စကစ ကျောင်းဆရာမတွေ တစ်တော့ကို အရူးအမူး ကြိုက်ရတဲ့ အချက် (၈) ချက်

လက်ရှိ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ပြီး လူပြောများနေတာကတော့ စကစ ဖွင့်တဲ့ကျောင်းက ဆရာမတွေရဲ့ တစ်တော့ ဆော့နေပုံ ဗီဒီယိုဖိုင်တွေပဲ ဖြစ်ပါတယ်။

အသက်ငယ်ရွယ်တဲ့ ဆရာမတွေသာမက အသက်ကြီးရင့်တဲ့ ဆရာမကြီးတွေပါ ကျောင်းစိမ်း ယူနီဖောင်း အပြည့်အစုံနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ဆော့နေကြတာကို တစ်တော့မှာ မမြင်ချင်မှ အဆုံး မြင်တွေ့နေရပါတယ်။ အဲဒါကြောင့် စကစ ဆရာမတွေရဲ့ တစ်တော့ကို အရူးအမူး ကြိုက်နေရတဲ့ အကြောင်းရင်းတွေကို ဖော်ပြ ပေးလိုက်ပါတယ်-

(၁) ငယ်စဉ်ကတည်းက ပါလာတဲ့ သူငယ်နာ မစင်သေးဘဲ ဆိုင်းသံ၊ တီးလုံးသံ ကြားရင် ကချင်တတ်သော စိတ်အခံ ရှိခြင်းကြောင့် ကြိုက်နှစ်သက်ရခြင်း၊ (၂) ဈေးဗန်းခင်းလိုသူများ အနေနဲ့ အပြင်မှာ ဒဲ့ဈေးဗန်းခင်းရင် ဆရာမ သိက္ခာ ထိခိုက်မှာ စိုးရိမ်သောကြောင့် တစ်တော့ပေါ်မှာ ကမ္ဘာသိ ဈေးဗန်းခင်းလို့ ရခြင်းကြောင့် ကြိုက်နှစ်သက်ရခြင်း၊

(၃) ယခင်ကလို စာကို ဖိဖိစီစီး သင်စရာ မလိုဘဲ ကျောင်းကို အတက်ပြရုံသာ တက်ရခြင်းကြောင့် အချိန်များ ပိုနေကာ ပေါက်ကရ လုပ်လို့ ရခြင်းကြောင့် ကြိုက်နှစ်သက်ရခြင်း၊ (၄) မိုင်တဲ ဘေများ အလကား နီးပါး ရရှိနေသောကြောင့် မိမိရဲ့ ကုန်းကွစွေစောင်း ထော်လံစပ်ဖြဲ အစရှိတဲ့ မျက်နှာ အမူအယာမျိုးစုံကို လွတ်လွတ်လပ်လပ် ပြခွင့်ရခြင်းကြောင့် ကြိုက်နှစ်သက်ရခြင်း၊

(၅) ကွန်းမန့်တွေကနေ ပေါက်ကရ လုပ်ခိုင်းတာကို အဟုတ်မှတ်ပြီး လုပ်ပြလို့ အသည်းတွေ ခပ်များများ ရရင် မိမိကိုယ်ကို ဆယ်လီ ဖြစ်ပြီလို့ ထင်သောကြောင့် ကြိုက်နှစ်သက်ရခြင်း၊ (၆) ကိုယ့်ဘာသာ ကင်မရာဖွင့်ပြီး အဖက်ထည့် ရိုက်လို့ ရသော်လည်း တီးလုံးနဲ့မှ ဒွန့်ပြပြီး အဖက်တွေ အသားကုန်ထည့်လို့ ရသောကြောင့် ကြည့်ပျော် ရှုပျော် ဖြစ်သွားခြင်းကို ကြိုက်နှစ်သက်ရခြင်း၊

(၇) “အပျိုဖြန်းလေး ကျွန်မ စိတ်ကူးယဉ် နဖူးပေါ် လက်လေးတင်” ဆိုတဲ့ စာသားကို အသက် ၃၀ ကျော်သူများ အပီအပြင် ဟတ်ထိကာ ကြိုက်နှစ်သက်ရခြင်း၊ (၈) တစ်တော့ပေါ် ရောက်သွားစဉ်မှာ မိမိကိုယ်ကို ဆရာမဆိုတာ မေ့သွားပြီး မင်းသမီးလို့ ထင်မှတ်ကာ ဘဝင်လေဟပ်သွားသောကြောင့် ကြိုက်နှစ်သက်ရခြင်း။

အထက်ပါ အချက်တွေကတော့ စာရေးသူ ဉာဏ်မီသလောက် ချရေးထားတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ အဓိက အကြောင်းရင်းကတော့ ဆရာမ ဖြစ်ပြီး စာသင်ချင်စိတ် မရှိဘဲ တစ်တော့ကို အရူးအမူး ဖြစ်နေကြတာဟာ ကလေးတွေ ရှေ့ရေးအတွက် အလွန် ရင်လေးစရာ ကောင်းပါတယ်။ စာဖတ်သူတွေ အနေနဲ့ နောက်ထပ် အချက်တွေ စဉ်းစားမိရင်လည်း ထပ်မံ ဖြည့်စွက်ပေးကြပါလို့ မေတ္တာ ရပ်ခံလိုက်ပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page