ဂိုးပြတ်ရုံမက ခြေစွမ်းလည်း အပြတ်အသတ်ကွာပြီး ရှုံးခဲ့ရတဲ့ အာရှဆီပုလင်းကြီး
၁၀-၇-၂၀၂၂ ရက်နေ့ မနေ့က မြန်မာစံတော်ချိန် ည ၇ နာရီခွဲမှာ ကစားခဲ့တဲ့ အသက် ၁၉ နှစ်အောက် လူငယ် ဘောလုံးပြိုင်ပွဲ အုပ်စု (က) ပွဲစဉ်မှာ အိမ်ရှင်အင်ဒိုနီးရှား အသင်းက မြန်မာအသင်းကို ၅-၁ ဂိုးနဲ့ အနိုင် ရရှိခဲ့ပါတယ်။
ပွဲအစ (၈) မိနစ်မှာ မြန်မာအသင်းက ဦးဆောင်ဂိုး စတင်သွင်းယူခဲ့ပေမယ့် ခဏအကြာမှာတော့ အင်ဒိုနီးရှား အသင်းက ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ဆက်တိုက် သွင်းယူခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ပထမပိုင်း အပြီးမှာပဲ အင်ဒိုနီးရှားအသင်းက ၄-၁ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ အင်ဒိုနီးရှားအသင်းက တဂိုးထပ်မံသွင်းယူခဲ့ပြီး ၅-၁ ဂိုးနဲ့ မြန်မာအသင်းဟာ ရှက်ရွံဖွယ် ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ အင်ဒိုနီးရှား အသင်းဟာ ယခုပွဲအနိုင်ရရှိပါက အုပ်စုတက်နိုင်ရေး မျှော်လင့်ချက် ရှိတာကြောင့် အစွမ်းကုန်ကစားခဲ့ကြပြီး ယခုလို ထိုက်ထိုက်တန်တန် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ (၅) ပွဲ ကစားပြီး အုပ်စုအတွင်း အင်အားအနည်းဆုံး အသင်းဖြစ်တဲ့ ဘရူနိုင်း အသင်းနဲ့ ဖိလစ်ပိုင် အသင်းတို့ကို အနိုင်ရရှိခဲ့ပေမယ်လည်း ရှုံးနေကျ အသင်းတွေ ဖြစ်တဲ့ ထိုင်းနဲ့ ဗီယက်နမ်တို့ကို ဂိုးပြတ်ရှုံးခဲ့ပြီးနောက် မိမိအသင်းထက် ခြေစွမ်းနိမ့်လေ့ ရှိတဲ့ အင်ဒိုနီးရှားအသင်းကိုလည်း ဂိုးပြတ် ခြေပြတ် ရှံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။
အသက် ၁၉ နှစ်အောက် အသင်း ဖြစ်ပေမယ့် မြန်မာအသင်းဟာ သက်လွန် ကစားသမားများကို ထည့်သွင်း အသုံးပြုထားပြီး ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာတောင် အုပ်စုအောက်ဆုံးနားမှာ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဘောလုံး အသင်း တသင်း အောင်မြင်မှု ရရှိဖို့ဆိုတာ ကစားသမားနဲ့ နည်းပြသာမက ပံ့ပိုးပေးတဲ့ အဖွဲ့အစည်းနဲ့ ဘက်မလိုက်ဘဲ ရွေးချယ်ရမယ့် အဖွဲ့အစည်းတွေ ရှိမှသာ အောင်မြင်မှာ ဖြစ်ပါတယ်။ လက်ရှိ မြန်မာဘောလုံး အသင်းတွေကတော့ အထက်ပါ အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍတွေ မှေးမှိန်လျက် ရှိတာကြောင့် အောင်မြင်မှုနဲ့ ဝေးကွာပြီး ပြိုင်တိုင်း ရှုံးနေမှာပဲ ဖြစ်ပါတယ်။