မြန်မာ့ခရိုနီ လက်ဟောင်းတွေရဲ့ နေဝင်ချိန်နဲ့ ထပ်မံပေါ်ပေါက်လာမယ့် ခရိုနီအသစ်များ

မြန်မာ့ခရိုနီများ ဘာတွေဆက်ဖြစ်လာမလဲနှင့် ကြီးထွားလာဖွယ်ရှိသော ခရိုနီအသစ်များ။

မြန်မာနိုင်ငံရဲ့အဓိကစီးပွါးရေးလုပ်ငန်းတွေကိုလည်ပြန်ကြည့်ရင်ငွေများများစားစားရကြတဲ့လုပ်ငန်းတွေက သစ်ထုတ်လုပ်ငန်း၊ ကျောက်စိမ်းလုပ်ငန်း၊ ကားပါ မစ်အပါအဝင်ပါမစ်အမျိုးမျိုး၊ အစိုးရကိုပစ္စည်းရောင်းတဲ့အလုပ်တွေ၊ ရေနံနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေ၊ အစိုးရစီမံကိန်းဆောက်လုပ်ရေးလုပ်ငန်းတွေ၊ အစိုးရမြေတွေ၊ ဘဏ်လုပ်ငန်းတွေပဲဖြစ်ပါတယ်။

အဲ့ဒီလုပ်ငန်းတွေ လုပ်ကိုင်သူအားလုံးဟာ လုပ်ငန်းကြီးရင်ကြီးတဲ့အလျောက် ငယ်ရင်ငယ်တဲ့အလျောက် အစိုးရနဲ့ပတ်သက်ပြီး လုပ်ကိုင်ခဲ့ကြသူတွေပါ။ အစိုးရနဲ့ ပိုရင်းနှီးသူက လုပ်ငန်းပိုကြီးလေသလား၊ လုပ်ငန်းပိုကြီးတဲ့ သူက အစိုးရနဲ့ ပိုရင်းနှီးလေသလားဆိုတာတော့ ရှင်းပြဖို့မလိုတော့တဲ့ အချက်ဖြစ်ပါတယ်။

ဒီလိုနဲ့ပဲ မြန်မာ့ခရိုနီများဟာ အာဏာရှင်စနစ်နဲ့အတူ ပေါက်ဖွားကြီးပြင်းလာခဲ့ပါတော့တယ်။ ခရိုနီအမျိုးအစားကို တခါခွဲကြည့်ရင် အာဏာရှင်မိသားစုဝင် ဆွေတော်မျိုးတော်များနဲ့ ကွက်ကျော်မြင်တတ်တဲ့ လူရည်လည် စီးပွားရေးသမားများဆိုပြီး နှစ်မျိုးပဲ ရှိပါတယ်။

ခရိုနီတွေထဲမှာ နာမည်ကြီးခရိုနီတွေ ဘယ်မျှချမ်းသာကြသလဲ၊ သူတို့မိသားစု တွေက ဘယ်သူတွေလဲဆိုတာကတော့ လူအများသိပြီး ဖြစ်ပါတယ်။ နာမည်ကြီး ခရိုနီတွေလို ချမ်းသာကြပြီး လူသိပ်မသိတဲ့ ခရိုနီများစွာလည်း ရှိနေပါသေးတယ်။

အထူးသဖြင့် ကျောက်စိမ်းလုပ်တဲ့သူတွေနဲ့ မြို့ကြီးတွေကို အခြေမခံထားသော အစိုးရစီမံကိန်းတွေ လုပ်ကြသူများ ဖြစ်ပါတယ်။ ဟိုတလောက တယ်လီနောဝယ်သွားတဲ့သူကလည်း ဒီဇယ်နဲ့ ကျောက်စိမ်းခရိုနီတစ်ဦးပါ၊ သူက တယ်နီနောဝယ်ခွင့်ရလိုက်လို့ လူပိုသိသွားတာ၊ မဝယ်ခဲ့ရင် သတိ မထားမိလောက်ဘူး။

