ပိဋကတ်သုံးပုံထဲ မပါတဲ့ ရှင်ဥပဂုတ်နဲ့ သဒ္ဓါတရားကို လူလည်လုပ်ခြင်း အကြောင်း

ရှင်ဥပဂုတ် (ရေးသားသူ – Uvi Mala)၊ ရှင်ဥပဂုတ်ဟာ ပိဋကတ်သုံးပုံမှာ မပါဘူး။ မြန်မာပြည်အောက်ပိုင်းမှာ ကိုးကွယ်ကြတယ်။ တောင်သမုဒ္ဒရာမှာ ကြေးပြသာဒ်နဲ့ စံနေတော်မူတုန်းလို့ ယုံကြည်ကြတယ်။ “တကယ်ရှိတယ်” “တကယ်မရှိဘူး”ဆိုပြီး အယုံအကြည်, အယူအဆ နှစ်မျိုးကွဲနေတယ်။

ဒီနှစ်ဦးထဲမှာ မပါဘဲ “ရှိသည်ဖြစ်စေ, မရှိသည်ဖြစ်စေ, ကြည်ညိုရင် ကိုယ့်ကုသိုလ်စိတ်ကြောင့် ကောင်းကျိုးရနိုင်တယ်”ဆိုတဲ့ လူတွေကလည်း တစ်ဂိုဏ်းသက်သက် ရှိပြန်တယ်။ ဒီဂိုဏ်းအကြောင်းကို ဒီနေ့ ပြောချင်တယ်။

ဒါက စာပေနယ်မှာဆိုရင်- ဓမ္မာစရိယ ဦးဌေးလှိုင်လို ပုဂ္ဂိုလ်မျိုးတွေရဲ့ အယူအဆလည်း ဟုတ်သပေါ့။ “ရှင်ဥပဂုတ် တကယ်ရှိခဲ့သည်ဖြစ်စေ, တကယ်မရှိခဲ့သည်ဖြစ်စေ, ကြည်ညိုရင် ကုသိုလ်ရမယ်” ဒီအယူအဆကို “လူလည်”လုပ်သလို ခံစားရပါတယ်။ ဒါကျတော့ သမိုင်းသက် မျိုးနွယ် ရှည်လျားတဲ့ “မုသား”ပြစ်မှုမျိုးနဲ့ ပတ်သက်နေတယ်။

ဥပမာတစ်ခုပြော။ ဦးဝိမလက “ရှင်ဥပဂတ်”ဆိုတဲ့ ပုဂ္ဂိုလ်တစ်ပါးအကြောင်းကို စာအုပ်ထဲမှာ ထည့်ရေးလိုက်တယ်။ ဦးသုမန-ဆိုတဲ့တစ်ပါးကို ယုံကြည်အောင် ပြောလိုက်တယ်။ (ရှင်ဥပဂုတ် မဟုတ်ဘူးနော်၊ ရှင်ဥပဂတ်) ဦးဝိမလက မုသားမှန်းသိတယ်။ “ရှင်ဥပဂတ်” တကယ်မရှိမှန်းလည်း သိတယ်။ သိသိကြီးနဲ့ မုသားပြောခဲ့တာ။

ဒါပေမယ့် ဦးသုမနကျတော့ ရိုးရိုးသားသား ဖြူဖြူစင်စင် ယုံကြည်တာ။ ရှင်ဥပဂတ်ကိုလည်း နေ့စဉ် ရှိခိုးတယ်, ပန်း, ရေချမ်း ဆီမီးတွေနဲ့လည်း ပူဇော်တယ်။ ဒကာ, ဒကာမတွေကိုလည်း ရှိခိုးဖို့, ပူဇော်ဖို့ ညွှန်ကြားတယ်။ ရှင်ဥပဂတ် ပူဇော်ပွဲတွေကိုလည်း တကယ်လုပ်တယ်။ ဇာတ်တွေ, အငြိမ့်တွေ ငှါးပြီး ခြိမ့်ခြိမ့်သဲ ပွဲကြီးတွေ ကျင်းပတယ်။ ဆိုရင်… ဦးဝိမလ ပြောခဲ့တဲ့ မုသားဟာ ဦးသုမနရဲ့ နှုတ်ဖျားမှာ သစ္စာဖြစ်သွားသလား?

ဦးဝိမလ ဖန်တီးခဲ့တဲ့ မုသားတစ်ခုဟာ ဦးသုမနရဲ့ အနွယ်အစဉ်တွေလက်ထက် အဆက်ဆက်မှာ သစ္စာဖြစ်သွားခဲ့တယ်ဆိုရင် “သဒ္ဓါတရား”ဟာ ဘယ်လောက် အဖိုးတန်ပါသလဲ? ရှင်ဥပဂတ်ကို ကိုးကွယ်ရင် စောင့်ရှောက်တယ်။ မီးမလောင်ဘူး-လို့ ယုံကြည်တယ်ဆိုပါစို့။

