ်နော်… အပြင်ဆေးခန်းတွေမှာဆို တစ်ခါတည်းနဲ့မရလို့ ၊ အကြောရှာမရလို့ ၊ ဝနေလို့ နဲ့ ၂ခါ၃ခါ ဖောက်ယူရတဲ့ နားစ်တွေ မြင်ဖူးတယ်… မြင့်မြတ်ဖြူစင် က ဆရာမလေးတွေကတော့ ကျွမ်းကျင်ပိုင်နိုင်လွန်းလို့ တစ်ချက်ပဲ အဖောက်ခံလိုက်ရတယ်။

ကဲအခု … ဆရာဝန်ညွှန်ကြားတဲ့အတိုင်း စစ်စရာ ရှိတာတွေ စစ်ပြီးပြိီ ဆိုတော့ ဆရာဝန်အခန်းထဲကို ပြန်ဝင်သွားပါတယ်… အပါ့ ကို မှာစရာ ရှိတာတွေ မှာကြားတယ်… ဆောင်ရန်ရှောင်ရန်တွေ ပြောလိုက်တယ်… ဆေးလည်း တစ်လစာ ပေးလိုက်တယ်…. သွေးတွေ စစ်တာကော ၊ တစ်ခြားဟာတွေ စစ်တာကော ၊ စမ်းသပ်ခကော ၊ ဆေးဖိုးကော အားလုံး အပြီးအစီး ကိုမှ ၅သောင်း ဘဲ ကုန်ကျလိုက်ပါတယ်… အပြင်ဆေးခန်းမှာ ပါပါးလို နှလုံးသွေးကြောကျဥ်း လက္ခဏာမျိုးကို သွားပြမယ်ဆိုရင် တစ်ခါပြရုံ နဲ့ တင် ၃သိန်း လောက်ကတော့ အသာလေး လာထား ပဲ။

အဓိက ပြောချင်တာ က ငွေကြေးသက်သာ တာ တစ်ခုတည်း ကို ပြောချင်တာ မဟုတ်ပါဘူး…. ဒီလို ဘာသာပေါင်းစုံကို အလုပ်ပေးထားတဲ့ အစ္စလာမ်အဖွဲ့အစည်း တစ်ခု ရှိတယ်ဆိုတာကို သိစေချင်လို့… တစ်ချို့နေရာတွေမှာ အစ္စလာမ်မို့လို့ မခေါ်ဘူး ဆိုတဲ့ လုပ်ငန်းရှင်တွေ အများကြီးတွေ့ဖူးကြမှာပါ… ဒီမြင့်မြတ်ဖြူစင် ဆေးခန်းမှာတော့ လူမျိုးရေးခွဲခြားမှုမရှိပဲ ဘာသာပေါင်းစုံကို အလုပ်ပေးထားတဲ့အပြင် ဘာသာပေါင်းစုံကိုလည်း အခမဲ့ ကုသပေးနေတာပါ။

နောက်ပြီး ခေတ်မှီ စက်ကရိယာ တွေ ၊ အရည်အချင်း ကို ဦးစားပေး ခန့်ထားတဲ့ ဝန်ထမ်းနဲ့ဆရာဝန်တွေ ၊ ဘယ်နေရာမှာမှ စာအုပ်ကြီးတစ်ကိုင်ကိုင် နဲ့ ပြစရာ မလိုအောင် စီစဉ် ပေးထားတဲ့ Smart Card နဲ့ Computer System တွေ ၊ နွေးထွေးပျုငှာ တဲ့ ဝန်ဆောင်မှုတွေ ကိုပါ ရတဲ့အပြင် Free လည်းကုပေးတယ် … Discount နဲ့လည်း ကုပေးတယ် ဆိုတော့ ဘယ်လောက် ဝမ်းသာအားရဖို့ ကောင်းလိုက်လဲဆိုတာ။

ဒါကြောင့်မို့လို့ ဒီ (မြင့်မြတ်ဖြူစင် ပရဟိတဆေးခန်း) နဲ့ ပတ်သက်ပြီး မသိရှိကြသေးတဲ့ ဘာသာ​ပေါင်းစုံ က အများပြည်သူများကို Sharing လုပ်ပေးချင်တဲ့စိတ်နဲ့ အခုလို ရေးသားတင်ပြလိုက်ရခြင်း ဖြစ်ပါတယ်… မောင်တို့သားအဖ နှစ်ယောက် ဆေးခန်းထဲက ပြန်ထွက်ခါနီး ဆေးခန်းအဝင်ဝ မှာ Donations အတွက်ချထားတဲ့ မီးခံသေတ္တာကြီးထဲ သို့ ထိုက်တန်တဲ့ အလှူငွေ တစ်ခုကို အားရကျေနပ်စွာနဲ့ ထည့်ခဲ့လိုက်ပါသေးတယ်။

အစ္စလာမ်ဘာသာဝင် တစ်ယောက်အနေနဲ့ ဒီလို အဖွဲ့အစည်းမျိုးကို မှ မလှူရင် နောက် ဘယ်အဖွဲ့အစည်းမျိုးကို လှူရမှာလဲရှင်။ အချိန်ပေးပြီး စာအဆုံးအထိ ဖတ်ပေးခဲ့ကြတဲ့ မိတ်ဆွေများကို ကျေးဇူးအများကြီးတင်ပါတယ်ရှင် (ShoonWatiMg) (တနင်္လာနေ့ကနေ စနေ့အထိ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ဖွင့်လှစ်တယ်လို့ သိရပါတယ်)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page