သူဆိုရင် ယနေ့နာမည်ကြီး ခရိုနီများလိုပဲ ငွေကြေးအမြောက်အများပိုင်ဆိုင်သူ တစ်ဦးဖြစ်ပါတယ်။ ဒါတောင်သူက ကျောက်စိမ်းခရိုနီထဲမှာ ထိပ်ဆုံးပိုင်းက လူမဟုတ်သေးဘူး။ သူ့ထက်ကြီးတဲ့ ကျောက်စိမ်းခရိုနီတွေကို လူတွေ သိပ်သတိမထားမိပါဘူး။ သူတို့တွေဟာလုပ်ငန်းတွေအများကြီး၊ ငွေကြေးတွေ အများကြီးပိုင်ဆိုင်ထားကြပြီဖြစ်ပါတယ်။ တချို့ဆို ဘဏ်အသစ်တွေတောင် စထောင်နေကြပါပြီ။

နာမည်ကြီးလက်ဟောင်းခရိုနီများကတော့ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲအပြီး နိုင်ငံရေးအကူးအပြောင်းထဲကစပြီး၊ ၂၀၁၆ခုနှစ် ပြည့်သူ့အစိုးရ တက်လာပြီး နောက်ပိုင်းတွေမှာ မြန်မာ့နည်းမြန်မာ့ဟန်ဒီမိုကရေစီနဲ့ လိုက်လျောညီထွေ ဖြစ်မယ့်ဗျူဟာတွေ၊ ပြည်သူကိုဂ ရုမစိုက်လို့မရဘူးဆိုတဲ့ အသိတရားတွေနဲ့ အနည်းအများဆိုသလို လှုပ်ရှားလာကြတာကို မြင်တွေ့ကြရပါတယ်။

ခရိုနီလက်ဟောင်းများရဲ့ လုပ်ငန်းတွေကလည်း ကြီးမားလာကြပြီး ဖြစ်လို့ အရင်အာဏာရှင်ခေတ်ကလို နိုင်ငံတကာကိုလည်း ဂရုမစိုက်ဘူး၊ ပြည်သူကိုလည်း အဖက်မလုပ်ဘူးဆိုတာမျိုး လုပ်လို့မရတော့မှန်းသိသွားကြတဲ့အတွက်၊ ပြည်သူ့အစိုးရနဲ့ ပေါ်ပေါ်တင်တင်ဖြစ်ဖြစ်၊ မပေါ့်တပေါ် ဖြစ်ဖြစ် ဆက်ဆံရေး တွေလုပ်လာကြပါတယ်။ ဒီလိုနဲ့ပဲ လက်ဟောင်းနာမည်ကြီးခရိုနီများဟာ ပြည်သူ့အစိုးရနဲ့ တစ်နည်းမဟုတ်တစ်နည်း ပတ်သက်မှုတွေရှိလာကြပါတော့တယ်။

မနှစ်က အာဏာလည်းသိမ်းရော စကစ ခေါင်းဆောင်​တွေက ငါတို့ကိုအာခံပြီး အနီနဲ့သွားပေါင်းတဲ့ကောင်တွေကို ကောင်းကောင်းပညာပေးရမယ်ဆိုတဲ့ မူလတည်းကရှိနေတဲ့ မကျေနပ်စိတ်တွေနဲ့ နိုပ်ကွပ်မယ့်လူ စရွေးပါတော့တယ်။ အဲ့ဒီလို လူရွေးတော့ သူတို့ရွေးရတော်တော်ခက်ခဲ့မှာပဲ၊ ဘာလို့လဲဆိုတော့ ခရိုနီဆိုသူ တွေဟာသူတို့နဲ့လည်းဘယ်ကင်းပါ့မလဲ။

ဒါနဲ့ပဲ ပထမဆုံးမဲပေါက်သွားသူကတော့ မောင်ဝိတ်ပေါ့၊ အဲ့ဒါကြောင့် ကျွန်တော် မောင်ဝိတ်ပေးတဲ့သင်ခန်းစာဆိုတဲ့ခေါင်းစဉ်နဲ့ စာရေးတင်ခဲ့ဖူး ပါတယ်။ ကျွန်တော့်စာရေးပြီးမကြာခင်မှာ ဒုတိယမဲပေါက်သူကတော့ ဦးခင်ရွှေ ဇေကမ္ဘာ၊ တတိယမဲပေါက်သူကတော့ ဦးချစ်ခိုင် ပဲဖြစ်ပါတယ်။