ရပ်ကွက်ကို တကယ်မီးလောင်သွားတယ်။ ရပ်ကွက်မှာ အိမ်ပေါင်း (၁၀၀) ရှိပြီး (၈၅) အိမ်က ရှင်ဥပဂတ်ကို မျှော်လင့်နေကြတယ်။ (၁၅) အိမ်ကပဲ မီးငြိမ်းဖို့ ကြိုးစားကြတယ်ဆိုရင်- လူတွေကို ရှင်ဥပဂတ်ကို မျှော်လင့်ဖို့ မုသားပြောခဲ့တဲ့ – ဦးဝိမလမှာ တာဝန်ရှိသလား? – သစ္စာထင်ပြီး ထပ်ဆင့် မျှဝေခဲ့တဲ့ ဦးသုမနမှာ တာဝန်ရှိသလား? ဦးသုမနဟာ မုသားနဲ့ သစ္စာကို ခွဲခြားနိုင်စွမ်း မရှိတဲ့အတွက် မုသားကို သစ္စာလို့ ထင်မြင်နေတဲ့ “သဒ္ဓါတရား” ဖြစ်ထွန်းနေတယ်။ ဒီသဒ္ဓါတရားကို “ချီးကျူး”ပေးသင့်သလား? ဦးဝိမလထံမှ မုသားကို ကြားလိုက်ရတဲ့အခါ ဦးသုမနမှာ ဘာတာဝန်တွေ ရှိသလဲ?

ပညာရဲ့ အနှစ်သာရဆိုတာ မုသားနဲ့ သစ္စာကို ခွဲခြား၍ သိနိုင်စွမ်းကိုလည်း ခေါ်ပါလိမ့်မယ်။ မုသားတွေနောက်ကို ကောက်ကောက်ပါအောင် လိုက်နေရင်- သူ့ရှေ့မှာ ပန်းတိုင်စစ် ရှိတယ်လို့ ယူဆနိုင်ပါသလား? ပန်းတိုင်မှားတွေနောက်ကို တွန်းပို့နေတဲ့ ဆရာသခင်ဟာ ကျေးဇူးရှင်စစ် ဖြစ်သင့်ပါသလား?

“ရှင်ဥပဂုတ် တကယ်ရှိခဲ့ရင် ဘယ့်နှယ်လုပ်မလဲ၊ ဝေဘန်ခြင်းကြောင့် ငရဲမကြီးပေဘူးလား”လို့ မေး။ “ဒါဆိုရင် ရှင်ဥပဂတ် (ရှင်ဥပဂုတ် မဟုတ်) ကိုလည်း ကိုးကွယ်မှာလား”လို့ ပြန်မေးရပါလိမ့်မယ်။ ရှင်ဥပဂတ်ကို ကြည်ညိုတဲ့ သဒ္ဓါတရား။ ရှင်ဥပဂတ် တကယ်မရှိရင်တောင်မှ ကုသိုလ်စိတ်ကလေး ဖြစ်ထွန်းတဲ့အတွက် ကောင်းကျိုးတရားတွေ ဖြစ်ထွန်းပြီး နတ်ပြည်ကို တက်, ဘုံစဉ်စံ အဆင့်ဆင့် မြင့်ပြီး နိဗ္ဗာန်, မဂ်, ဖိုလ်ကို ဝဋ်ဘဝတိုတိုနဲ့ ရောက်ရနိုင်တယ်လို့ ယုံကြည်တဲ့ သဒ္ဓါတရား။ ဒီသဒ္ဓါတရားကို ချီးကျူးတဲ့သူတွေကို “လူလည်လုပ်တယ်”လို့ ခံစားရပါတယ်။ ယုံကြည်သူတွေရဲ့ အလှူငွေတွေကို အလွဲသုံးစား လုပ်ချင်တဲ့ ရည်ရွယ်ချက် ပါနိုင်တယ်။

အလှူခံပုဂ္ဂိုလ်ကို လယ်ယာမြေနဲ့ နှိုင်းယှဉ်ပြီး ဒါနဝတ္ထုကို မျိုးစေ့နဲ့ နှိုင်းယှဉ်ကြတယ်။ အလှူခံပုဂ္ဂိုလ်က အစစ်အမှန် မဟုတ်ဘူး, စိတ်ကူးယဉ်ထားတဲ့ ပုဂ္ဂိုလ်ထူးတစ်ဦးမျှသာ ဆိုရင်- လယ်ယာမြေဟာလည်း တကယ်မရှိဘူးလို့ပဲ ဆိုလိုလိမ့်မယ်။ လေထဲမှာ တိုက်ဆောက်သလိုမျိုး, မြေမရှိဘဲ လေထဲမှာ ပျိုးကြဲလို့ ရပါသလား?

မုသား။ ပထမဆုံး လူလိမ်တစ်ဦးက ပြောခဲ့တဲ့ မုသားဟာ ယုံကြည်ထိုက်သူတစ်ဦးရဲ့ နှုတ်ဖျားကို ရောက်သွားရုံနဲ့ သစ္စာ ဖြစ်မသွားပါ။ သစ္စာလို့ ယုံကြည်ကြတဲ့ မုသားကို “မုသားပါ”လို့ ပြောဆိုခြင်းဟာလည်း ငရဲမကြီးနိုင်ပါ။ သို့သော်လည်း ဝေဘန်တဲ့အခါ ခံစားချက်နည်းတဲ့ “အကဲဒမစ်”လေတော့ ဖြစ်ရမပေါ့။ မုန်းလို့, ချစ်လို့ ဝေဘန်တာမဟုတ်။ အမုန်းအချစ် မပါဘဲ မုသားမို့လို့ မုသားဖြစ်ကြောင်း ပြောတာ။ ဒါဆိုရင် အစစ်အမှန်တွေကို ဝေဘန်ထိခိုက်မိခြင်း နည်းပါလိမ့်မယ်။ ရှင်ဥပဂုတ်ဟာ ပိဋကတ်ထဲမှာ မပါပါ။ ဒါကိုတော့ ရဲရဲကြီး ပြောပါတယ်။ (Uvi Mala)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page