လိုင်းပေါ် ပျံ့နေတဲ့ ရွံစရာ ပုစွန်ခြောက်လုပ်နည်းကိစ္စ မြိတ်က ပုစွန်ခြောက်လုပ်ငန်းရှင်များ ဒဲ့ရှင်းပြီ
မနေ့က အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ပုစွန်ခြောက် လုပ်နည်း ဗီဒီယိုဖိုင်ဟာ လူအများကြားမှာ ပြောစရာ တခု ဖြစ်နေပါတယ်။ သန့်ရှင်းမှု မရှိတဲ့ ပုစွန်ခြောက် လုပ်နည်းကြောင့် လူအများအပြားက ပုစွန်ခြောက် စားရမှာတောင် လန့်နေပြီလို့ မှတ်ချက်ပေးကြပါတယ်။
ဒါပေမယ့် ဗီဒီယိုထဲမှာ ပါတဲ့ ပုစွန်ခြောက်လုပ်နည်းဟာ လွဲမှားနေကြပြီး ပုစွန်ခြောက် လုပ်ငန်းရှင် အားလုံးနီးပါးဟာ ယခုကဲ့သို့ မသန့်ရှင်းတဲ့ လုပ်ငန်းစဉ်တွေနဲ့ လုပ်ကြတာ မဟုတ်ဘူးလို့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။
ပုစွန်ခြောက် လုပ်နည်းဟာ တယောက်နဲ့ တယောက် အနည်းငယ် ကွဲပြားကြပေမယ့် မြေကြီးပေါ်မှာ ဖြစ်သလို ပုံထားပြီး တံမြက်စည်းနဲ့ လှည်းထုတ်၊ ခြေထောက်နဲ့ နင်းပြတဲ့ အကွက်တွေဟာ လူစိတ်ဝင်စားအောင် အပို လုပ်နေကြတာ ဖြစ်တယ်လို့ အဆိုပါ လုပ်ငန်းရှင်က ပြောပါတယ်။ ပုစွန်ခြောက် အမှန်တကယ်လုပ်နည်းကို တတ်သိနားလည်တဲ့ သူတွေ ရှင်းပြထားတဲ့ အကြောင်းအရာများကို အောက်မှာ ဖော်ပြ ပေးလိုက်ပါတယ်-
ပုစွန်ခြောက်ကလေ တနေရာထဲက ထွက်တာ ဟုတ်ဘူးနော်၊ ကြပ်စင်နဲ့ လှန်းတဲ့ဟာတွေ ရှိသလို ပလပ်စတစ် (တာလပတ်အစ) တွေ ခင်းပြီး လှန်းတာ ဝါးထရံတွေ ခင်းပြီး လှန်းတာတွေ ရှိပါတယ်။ (ငိတောင် ခြေနင်းငပိ/ လက်ထောင်းငပိဆိုပြီး ရှိသေးတာ)
ခြေနင်းငပိက ခြေထောက်နဲ့ တက်နင်းတာ မဟုတ်ဘူးနော်။ မောင်းထောင်းတဲ့ မောင်းတံ အဖျားမှာ အားစိုက်ထောင်းရတဲ့သူက ရပ်ပြီး ခြေအားနဲ့ ထောင်းရတာမျိုးပါနော်။ ပုစွန်ခြောက်လုပ်တဲ့ ရွာက တရွာထဲ တနေရာထဲ ဟုတ်ဖူးနော်။ ပြီးတော့ ဖောင်ပုစွန်ခြောက်/ကျားပုစွန်ခြောက် စသဖြင့် အမျိုးမျိုး ရှိပါသေးတယ်နော်။ အကုန်သိမ်းကျုံးပြီး အဲလိုဆိုပြီး မထင်စေလိုပါ။ (Li Li Lutar)
ပုစွန်ခြောက်လုပ်ပုံ တစ်နေရာနဲ့တစ်နေရာမတူပါဘူးခင်ဗျာ။ တစ်ခြားတစ်နေရာက ပုစွန်ခြောက်လုပ်ပုံအဆင့်ဆင့်ပြပေးထားပါတယ်။
တစ်ချို့နေရာတွေမှာ ခြေနှင့်လည်းမနင်းသလို မြေကြီးပေါ်လည်း မလှန်းပါဘူးခင်ဗျာ ပုစွန်ပိုက်ဖမ်းလာတာကို အမှိုက်ရွေး ငါးရွေးပြီး ပုစွန်ချည်း မိုးဗြဲဒယ်ထဲထည့်ပြုတ်ပါတယ်။ ပြီးရင် နှီးဖျာ သို့ မိုးရေကာဖျင်ပေါ် စင်ပေါ်တင်ပြီးလှန်းပါတယ်။
တစ်နေတည်းမခြောက်ရင် နောက်နေ့ထပ်လှန်းရတာမို့ ဒီလိုလှန်းကိုလှန်းရပါတယ် သိမ်းရလည်းလွယ် ပြန်လှန်းရလည်းလွယ်ပါတယ်။ video ထဲကလိုတော့ မြေကြီးပေါ်လှန်းပြီး သိမ်းရခက်တယ်ဆိုတာ စဉ်းစားကြည့်ပေါ့နော်။
ခြောက်သွားရင်တော့ ပီနံအိတ်ခွံထဲထည့်ပြီးဖွတ်ရပါတယ် ပုစွန်ခြောက်ရပါပြီ အနည်းအကျဉ်း လုပ်နည်းကွာပေမယ့် ဒီလိုညစ်ညစ်ပတ်ပတ်လုပ်ထားတာမဟုတ်ဘူးဆိုတာတော့ သေချာပါတယ် အောက်ကပုံလေးတွေမှာ ဘယ်လိုလှန်းတယ်ဆိုတာကြည့်ရှုနိုင်ပါတယ်။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)