ဒီဖြစ်ရပ်တွေဟာ သူတို့ဘာလုပ်တယ်မလုပ်ဖူးနဲ့မဆိုင်ဘူး၊ သဘာဝကျတယ် မကျဖူးနဲ့လည်းမဆိုင်ဘူး။ ခရိုနီတွေ အာမခံရဲအောင်လုပ်တဲ့ ပေါ်လစီနဲ့ပဲဆိုင်တယ်။ နောက်ထပ်မဲလိပ်တွေ ဘယ်အချိန်မှာ ဘယ်လိုဖွင့်ဖေါက် ကြေညာမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့။

ဟိုရက်ပိုင်းကတော့ နိုင်ငံခြားထွက်ခွင့်မပေးတဲ့ ခရိုနီစာရင်းဆိုလားပဲ ထွက်လာတာ တွေ့လိုက်ရသေးတယ်။ ကြည့်ရပုံကတော့ ခရိုနီလက်ဟောင်းတွေကို သူတို့ စိတ်မချဘူးဆိုတာ သေချာသွားပြီ။ အဲသလို စိတ်မချတော့တာကြောင့် ဘယ်ခရိုနီကို ဘာမှုနဲ့ ဘယ်သူက ဘယ်ခေါင်းစဉ်နဲ့ တရားစွဲဆိုပြီး အထူးစုံစမ်းထောက်လှမ်းရေး(စသုံးလုံး) ကို အထူးခွဲတမ်းချပေးခဲ့တယ်ဆိုတဲ့ သတင်းတွေ ပူပူနွေးနွေး ပေါက်ကြားလာတာ ရှိ‌ပါတယ်။

ဒါဆိုခရိုနီအဟောင်းတွေကို သူတို့ကိုဘာဆက်လုပ်မလဲ၊ ခြင်းထဲက ကြက်တွေ လိုပဲလိုအပ်ချိန်ရောက်ရင်တစ်ကောင်ပြီးတစ်ကောင်ချက်စားဖို့ သေချာသလောက် ရှိပါတယ်။ ခင်ဗျားတို့ မယုံရင် စောင့်ကြည့် ခရိုနီအဟောင်းတော်တော်များများ မှေးမှိန်ပျောက်ကွယ်သွားလိမ့်မယ်။ မပျောက်ကွယ်ရင်တောင် ကြီးထွားမှုနှုန်းတွေ ရပ်တန့် လျော့ကျသွားကြပါလိမ့်မယ်။

အဲ့ဒီလိုဆိုရင် ဘာဆက်ဖြစ်လာမယ်ထင်သလဲ၊ အနီဘက်ကို လုံးလုံးမပေါင်းခဲ့တဲ့ ခရိုနီတွေ ခရိုနီလက်သစ်တွေကို နေရာပေးတာနဲ့ မွေးမြူတာတွေ စတင်ပါတော့မယ်။ ဒါဆိုရင် ခရိုနီအသစ်က ဘယ်သူတွေဖြစ်လာမှာလဲ ဆိုတာ စောင့်ကြည့်ကြ တာပေါ့။

ကျွန်တော့်သုံးသပ်ချက်က အခုအခြေအနေတွေအတိုင်း ဆက်သွားနေခဲ့ရင်ဆိုတဲ့ အပေါ် သုံးသပ်ချက်သာ ဖြစ်ပါတယ်။ အခုအခြေအနေတွေ ပြောင်းသွားရင် တော့ တစ်မျိုးထပ် ဖြစ်လာမှာပါ၊ အဲဒီအချိန်ကြရင်လည်းခရိုနီတွေအားလုံးဟာ‌ ပြည်သူစစ်တဲ့စာမေးပွဲကို နောက်ထပ်တခါဖြေကြရပါလိမ့်မယ်။ (Min Din)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page