တောင်ကြီးမှာ ၉၂ ဓာတ်ဆီ တလီတာ ၂၅၀၀ ကျော်ဖြစ်၊ ဒီဇယ်ဈေး စံချိန်တင် မြင့်တက်သွား

မြို့တော်တောင်ကြီးတွင် ယခုရက်ပိုင်းအတွင်း အောက်တိန်း 92 ဓာတ်ဆီ တစ်လီတာလျှင် ငွေကျပ် ၂၅၀၀ ကျော် အထိ ဈေးနှုန်း မြင့်တက်လာ‌နေကြောင်း သိရပါတယ်။

“အခု ဓာတ်ဆီစျေးနှုန်းက နေ့တိုင်းလိုကို တက်နေတာ။ ဒီနေ့ ဆိုင်ကယ်ထဲ ဆီ သွားထည့်တော့ ၂၇၅၀ တဲ့။ နောက် တစ်ဆိုင်သွားတော့ တစ်လီတာကို ၂၇၀၀ ။ ဆီဈေးက ဒီလောက် တက်နေတော့ အလုပ် အသွား/ပြန် အတွက်တောင် သိပ် မလွယ်တော့ဘူး” ဟု တောင်ကြီးမြို့မှ ပုဂ္ဂလိက ဝန်ထမ်း တစ်ဦးက ပြောပါတယ်။

ယင်းကဲ့သို့ စက်သုံးဆီ ဈေးနှုန်း နေ့စဉ် မြင့်တက်လာနေသည့်အပြင် လိုသလောက် ဝယ်ယူ၍ မရသည့် အခက်အခဲများလည်း ရှိနေကြောင်း သိရပါတယ်။ တောင်ကြီးမြို့ပေါ်ရှိ စက်သုံးဆီ အရောင်းဆိုင် အချို့ ပြီးခဲ့သည့် ရက်ပိုင်းက ပိတ်ထားခဲ့ပြီး ယနေ့ ဇွန်လ ၈ ရက်တွင် ပြန်ဖွင့်ထားသော်လည်း စက်သုံးဆီ ရောင်းချပေးနိုင်ခြင်း မရှိသေးကြောင်းလည်း သိရပါတယ်။

“ဆီဈေးက မတူနေဘူး၊ ဆိုင် တစ်ဆိုင်မှာ လိုသလောက် ဝယ်လို့ ရသလို၊ နောက်ဆိုင်မှာ ဝယ်လို့ မရတာလည်း ရှိတယ်။ ပြီးတော့ တချို့ ဆိုင်တွေမှာ ဈေး သက်သာနေပေမဲ့ တချို့ဆိုင်ကြတော့ ကြီးနေပြန်ရောပဲ။ ” ဟု မြို့ခံ တစ်ဦးက ပြောပါတယ်။

တောင်ကြီးမြို့လယ်ရှိ စက်သုံးဆီ အရောင်းဆိုင် တစ်ခုတွင် ယနေ့ ဇွန်လ ၈ ရက်၌ တစ်လီတာ ဈေးနှုန်း အနေဖြင့် ရိုးရိုးဒီဇယ် ၂၆၅၅ ကျပ်၊ ပရီမီယံဒီဇယ် ၂၆၈၀ ကျပ်၊ အောက်တိန်း (92) ၂၂၈၅ ကျပ်၊ အောက်တိန်း (95) ၂၃၈၀ ကျပ်နှုန်းဖြင့် ရောင်းချနေပြီး ဆီပန့် အသေးများနှင့် လက်လီ ရောင်းချသည့် ဆိုင်များတွင် အောက်တိန်း 92 ဓာတ်ဆီ တစ်လီတာလျှင် ၂၇၀၀ မှ ၂၇၅၀ ကျပ်နှုန်းအထိ အသီးသီး ရောင်းချနေကြောင်း သိရပါတယ်။

ပြည်တွင်းစက်သုံးဆီဈေးကွက်မှာတော့ ဒီဇယ်ဈေးတွေဟာ အရင်နေ့ကထက် ဆက်လက်မြင့်တက်နေပါတယ်။ ဇွန် ၇ ရက် ပေါက်ဈေးအရ ရန်ကုန်မှာ ရိုးရိုးဒီဇယ်တစ်လီတာကို ကျပ်၂၅၇၀ ရှိပြီး ပရီမီယံဒီဇယ်တစ်လီတာကို ကျပ်၂၆၀၀ အထိ ဈေးနှုန်းတွေ မြင့်တက်နေတာပါ။

နေပြည်တော်၊ မန္တလေးနဲ့ တခြားမြို့ကြီးတွေမှာလည်း ဒီဇယ်ဈေးနှုန်းတွေက တစ်လီတာကို ကျပ်၂၆၀၀ ကျော် ဈေးရှိပါတယ်။ အခုလက်ရှိဒီဇယ်ဈေးနှုန်းဟာ ဒေသတွင်းအိမ်နီးချင်းထိုင်းနိုင်ငံထက် ပိုများနေတာဖြစ်ပြီး တစ်ပတ် အတွင်းဈေးနှုန်းတွေအရ မြန်မာနိုင်ငံမှာ ဒီဇယ်တစ်လီတာကို ၁.၂၉၅ ဒေါ်လာရှိပြီး ထိုင်းနိုင်ငံမှာတော့ ဒီဇယ် တစ်လီတာကို ၀.၉၆၆ ဒေါ်လာရှိတာဖြစ်ပါတယ်။

ဇွန် ၇ ရက် ရန်ကုန်စက်သုံးဆီဈေးကွက်မှာတော့ အောက်တိန်း 92 တစ်လီတာကို ၂၂၃၅ကျပ်၊ အောက်တိန်း 95 တစ်လီတာကို ကျပ်၂၃၃၀၊ ရိုးရိုးဒီဇယ်တစ်လီတာကို ကျပ်၂၅၇၀ နဲ့ ပရီမီယံဒီဇယ်တစ်လီတာကို ကျပ်၂၆၀၀ ဈေးရှိတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထား ပါတယ်။

မြန်မာပြည် စက်သုံးဆီ ဈေးနှုန်းဟာ မကြုံစဖူး ထူးကဲစွာ တက်လျက် ရှိပြီး နေ့စဉ် စံချိန်ချိုးအောင် တက်နေတာပဲ ဖြစ်ပါတယ်။ အဆမတန် တက်နေတဲ့ စက်သုံးဆီ ဈေးနှုန်းကြောင့် နိုင်ငံတွင်း ကူးသန်းရောင်းဝယ်မှုတွေ ရပ်ဆိုင်းလုနီးပါး ဖြစ်နေပြီး ကုန်ဈေးနှုန်းတွေလည်း မတရား တက်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page